(အဲဒီအချိန်တုန်းက ကျနော်တို့အားလုံးရဲ့ရည်ရွယ်ချက်က မြန်မာပြည်မှာ စစ်အာဏာရှင်စံနစ်ဆိုးကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ပြည်မှာ စစ်ပညာသွားသင်ကြပြီး မြန်မာ့တပ်မတော်ဖွဲ့၊ ပြီးတော့ ဖက်ဆစ်ဂျပန်နဲ့ ဗြိတိသျှနယ်ချဲ့တို့ကိုတော်လှန်ကြသလို ကျနော်တို့လည်း နယ်စပ်မှာ စစ်ပညာသင်၊ ပြီးရင် ပြည်တွင်းပြန်ဝင်ပြီး ပြည်သူထူထုနဲ့အတူ လက်နက်ကိုင်တိုက်ပွဲဝင်ကြမယ်၊ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုင်း-မြန်မာနယ်စပ်ကို ထွက်လာကြတာပါ။)
ကျနော်တို့ စမ်ခပူရီကိုသွားဖို့ လှေစစီးရတဲ့နေရာက စမ်ခအင်းကြီးအစပ်မှာပါ။ လှေတွေရောက်လာတော့ အုပ်စု တစုပြီးတစု လှေတစီးစီပေါ်တက်ကြပြီး မိနစ် ၂ဝ လောက် အင်းကြီးကိုဖြတ်ကြတယ်၊ အင်းက တော်တော်ကိုကျယ်တယ်။ အင်းထဲမှာပဲ တောင်ကုန်းတွေ တော်တော်များများတွေ့ရတယ်။ နောက် ကျနော်တို့ စမ်ခပူရီ (မြန်မာကမ်း) ကိုရောက်ကြတော့ ဝါးဖောင်တွေပေါ်မှာ ဆောက်ထားတဲ့ တဲအိမ်လေးတွေ အများကြီးတွေ့ရတယ်၊ ဝါးဖောင်အိမ်လို့ပဲ ခေါ်ပါတော့။ ကျနော်တို့စီးလာတဲ့လှေကိုမောင်းတဲ့လူက ကိုန တဲ့။ သဘောကောင်းတယ်၊ မွန်တိုင်းရင်းသားတယောက်။
လှေကို သူနေတဲ့ သူ့ဝါးဖောင်အိမ်ရှေ့မှာ ကပ်တယ်၊ အားလုံးဆင်းကြပြီး အလျှိုအလျှို ကမ်းပေါ်တက်သွားကြတယ်။ ကြည့်ရတာ သူတို့အဆက်အသွယ်တွေ၊ အမျိုးတွေရှိကြတယ် ထင်တာပဲ။ ကျနော်တို့အုပ်စုပဲ ဘယ်သွားလို့ ဘာလုပ်ရမှန်း မသိကြဘူး။ ကိုနက ရိပ်မိတယ်၊ ကျနော်တို့ ရန်ကုန်ကလာတဲ့ ကျောင်းသားအုပ်စုလို့ပြောလိုက်တော့ သူ့အိမ်မှာ တည တည်းနိုင်ကြောင်းပြောပြီး သူ့အမျိုးသမီး ဇနီးကို မွန်ဘာသာနဲ့ လှမ်းပြောလိုက်သံကြားရတယ်။ သူ့ဇနီးကလည်း သဘောကောင်းပါတယ်၊ သူတို့ဖောင်အိမ်လေးက ဝါးဖောင်ပေါ်မှာဆောက်ထားတဲ့ ၂ ခန်းတွဲ တဲလေးပါ၊ တခန်းက သူတို့နေကြတယ်၊ နောက်တခန်းက ဂုံနီအိပ်တွေ၊ စက္ကူသေတ္တာတွေထားတဲ့အခန်း။
ကျနော်တို့ကို အဲဒီအခန်းမှာနေကြဖို့ပြောတော့ ကျနော်တို့လည်း ဝမ်းသာ ကျေးဇူးတင်ကြောင်းပြောပြီး အခန်းထဲက စက္ကူပုံးတွေ အခန်းဒေါင့်တနေရာမှာ ပုံထားလိုက်ကြပြီး ပါလာတဲ့ကျောပိုးအိတ်တွေ ခေါင်းအုံးလုပ်၊ သူတို့ရဲ့ ဂုံနီအိတ်အလွတ်တွေကို စောင်လုပ်ပြီးခြုံကြဖို့ စီစဉ်လိုက်ကြတယ်။ ကိုနတို့ဆီမှာကလည်း စောင်တွေ၊ ခေါင်းအုံးတွေ၊ ခြင်ထောင်တွေ အပိုရယ်လို့ရှိတာ မဟုတ်ဘူးလေ။ အပေါ့၊ အလေး ခင်းကြီး ခင်းငယ်သွားဖို့နေရာမေးကြည့်တော့ ကိုနက ဒီဖောင်ပေါ်မှာပဲတဲ့ ဖောင်အစွန်းနေရာကနေထိုင်ပြီး ခင်းကြီး ခင်းငယ်စွန့်ကြတာပဲတဲ့၊ ရှက်စရာမဟုတ်ပါဘူးလို့ပြောတယ်။ ကျနော်တို့ ယောင်္ကျားလေးတွေမှာ ပြဿနာမရှိပေမယ့် ရန်ကုန်သူ မရွှေကျောင်းသူများအတွက် ပြဿနာပါ။ ဒါနဲ့ အဲဒီအကြောင်း ကိုနကိုပြောပြတော့ ကိုနက ကမ်းပေါ်က အိမ်သာလေးတလုံးရှိတဲ့နေရာကို လက်ညှိုးထိုးပြတယ်၊ အဲဒီမှာသွားလို့ရပါတယ်တဲ့။ ကြည့်လိုက်တော့ သိပ်မဝေးပါဘူး၊ အမိုးမရှိပေမယ့် အကာတော့ရှိတဲ့အတွက် ကျောင်းသူလေးတွေအတွက် အဆင်ပြေသွားပါတယ်။
ကျနော်တို့ပစ္စည်းတွေ အခန်းထဲမှာထားခဲ့ပြီး ကိုနတို့ဝါးဖောင်ပေါ်ကနေ ကမ်းပေါ်တက်ကြည့်ကြတယ်။ စမ်ခပူရီ မြန်မာကမ်းဘက်ပေါ့။ အင်းကြီးကိုဖြတ်ပြီး သစ်သားတံတားကြီးထိုးထားတယ်။ ကား၊ ဆိုင်ကယ်တွေ ကူးသန်းသွားနေကြတာ တွေ့ရတယ်၊ တံတားဟိုဘက်ခြမ်းက ထိုင်းဘက်ခြမ်းပေါ့။ မြန်မာဘက်ကမ်း တံတားထိပ်နားမှာ လူငယ်တွေ စုစု စုစု တွေ့လို့ သွားကြည့်တော့ မြန်မာပြည်နေရာအနှံ့ကရောက်လာကြတဲ့ ကျောင်းသားလူငယ်တွေပါ။ ဆိုင်လေးက မကျဉ်းမကျယ်ပါပဲ။ ထိုင်းခေါက်ဆွဲပြုတ်တို့၊ လက်ဖက်ရည်တို့ရောင်းတဲ့ မြန်မာဆိုင်လေး။ ဆိုင်ရှင်က ကိုလှအိမ် (ကိုလှအေးလို့ခေါ်မလား မသိဘူး) ကျနော်တို့ကတော့ သူ့ကို ကိုလှအိမ်လို့ခေါ်တာ နှုတ်ကျိုးနေပြီ။ ကျောင်းသားလူငယ်တွေအပေါ် တော်တော်ကူညီပေးတဲ့ မွန်အမျိုးသားတယောက်ပါ။ သူ့ဇနီးရော သားသမီးတွေရော ဖော်ဖော်ရွေရွေရှိကြတယ်။
နောက်ပိုင်း သူ့သမီးအကြီးမ မစန္ဒာက ကျနော်တို့ကို မော်လမြိုင်ကနေ ကူညီခေါ်လာပေးတဲ့ တင်စိုးနောင်တို့၊ အောင်မျိုးဆန်းတို့အုပ်စုထဲက အောင်ဆန်းနဲ့ အိမ်ထောင်ကျတယ်။ သမီးလေးတယောက်ရပြီးချိန်မှာ အောင်ဆန်းလည်း တံတားကြီးပေါ် ဆိုင်ကယ်မှောက်ပြီး ဆုံးပါးသွားခဲ့တယ်။ သူဆိုင်ကယ်မှောက်တာ သွေးရိုးသားရိုးမဟုတ်ဘူးလို့ ပြောသံတွေကြားရပေမယ့် အဖြစ်မှန် ကျနော် မသိခဲ့ပါဘူး။ နောင်နှစ်တော်တော်ကြာမှ ကိုလှအိမ်ရဲ့သမီးအငယ် သီတာကတော့ ခု ရန်ကုန်မှာရောက်နေတဲ့ ဗဟုအဖွဲ့က အောင်သူငြိမ်းနဲ့ အိမ်ထောင်ကျတယ်။
ကိုလှအိမ်နဲ့ ကျနော်တို့ စကားတွေပြောကြပြီး စမ်ခဈေးဘက်သွားကြည့်တယ်။ ကျနော်တို့အုပ်စု ကိုယ့်ထမင်းကိုယ်ချက်စားကြမလား၊ ဝယ်ပဲစားကြမလား၊ ရန်ကုန်အုပ်စုက ကျနော်တို့ရော မိန်းကလေးတွေရော တယောက်မှ ထမင်းဟင်းမချက်တတ်ကြဘူးလေ။ ကဲ ဒီတရက်တော့ ဖြစ်သလိုပဲ ဝယ်စားလိုက်ကြတာပေါ့ဆိုပြီး ဆိုင်က ထမင်းနဲ့ဟင်းဝယ်ပြီး ကိုနတို့မိသားစုကိုပါ ဝိုင်းဖွဲ့လိုက်ကြပါတယ်။
နောက်နေ့ ရေချိုးကြဖို့ဆိုတော့ ကိုနက ဖောင်ပေါ်ကနေ ရေထဲ ခုန်သာချလိုက်တဲ့ ရေမကူးတတ်ရင် ဖောင်အစွန်းကနေ ရေကို ဖလားနဲ့ခပ်ချိုးလို့ပြောတော့ ကျနော် ၂ ခါ ရောက်ခဲ့ဖူးတဲ့ အင်းလေးကန်ကြီး သတိရမိပါရဲ့။ အပေါ့ အလေးစွန့်လည်း ဒီ ဝါးဖောင်အစွန်း၊ ရေချိုးတော့လည်း ဒီ ဝါးဖေါင်အစွန်း၊ သူ့ဟာသူတော့ ဟုတ်သွားတာပါပဲ။
နောက်နေ့ ကိုလှအိမ်ဆိုင်မှာ ထူးအိမ်သင်နဲ့ဆုံတော့ သူတို့အုပ်စုက အိမ်တလုံး ငှားနေကြတဲ့အကြောင်းပြောတယ်။ မနီးမဝေးမှာ ဆရာတော်ဦးဥတ္တမရဲ့ ဘုန်းကြီးကျောင်းရှိတော့ ဆရာတော်ကို ကျနော်တို့ သွားဖူးကြတယ်၊ ကျောင်းက တော်တော်ကြီးပါတယ်၊ ထိုင်းဘုရင်နဲ့ ဆွေတော်မျိုးတော်တွေ ကိုးကွယ်ကြတယ်လို့ ပြောတာကြားခဲ့ရတယ်။ တချို့ကျောင်းသားလူငယ်တွေက သံဃာတော်တွေ ဆွမ်းဘုန်းပေးအပြီး ဆွမ်းကျန်ဟင်းကျန်တွေကို နယ်ခံ ကျောင်းသားလေးတွေနဲ့အတူ စားနေကြတာလည်း တွေ့ခဲ့ရတယ်၊ ဒါပေမယ့် ဆွမ်းကျန်တွေနဲ့ ကျောင်းသားဦးရေနဲ့က မမျှဘူး။
ကျနော်တို့မှာပါလာတဲ့ပိုက်ဆံကလည်း တတိတိနဲ့ ကုန်တော့မယ်၊ ဘာလုပ်ငန်းစဉ်မှ မစကြရသေးဘူး။ မဲဆောက် မြဝတီဘက်ကိုထွက်သွားကြတဲ့ သူငယ်ချင်း ရဲဘော်ကျောင်းသားတွေနဲ့လည်း အဆက်အသွယ်က မရ။ နောက်ဆုံး စလုပ်ဖြစ်ကြတာကတော့ ပါလာတဲ့ ကျနော်တို့ရဲ့ လက်ပတ်နာရီတွေ၊ လက်စွပ်တွေ ထုတ်ရောင်းကြရတာပါ။ ကျနော့် အိုမီဂါ အော်တိုမတ်တစ်နာရီလေး ထိုင်းဘတ်ငွေ ၃ဝဝ နဲ့ ရောင်းလိုက်တယ်၊ လက်စွပ်ကတော့ အမေ့အမွေမို့ ချန်ထားလိုက်တယ်။
နောက် ကျနော် ရဲလွင်တို့နဲ့တိုင်ပင်ပြီး တယောက်ထဲ ဘန်ကောက်တက်ဖို့ စီစဉ်တယ်။ ဖြစ်ချင်တာဖြစ် လမ်းမှာ ဖမ်းချင်လည်း ဖမ်းပစေ၊ စွန့်ပြီးသွားမှရမယ်၊ ဘန်ကောက်သွားတဲ့ ဘတ်စ်ကားနဲ့ လက်မှတ်ဝယ်ပြီး လိုက်သွားမယ်၊ ဘန်ကောက်ကနေ မဲဆောက်ကို ဆက်မယ်၊ ဟိုရောက်ရင် ကျနော်တို့ရဲဘော် တယောက်မဟုတ်တယောက်တော့ တွေ့မှာပဲဆိုပြီး ကျနော် ဘန်ကောက်ကို ဘတ်စ်ကားလက်မှတ်ဝယ်ပြီး စွန့်စားလိုက်တော့တယ်။ ကျနော့်မှတ်ပုံတင်ရော၊ ကျောင်းသားကဒ်ရော ရဲလွင်ဆီမှာ အပ်ထားခဲ့ပြီး တယောက်ထဲ လမ်းမှာ အဖမ်းခံရချင်လဲခံရပစေတော့ဆိုပြီး စွန့်စွန့်စားစား ဘန်ကောက်ကို ချီတက်ခဲ့ပါတော့တယ်။
ဆက်ပါဦးမည်။
မင်းကျော်ခိုင်
No comments:
Post a Comment