“ကျနော်ဟာ ခင်ဗျားတို့လို တက္ကသိုလ်ပညာလည်း မသင်ဖူးဘူး၊ ဆင်းရဲတယ်။ လေးတန်းအထိပဲ ကျောင်းတက်ဖူးတယ်၊ သူများအိမ်က ကျွဲ၊ နွား၊ ဆိတ်တွေ ကျောင်းပြီး အိမ်အတွက် ဝင်ငွေရှာခဲ့ရတယ်။ ငယ်ငယ်ကတည်းက သူများလို အဝတ်အစား ကောင်းကောင်းမဝတ်ခဲ့ရဘူး၊ ဟင်းကောင်းကောင်း မစားရဘူး ... အမိုးလုံတဲ့အိမ်နဲ့ မနေဖူးဘူး”
ကျနော်တို့အားလုံး ... ခွပ်ဒေါင်းအလံကြီး နောက်ခံထားပြီး ခံစားချက်အပြည့်နဲ့ပြောနေတဲ့ ဗလတောင့်တောင့်၊ တုတ်တုတ်ခိုင်ခိုင်၊ အရပ်ပြတ်ပြတ်နဲ့ ဇော်မြင့်ရဲ့မျက်နှာကို ငေးကြည့်နေတယ်။ ခန်းမအလယ် မျက်နှာကျက်ကနေ ချိတ်နဲ့ဆွဲထားတဲ့ လသာမှန်အိမ်ကြီးရဲ့ အလင်းရောင်အောက်မှာ ဇော်မြင့် မျက်ရည်ဝေနေတာကို မြင်ရတယ်။
“ကျနော် တမူးနယ်စပ်မှာ ကုန်ထမ်းပြီး ထမင်းရှာစားနေတာ၊ တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြလို့ စစ်တပ်က သေနတ်နဲ့ပစ်သတ်တယ်ကြားတော့ ကျနော် အံ့သြတယ်။ ဒီနယ်စပ်မှာ စစ်သားတွေနဲ့ ဓားပြတွေ၊ ကသဲ သူပုန်တွေပဲ တိုက်ပွဲဖြစ်တာ ကြားဖူးတာ၊ တက္ကသိုလ်မှာ တိုက်ပွဲဖြစ်တာ အံ့သြတယ်”
အားလုံး ပြုံးစိစိဖြစ်သွားတယ်။
“ကျောင်းသားတွေ ... စစ်သင်တန်းတက်မယ်ကြားလို့ မိုးရေးဘက်ကို လာကြည့်တော့၊ အသက်ငယ်ငယ်လေးတွေ ဖြစ်နေတယ်။သူတို့ကိုကြည့်ပြီး ကျနော် သနားတယ်။ ကျနော်လည်း တခုခုလုပ်ချင်နေတယ်”
ဗလုံးဗထွေးလေသံနဲ့ ဇော်မြင့်ရဲ့ စိတ်အားထက်ထက်သန်သန် ပြောနေတာကို အားလုံးက သဘောကျနေတယ်။
“ကျနော့်အထမ်းသမားဘဝကို ကျနော် မကျေနပ်ဘူး။ ဒါကြောင့် ခင်ဗျားတို့နဲ့အတူ ထမင်းပဲ ချက်ရချက်ရ၊ ရေပဲ ခပ်ရခပ်ရ၊ ထင်းပဲ ခွဲရခွဲရဆိုပြီး လိုက်ခဲ့တာပါ။ ကျနော့်ကို ခိုင်းချင်တာ ခိုင်းပါ။ တော်လှန်ရေးအတွက် ဘာလုပ်ရလုပ်ရ နောက်ကနေ လိုက်လုပ်ပါ့မယ်၊ ကျနော် အထမ်းသမားပါ။ ကျန်းမာရေး ကောင်းပါတယ်”
ပြောပြီးပြီးချင်း ဦးညွှတ်အလေးပြုလိုက်တဲ့ ဇော်မြင့်ရဲ့ဟောပြောမှုအဆုံးမှာ တခြားနေ့တွေထက် လက်ခုပ်သံက သိသိသာသာကြီး ကျယ်လောင်နေတာကို သတိထားမိတယ်။
ဒါက ညဦးပိုင်း မအိပ်ခင် ရဲဘော်အားလုံး အလှည့်ကျ မိမိအတွေ့အကြုံနဲ့ အတွေးအမြင်တွေ ပြောရတဲ့အချိန်၊ မပြောမနေရမို့ မရဲတရဲထွက်ပြောလိုက်ရတဲ့ ဇော်မြင့်ရဲ့ အရိုးသားဆုံး ရင်ဖွင့်သံပါ။
ကျနော်တို့ဒုက္ခသည်စခန်းမှာ လူအတန်းအစား အစုံပါသလို စရိုက်အမျိုးမျိုး၊ အလုပ်အမျိုးမျိုးနဲ့ပါ။ ကျောင်းဆရာ၊ ဆရာဝန်၊ စာရေးဆရာ၊ ကဗျာဆရာ၊ အင်ဂျင်နီယာ၊ ရုံးဝန်ထမ်း၊ လက်နှိပ်စက်သမား၊ စစ်ထွက်၊ ဈေးသည်၊ ပန်းချီဆရာ၊ ပန်းရံဆရာ … အစုံအစုံ။ အစောပိုင်းကာလ တက်တက်ကြွကြွနဲ့ဆိုတော့ ကျနော်တို့ နေ့စဉ်အလုပ်တွေကလည်း … အချိန်ပြည့်။
မနက်အိပ်ရာထ မျက်နှာသစ်ပြီးရင် တန်းစီပြီး ခွပ်ဒေါင်းအလံနဲ့ နိုင်ငံတော်ကို အလေးပြုတယ်။ ကျောင်းသားသမဂ္ဂသီချင်း၊ ကျောင်းသားတပ်ဦးသီချင်းတွေ ဆိုတယ်။
နောက် ... ဦးစီးအဖွဲ့က ဆရာထူးဖြစ်စေ၊ ဒေါက်တာအောင်ကျော်ဦးဖြစ်စေ လိုအပ်ရင် လိုအပ်သလို စကားပြောတယ်။ တပ်စုခေါင်းဆောင်တွေကလည်း စည်းကမ်းတချို့ ပြောတတ်တယ်။ အဲဒီနောက်မှာ ကသဲအရာရှိနဲ့ စစ်သားတချို့ လူလာစစ်တယ်။ သတင်းဖြစ်ဖြစ်၊ ထူးခြားမှုဖြစ်ဖြစ်၊ စည်းကမ်းချက် တခုခုဖြစ်ဖြစ်၊ ပြောစရာရှိရင် ပြောတယ်။ ပြီးတော့မှ ‘ကျငမ်း’ လေးသောက်ပြီးရင် သင်တန်းဆရာ ညီညီလွင်ရဲ့ ကျန်းမာရေးလေ့ကျင့်ခန်း လုပ်တယ်။ ဘယ်ညာ၊ ဘယ်ညာ လျှောက်၊ တောင်ကုန်းအထက်နဲ့ အောက်ပြေး၊ ကိုယ်ကာယလေ့ကျင့်ပေါ့။
ပြီးရင် သာလွန်ဂျု(စ်)သောက်။
ပြီးရင် ဘုန်းကြီး ဦးအာလောကရဲ့ ကိုယ်ခံပညာ မြန်မာ့ သိုင်းသင်တန်းမှာ ဝါးရင်းတုတ် အတို၊ အရှည်တွေနဲ့ ... ယီး … ယား၊ ဖြောင်း ... ဖြောင်း အသံတွေ လာမယ်။ ဦးအာလော သင်တန်းပြီးရင် ဆရာထူးက နိုင်ငံရေးသင်တန်းနဲ့ သမိုင်းကို ပို့ချတယ်။ ပြီးရင် စခန်းပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်။ နေ့လည်စာ ထမင်းစား။ ခဏတဖြုတ်နားပြီး နေ့လည် တနာရီကျတော့ ဒေါက်တာအောင်ကျော်ဦးရဲ့ ရှေးဦးသူနာပြုသင်တန်း၊ ကိုဘရန်ရဲ့ အင်္ဂလိပ်စာသင်တန်းတွေက ရှိပြန်သေးတယ်။
ပန်းချီဆရာ စစ်ငြိမ်းအေးရဲ့ ပန်းချီသင်တန်းကလည်း လူ အင်မတန်စီပါ့။ ကျနော်လည်း အစပိုင်းတော့ သွားတက်လိုက်သေးတယ်။ တရက်လာလည်း မျဉ်းကြောင်းပဲ ဆွဲခိုင်း၊ နောက်တရက်လည်း မျဉ်းကြောင်းပဲဆွဲ၊ နောက်တပတ်လည်း မျဉ်းကြောင်းဆွဲနည်းကမတက်တော့ စိတ်လေပြီး ပန်းချီသင်တန်း မတက်တော့ဘူး။
ဇွဲကောင်းတဲ့ သင်တန်းသား၊ လေးယောက် ငါးယောက်လောက်တော့ မျဉ်းတွေဆွဲပြီး ကျန်ခဲ့တယ်။ အဲဒီထဲမှာ ပန်းချီ ထိန်လင်း ပါတာပေါ့။ အဲဒီဇွဲကပဲ သူ့ကို ပန်းချီဆရာဘဝကို ပြောင်းပေးလိုက်တာ။ နောက်ထပ် ဇွဲကောင်းတဲ့ ဇော်ကြီးဆိုတာ ရှိသေးတယ်။ နောက်ပိုင်း နယူးဒေလီက ဆန္ဒပြပွဲတွေ၊ အခမ်းအနားတွေဆို သူ့လက်ရာတွေပေါ့။
ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်သန်းရွှေ၊ ထောက်လှမ်းရေး ခင်ညွန့်ပုံတွေ အလွတ်ရတယ်။ ဇော်ကြီး အရင်ဆုံး အလွတ်ဆွဲတတ်တဲ့ပုံက ‘ကယ်တင်ရှင် ခရစ်တော်ယေရှု’ ပုံဖြစ်တယ်။ လက်ဝါးကားတိုင်နဲ့ပုံ၊ ရှေ့တည့်တည့်မျက်နှာ၊ ဘေးတိုက်မျက်နှာနဲ့ ယေရှုပုံ အမျိုးမျိုးဆွဲပြီး မဏိပူရပြည်သား ခရစ်ယာန်ဘာသာဝင် အသိတွေကို လက်ဆောင်ပေးတယ်။ ဟိုကလည်း သူ့ကို လက်ဖက်ရည်ဖိုးလေး ဘာလေးပေးတယ်။
တခါကျတော့ … ခပ်နောက်နောက် နာဂ စစ်သားတယောက်က ဇော်ကြီးဆွဲတဲ့ ယေရှုပုံအောက်မှာ ‘ယေရှုခရစ်တော်၏ပုံ’ လို့ စာရေးခိုင်းတယ်။ ပန်းချီဇော်ကြီးကလည်း အူကြောင်ကြောင်နဲ့ ရေးပေးလိုက်တယ်။ ပြီးတော့မှ နာဂစစ်သားက ဇော်ကြီးကို “အင်း … အခုမှ ယေရှုပုံမှန်း လူတွေသိကြမှာ” လို့ ပြောလိုက်တယ်။ ဇော်ကြီး ပုံတူဆွဲရင် အဲလို။ ပုံအောက်ကနေ ဘယ်သူဘယ်ဝါဆိုတာ နာမည်ရေးပေးရတယ်။
ကျနော်တို့ ပြောက်ကျားရဲဘော်တွေရဲ့ သင်တန်းတွေက အဲဒါတင်ဘယ်ကမလဲ ... နောက်ပိုင်း လူပညာရှိ၊ ရဟန်းပညာရှိတွေ ရောက်လာတော့ သင်တန်းချိန်တွေ တိုးလာတော့တာပဲ။ ဘုန်းကြီးဦးရေဝတရဲ့ လက္ခဏာ၊ ဗေဒင်သင်တန်း၊ ရဲမြင့်စိုးရဲ့ မြန်မာ့လက်ဝှေ့၊ ကရာတေးသင်တန်း၊ အောင်သန့်မင်းရဲ့ တိုက်ကွမ်ဒို သင်တန်း၊ ဇော်ဝင်းဆက်ရဲ့ ... မျက်လှည့်သင်တန်းတွေပါ တိုးလာတယ်။
လက္ခဏာဆိုလို့ ပြောရအုံးမယ်။ ဦးဇင်းဦးရေဝတဆီ နေ့လည်နေ့ခင်း အားတာနဲ့ လူတိုင်းလူတိုင်း မယောင်မလည်နဲ့ လက္ခဏာ သွားမေးလေ့ရှိတယ်။ အဲဒီထဲမှာ ဗေဒင်လက္ခဏာ မယုံဘူးဆိုတဲ့ လူတွေတောင် ပါလိုက်သေး။ စခန်းက လူတော်တော်များများရဲ့ လက္ခ္ခဏာတွေ ဦးဇင်းကြည့်ဖူးတယ်။တခါတော့ ဦးဇင်းက စိတ်ပျက်လက်ပျက်နဲ့ ကျနော့်ကို ပြောတယ်။
“ကျုပ်တို့အဖွဲ့တော့ လက်နက်ကိုင်ရမယ် မထင်ဘူးဗျ”
“ဘာဖြစ်လို့လဲ ဦးဇင်း”
ဦးဇင်းက စိတ်ပျက်လက်ပျက်လေသံနဲ့ ဆက်ပြောတယ်။
“ကျုပ် ကြည့်ခဲ့တဲ့လက္ခဏာတွေထဲမှာ အားလုံးက ဥပစ္စေယကံနဲ့ လွတ်နေတယ်”
ဥပစ္စေယကံဆိုတာ သူတပါးလုပ်ကြံမှုနဲ့ အနိစ္စရောက်နိုင်တဲ့ကံကို ဆိုလိုတာပါ။ ဒီတော့ ဒီအရပ်မှာ လက်နက်ကိုင် တော်လှန်ရေး မဖြစ်တော့ဘူးဆိုတဲ့သဘော၊ အားလုံးက မျှော်လင့်ထားသလို ရန်သူနဲ့ ရင်ဆိုင်တိုက်ပွဲဝင်ရမယ့် အခြေအနေမျိုး မရှိဘူးလို့ ဆိုလိုတာပါပဲ။
ကျနော်တို့နေတဲ့စခန်းရဲ့ (ဆေးရုံအဆောက်အဦ)အောက်မှာ ဘော်လုံးကွင်း အကျယ်ကြီး ရှိတယ်။ ဘော်လုံးကွင်းက တောင်ကုန်းကျယ်ကြီးတခုကို မြေညီညှိထားပုံရတယ်။ ဘော်လုံးကွင်းအောက်မှာ မဏိပူရအမှတ် (၈) ရိုင်ဖယ်တပ်စခန်း၊ ကင်န်တင်း၊ လူပျိုရိပ်သာ။ တပ်စခန်းရဲ့ ညာဘက်ခြမ်းမှာ အလုပ်သမား အိမ်ထောင်သည်တန်းလျား၊ ဘယ်ဘက်ခြမ်း တောင်ကုန်းမြင့်လေးမှာလည်း သွပ်မိုးပျဉ်ကာနဲ့ စစ်သားတန်းလျားတွေ ရှိတယ်။ ချန်ဒယ်သွားတဲ့ ကားလမ်းဘေးကနေ အမှတ်(၈) ရိုင်ဖယ်တပ်ရင်း၊ တောင်ကြောလမ်းလေးအတိုင်း တက်သွားရင် တောင်ကုန်းထိပ်မှာ ကျနော်တို့စခန်း၊ စခန်းအနောက်ဘက်မှာ ခြေသလုံးလောက်၊ ပေါင်ရင်းလောက်တုတ်တဲ့ စကပ်ပင်တွေ တောထနေတာကို နေ့စဉ် ခုတ်ထွင်မြေညှိလိုက်တော့ ကျနော်တို့အတွက် သံဆူးကြိုးခတ်ထားတဲ့ ဝန်းအပြင်မှာ ကစားကွင်းတခု ဖြစ်လာတယ်။
အဲဒီကစားကွင်းအရှေ့ဘက်မှာ အရာရှိရိပ်သာ တိုက်ပုလေးတွေ ၃ လုံး လောက်ရှိတယ်။ ကျနော်တို့စခန်း ညာဘက်တောင်ကုန်းဆင်ခြေလျော အဆင်းမှာတော့ တပ်ရင်းမှူးရဲ့အိမ်။ ဝဝတောင့်တောင့် မီဇို ချင်းလူမျိုး။ ပါးရွဲ့ရွဲ့နဲ့။ ကျနော်တို့ထဲက လုရှိုင်းလူမျိုး မစန်းပွီးနဲ့ စကားတူ၊ လူမျိုးတူတယ်။ မကြာခဏ မစန်းပွီးက အရာရှိမှာတာတွေကို ဘာသာပြန်ပေးတတ်တယ်။
တနေ့ တပ်ရင်းမှူနဲ့အတူ အိန္ဒိယထောက်လှမ်းရေး (သုသေသနနဲ့ မှတ်တမ်းဌာန)က လူတချို့ ရောက်လာတယ်။ သူတို့နဲ့ ဦးစီးအဖွဲ့ (ဆရာထူး၊ ကောလ်ထန်မောရိယယ်လ်၊ ဒေါက်တာအောင်ကျော်ဦး၊ ကိုစစ်ငြိမ်းအေးတို့အပြင် ကိုဘရမ်၊ ကိုကျော်ကျော်ထွဋ်တို့ ရုံးခန်းထဲ သီးခြားဆွေးနွေးတယ်။ မကြာခင် ကိုဘရမ်နဲ့ ကိုကျော်ကျော်ထွဋ်တို့ ထောက်လှမ်းရေးအဖွဲ့နဲ့ ပါသွားတယ်။
ကျနော်တို့အားလုံးကတော့ သူတို့နှစ်ယောက်က သူများထက်စာရင် အင်္ဂလိပ်လို ပိုပြီးရေးတတ်ပြောတတ်လို့ အဖွဲ့ကိုယ်စားတခုခု သွားဆွေးနွေးတယ်ထင်တာပေါ့။ ဦးစီးအဖွဲ့ကလည်း ရေရေရာရာ မပြောပြဘူး။ ထောက်လှမ်းရေးနဲ့ ပူးတွဲလုပ်စရာရှိလို့ ခေါ်သွားတယ်ပဲ ပြောတယ်။
သူတို့သွားတာ သီတင်းပါတ် တော်တော်ကြာတယ်။ နောက်မှပြန်သိရတာက သူတို့က (Liemakhun) လိုင်မခွန်း လို့ခေါ်တဲ့ အိန္ဒိယ စစ်တပ်အရှေ့မြောက်ပြည်နယ်နဲ့ မြန်မာပြည်ဆိုင်ရာ နယ်စပ်ရေးရာ စစ်တပ်သုသေသနမှတ်တမ်းအဖွဲ့၊ အခြေစိုက်တဲ့ဌာန (RAW)ကို ခေါ်သွားပြီး မြန်မာပြည်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ လမ်း တံတားမြေပုံတွေကို ဘာသာပြန်ခိုင်းတာ ဖြစ်တယ်။
အဲဒီထဲမှာ မြန်မာစစ်အစိုးရထုတ် သတင်းစာ၊ ထုတ်ပြန်ကြေငြာချက်တွေနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ၊ စာရွက်စာတမ်းတွေလည်း ပါတယ်။ တကယ်တမ်းဆို အဲဒီလိုဌာနတွေမှာ မြန်မာစာ၊ မြန်မာစကား ကျွမ်းကျင်သူတွေ ခန့်ထားပြီးသား။ ကျနော်တို့စခန်းက လူတွေကိုခေါ်ပြီး သက်သက်အမြတ်ထုတ်တယ်ဆိုတာ ကျနော်တို့ နောက်ပိုင်းမှ သဘောပေါက်သွားတယ်။ ကျနော်တို့ကလည်း စစ်ထောက်လှမ်းရေးဆိုရင် အကောင်အကြီးကြီးထင်နေတာ။ ဗမာပြည်မှာက စစ်ထောက်လှမ်းရေးဆိုရင် အဲဒီကာလတွေက စစ်တပ်အရာကြီးတွေ ထက်တန်ခိုးထွားတာကိုး။ ချယ်လှယ်နိုင်တာကိုး။ ဒီမိုကရေစီနိုင်ငံတွေမှာက သူ့ကဏ္ဍနဲ့သူ တသီးတခြားပဲ။ သာမန်ပြည်သူတယောက်ကတောင် ဗိုလ်မှူးပဲဖြစ်ဖြစ်၊ ဗိုလ်ချုပ်ပဲဖြစ်ဖြစ် ကြောက်စရာ မလိုဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ကြတာ။ ကြုံတုန်း ပြောအုံးမယ်။
တခါတုန်းက … နယူးဒေလီသွားတဲ့ရထားပေါ်မှာ အိန္ဒိယစစ်တပ် ဗိုလ်မှူတယောက် ယူနီဖောင်းအပြည့်နဲ့ပါလာတယ်။ အဲဒီအချိန် အအေးရောင်းတဲ့ အသက် ၁၀ နှစ်အရွယ် ကုလားလေးတယောက်က “ကိုကာကိုလာ ရမယ်၊ ပက်ပ်စီ ရမယ်” ဆိုပြီး သူ့အအေးပုလင်းတွေကို သံနဲ့လုပ်ထားတဲ့ အဖုံးဖွင့်တဲ့အရာနဲ့ တချွင်ချွင်ခေါက်ပြီး ရောင်းတယ်။ ကုလားလေးအသံက စူးစူး၊ ပုလင်းခေါက်သံက တညံညံဆိုတော့ ဘယ်သူမှ မခံသာဘူး၊ အတော့်ကို နားငြီးတာ။ အနားက ယူနီဖောင်းဝတ်ကြီးက အိပ်ရေးပျက်ပြီး ပင်ပန်းလာဟန်တူတယ်။ နည်းနည်းကြာတော့ စိတ်မရှည်တော့ဘူး။ ခပ်မာမာအသံနဲ့ဟောက်ပြီး မောင်းထုတ်တယ်။ ဟိုဘက် သွားအော်ရောင်း … ဆိုပြီး။ ဒီတော့ ဈေးသည်လေးက ကိုယ့်ဖာသာဈေးရောင်းတာ ဘာဖြစ်လဲဆိုပြီး ပြန်ခံပြောတယ်။ ပြီးတော့ အဲဒီနေရာက မရွှေ့တော့ဘဲ နဂိုထက် ပိုကျယ်အောင် အော်လိုက်၊ ပုလင်းခေါက်လိုက် လုပ်နေရော။ နောက်တော့ စစ်ဗိုလ်ကြီး လက်မြှောက်ပြီး လေသံအေးအေးနဲ့ စကားပြန်ပြင်ပြောမှ ကုလားလေး ကျေနပ်ပြီး ပြန်ထွက်သွားတယ်။
ဆိုလိုတာက သူများတွေဆီမှာ အာဏာပါဝါပြလို့ မရဘူး။ ကိုယ့်တာဝန်နဲ့ ကိုယ်ပဲ။ မရှိတာထက်၊ မသိတာခက်တာက ပိုဆိုးတယ်။ ကျနော်တို့တတွေ အမြင်မကျယ် ဗဟုသုတမရှိတော့ မတရားခိုင်းတာခံလိုက်ရတာပါ။ ပြီးတော့ ကိုယ့်နိုင်ငံက လမ်း၊ တံတားမြေပုံတွေကို တပါးလက်ထဲ ဘာသာပြန် ထိုးအပ်လိုက်ရတာ ... သိပ်ကို ရင်နာစရာကောင်းတယ်။ အသုံးချခံလိုက်ရတာ။ ဒီလိုလုပ်ပေးလိုက်လို့ သူတို့ဆီက ကျနော်တို့လိုချင်တဲ့ သင်တန်းတွေလည်း မရ၊ လက်နက်လည်းမရ၊ ရုတ်စွအဆုံး ငွေကြေးအထောက်အပံ့တောင် ရခဲ့တာမှုတ်ဘူး။
ဒုက္ခသည်စခန်းထဲက ... ကျနော်တို့တတွေကတော့ ကိုဘရမ်တို့၊ ကျော်ကျော်ထွဋ်တို့ တော်လှန်ရေးအတွက် လူကြီးတွေနဲ့ အပြတ် ဒူးတိုက်ဆွေးနွေးနေပြီ၊ လွတ်မြောက်နယ်မြေအတွက်လား၊ လက်နက်ကိုင်သင်တန်းအတွက်လားပေါ့ ...။ အာဟာရ မရှိတာတွေစား၊ စစ်တိုက်ဖို့ခံနိုင်ရည်ရှိအောင် လေ့ကျင့်ခန်းတွေလုပ်၊ နေ့နေ့ညည မငြီးမငြူ ဒုက္ခခံခဲ့တာ … ကိုယ့်အတွက်သာဆို၊ လူတိုင်းဟာ အဲလောက် သည်းခံကြမှာ မဟုတ်။ တိုင်းပြည်အတွက်၊ ပြည်သူအတွက် ... ပြီးတော့ တော်လှန်ရေးဂုဏ်သိက္ခာ၊ ကျောင်းသားဂုဏ်သိက္ခာ ... ခွပ်ဒေါင်းဂုဏ်သိက္ခာ …။
အဲဒီဂုဏ်သိက္ခာတွေအတွက် ကျနော်တို့အားလုံး အများအမြင်မှာ သနားစရာကောင်းအောင် လှုပ်ရှားရပ်တည်ခဲ့ကြတယ်။ ဘယ်လောက်အထိ သနားစရာကောင်းနေသလဲဆို အိန္ဒိယဆီက ဘယ်တော့မှမရနိုင်တဲ့ သေနတ် … သေနတ်ဆိုတာကို ရလိမ့်မယ်လို့ မျှော်လင့်ပြီး ရူးသွပ်ခဲ့ကြတယ်။ ၂ နှစ်လောက်ကြာအောင် သစ်သားသေနတ်တွေနဲ့ ကိုယ့်ဖာသာ၊ စစ်ရေးတွေ လေ့ကျင့်ခဲ့ကြတဲ့ အရူးတပိုင်းလို ဘဝတွေပဲဖြစ်တယ်။ ။
ကိုညို
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment