ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာပါတဲ့ ကျွန်တော့်ဆောင်းပါး ‘မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား’ ကို ခါတိုင်းလိုပဲ အင်တာနက် လူမှုစာမျက်နှာ face book တင်လိုက်တော့ မိတ်ဆွေများနဲ့ စာဖတ်ပရိသတ်များဆီက နှစ်သက်သဘောကျပါတယ်လို့ like ပေးသူတွေရှိသလို ထင်မြင်ချက်တွေ၊ ဝေဖန်ချက်တွေနဲ့ ဝေဖန်ထောက်ပြသူတွေ၊ မေးခွန်းထုတ်သူတွေ၊ စောဒကတက်သူတွေလည်း အတော်များများ တွေ့ရတယ်။
ယနေ့ခေတ် အင်တာနက်သုံးသူအများစုဟာ ကိုယ်ပိုင်လူမှု စာမျက်နှာ Face book လေးတွေဖွင့်ပြီး ကိုယ်ရေးကိုယ်တာ ခံစားချက်တွေရော၊ အချင်းချင်း မိတ်ဖြစ်ဆွေဖြစ် သတင်းပို့ချက်တွေရော၊ တိုင်းရေးပြည်ရေး ကမ္ဘာ့အရေး ဆွေးနွေးချက်တွေရော သန်ရာသန်ရာ ရေးတင်နေကြတာ ဂလိုဘယ်လမ်းကြောင်းတစ်ခုလိုတောင် ဖြစ်နေပြီလို့ ဆိုရမယ်ဗျ။ တချို့ကဆိုရင် ကိုယ်တိုင် ဘလော့ဂ် blog တွေ၊ တွစ်တာ twitter တွေ၊ ဝက်ဘ်ဆိုက် website တွေ ဖွင့်ပြီးတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတာ တွေ့ရတယ်။ အဲဒီတော့ အင်တာနက်ဖွင့်လိုက်ပြီဆိုတာနဲ့ ဖတ်စရာတွေ ဖတ်သင့်တာတွေ အများကြီးက ဆီးကြိုနေပါလေရော။ အချိန်တော့ အတော်ကုန်ပါတယ်။ သို့သော် ခုတစ်လော ကျွန်တော်ကလည်း ကျန်းမာရေး ပြန်လည်ထူထောင်နေချိန် အိမ်အပြင်ကို သိပ်မထွက်တော့ အင်တာနက်နဲ့ပဲ ထိတွေ့မှု ပိုများနေပါတယ်။
ကျွန်တော့်ရဲ့ဆောင်းပါးကို ထင်မြင်ချက်ပေးကြတဲ့အထဲမှာ ကျွန်တော် မတွေးမိခဲ့တဲ့ ရှုထောင့်တွေကကြည့်ပြီး ဝေဖန်ထောက်ပြတဲ့ ရေးသားချက်တွေလည်း ပါတယ်ဗျ။ ဥပမာ မြန်မာနိုင်ငံမှာ လက်ရှိအနေအထားအရ အတိုက်အခံပါတီဆိုတာ ရှိကောရှိလို့လားဆိုတာမျိုး၊ အတိုက်အခံပါတီတွေက အတိုက်အခံအလုပ်မလုပ်ဘဲ အစိုးရနဲ့ပေါင်းပြီး အစိုးရလုပ်တဲ့အလုပ်မျိုးတွေ လျှောက်လုပ်နေတယ်လို့ မထင်ဘူးလားဆိုတာမျိုးတွေလည်းပါတော့ ဒါတွေဟာ သဘောတူတာ မတူတာ အပထား စိတ်ဝင်စားစရာ၊ ဆက်ပြီး တွေးကြည့်စရာ အယူအဆတွေ ဖြစ်တယ်ဗျ။
အတိတ်သမိုင်းက အတိုက်အခံ
face book ကနေ ဝေဖန်ဆွေးနွေးသူတချို့ရဲ့ မေးခွန်းတွေကိုကြည့်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ အတိတ်သမိုင်းက လွတ်လပ်ရေးရပြီးနောက်ပိုင်း အတိုက်အခံ နိုင်ငံရေးအကြောင်းတွေကို ပြန်လည်သုံးသပ်မိပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီ သို့မဟုတ် အတိုက်အခံပါတီတွေ ပါဝင်တဲ့ ပါလီမန်ဒီမိုကရေစီ နိုင်ငံရေးစနစ် နည်းနည်းလေး ပီပီပြင်ပြင် စတင်ပေါ်ပေါက်လာတယ်လို့ ပြောနိုင်တာက ၁၉၅၀ နှစ်များ အလယ်ပိုင်းလောက်မှာ ‘ပမညတ’ လို့ အတိုကောက်ခေါ်ကြတဲ့ ‘ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု’ ပေါ်လာတဲ့အချိန်ကျမှ ဖြစ်တယ်ဗျ။
ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ်ပါတီ) ဆိုတဲ့ အဓိက အင်အားစုကြီး သုံးခုရဲ့ ပူးပေါင်းလက်တွဲ ဦးဆောင်မှုနဲ့ ဖက်ဆစ်တော်လှန်ရေးကြီးကို ဆင်နွှဲခဲ့ပြီး အဲဒီအောင်ပွဲအရှိန်နဲ့ ကိုလိုနီနယ်ချဲ့အစိုးရကို မြေပေါ်တိုက်ပွဲ ဆက်လက်ဆင်နွှဲပြီးတဲ့နောက် တိုင်းပြည် လွတ်လပ်ရေးရလာတဲ့အခါ အဲဒီတပ်ပေါင်းစုကြီး (ဖဆပလ)က အာဏာရပါတီဖြစ်လာခဲ့ပေမယ့် အဲဒီအချိန်မှာ ဖဆပလ နဲ့ သဘောထားကွဲပြားတဲ့ အဓိကပါတီကြီးဖြစ်တဲ့ ကွန်မြူနစ်ပါတီက တောထဲရောက်သွားခဲ့တာမို့ လွတ်လပ်စ မြန်မာ့နိုင်ငံရေးဟာ အတိုက်အခံပါတီရယ်လို့ မယ်မယ်ရရ လောက်လောက်လားလား မရှိတဲ့ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ စတင်ခဲ့တယ်လို့ ဆိုနိုင်တယ်ဗျ။
အတိုက်အခံ အပြောင်းအလဲ
ဗကပ တောခိုသွားပြီးနောက် ဖဆပလ အဖွဲ့ကြီးကို ပြိုင်ဘက်မရှိ အဓိက ကြိုးကိုင်လာခဲ့တဲ့ ဗမာပြည်ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်ပိုင်းထဲမှာ လက်ယာဆိုရှယ်လစ်နဲ့ လက်ဝဲဆိုရှယ်လစ်တွေ ထပ်ပြီး နှစ်ခြမ်းကွဲ၊ ဆိုရှယ်နီလို့ ခေါ်ကြတဲ့ လက်ဝဲယိမ်း ဆိုရှယ်လစ်တွေနဲ့ အခြား တတိယ အင်အားစုတွေ ပူးပေါင်းပြီး ပမညတ အဖွဲ့ကြီးဖွဲ့၊ နိုင်ငံရေး မူဝါဒတစ်ချို့ အထူးသဖြင့် ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ သဘောထားအပိုင်းမှာ ပမညတက ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်ကို ပြည်သူထံတင်ပြပြီး ၁၉၅၆ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။
အမတ်နေရာ ၄၆ နေရာပဲ အနိုင်ရခဲ့ပေမယ့် အာဏာရ ဖဆပလ ခေါင်းဆောင်တွေ ဖြုံသွားလောက်တဲ့ ပြည်သူ့ဆန္ဒမဲ အရေအတွက် ရရှိခဲ့ပါတယ်။ တိုင်းပြည်က လေးစားလောက်တဲ့ ဦးသိန်းဖေမြင့်၊ ဝိဓုရ သခင်ချစ်မောင်၊ ဗိုလ်မြသွေး စတဲ့ အတိုက်အခံခေါင်းဆောင် လွှတ်တော်အမတ်တွေ ပေါ်ထွန်းခဲ့တဲ့ခေတ်ပေါ့ဗျာ။ ပမညတများဟာ ၁၉၅၆ နောက်ပိုင်း ပါလီမန်လွှတ်တော်ထဲမှာ ဂုဏ်သိက္ခာရှိတဲ့ အတိုက်အခံများအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ၁၉၅၈ခု ဖဆပလ အကွဲ (သန့်ရှင်းနဲ့ တည်မြဲ အကွဲ) မှာ သန့်ရှင်းနဲ့ပူးပေါင်းလိုက်ပြီးတဲ့နောက် နိုင်ငံရေးနေရာမှန် ပြန်မရတော့ပါဘူး။
၁၉၆၀ ရွေးကောက်ပွဲမှာ ဦးနုပါတီ အနိုင်ရပြီး ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က လွှတ်တော်ထဲတောင်မရောက်တဲ့ အတိုက်အခံခေါင်းဆောင်တွေ ဖြစ်သွားပါတယ်။ သခင် သာခင်က လွှတ်တော်တွင်း အတိုက်အခံခေါင်းဆောင် ဖြစ်လာပါတယ်။ ပမညတဟာ မူလ အတိုက်အခံ ပါတီကြီးနေရာကနေ တည်မြဲ ဖဆပလတွေကို နေရာဖယ်ပေးလိုက်ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ဦးနုရဲ့ အာဏာရပါတီ သန့်ရှင်းဖဆပလကို အမည်ပြောင်းလိုက်တဲ့ ပြည်ထောင်စုပါတီ (ပထစ)ဟာ ဖဆပလအဖွဲ့ကြီးကို အတိုက်အခံ နိုင်ငံရေးပါတီအဖြစ် လေးလေးစားစား ဆက်ဆံပြီး အထူးတလည် နေရာပေးခဲ့ပါတယ်။ နိုင်ငံရေးသမားများ ပြန်လည် ညီညွတ်ရေးကိုလည်း စတင်ကြိုးစားခဲ့ပါတယ်။
အတိုက်အခံပါတီပဲရှိတဲ့ ပါတီစုံခေတ်
နောက်ပိုင်းတော့ အားလုံးသိကြတဲ့အတိုင်းပါပဲဗျာ။ ပီပြင်စပြုလာနေဆဲ အဲဒီ ပါလီမန်ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ အတောင်အလက် စုံစုံလင်လင် ဖွံ့ဖြိုးမယ်မှ မကြံသေးဘူး။ ၁၉၆၂ ခု စစ်အာဏာသိမ်းမှုကြောင့် ဇာတ်သိမ်း သွားခဲ့ရတယ်ဗျ။ အာဏာသိမ်းခေါင်းဆောင်တွေက ‘တော်လှန်ရေး ကောင်စီ’ အမည်နဲ့ အုပ်ချုပ်တဲ့ ၁၂ နှစ်တာကာလ၊ ဒီကာလကတော့ ရှင်းတယ်။ အာဏာရပါတီလည်း မရှိ၊ အတိုက်အခံပါတီလည်း မရှိ။ အဲဒီနောက် မဆလလို့ အများက အတိုကောက်ခေါ်ကြတဲ့ ‘မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ’ က အုပ်ချုပ်တဲ့ကာလ။
ဒီကာလမှာလည်း အခြေခံဥပဒေနဲ့ကို တားမြစ်ပိတ်ပင်ထားခဲ့တာမို့ အာဏာရပါတီပဲရှိပြီး အတိုက်အခံပါတီမရှိတဲ့ တစ်ပါတီ နိုင်ငံရေးစနစ်။ အဲဒီနောက် ၁၉၈၈ မှာ ပေါ်လာတဲ့ လူထုအုံကြွမှုကြီးကြောင့် ပါတီစုံနိုင်ငံရေးစနစ်ဆိုတာနဲ့ နိုင်ငံရေးပါတီတွေ ပြန်ပေါ်လာခဲ့ပေမယ့် တစ်ကျော့ပြန် အာဏာသိမ်း စစ်အစိုးရကပဲ ဆက်အုပ်ချုပ်ခဲ့တာကြောင့် အာဏာရပါတီဆိုတာလည်း မရှိ၊ အတိုက်အခံပါတီဆိုတာလည်း မရှိတဲ့ ကာလ။ ဒါပေမယ့် ဒီကာလအတွင်းမှာတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အာဏာ လွှဲပြောင်းပေးခြင်း မခံခဲ့ရတဲ့ NLD ကို အတိုက်အခံပါတီရယ်လို့ နိုင်ငံခြား ဂျာနယ်လစ်များက စတင်သုံးစွဲနေကြပြီ ဖြစ်တယ်ဗျ။ အာဏာရပါတီ မရှိ၊ အတိုက်အခံပါတီပဲရှိတဲ့ ထူးထူးဆန်းဆန်း ‘ပါတီစုံ ဒီမိုကရေစီခေတ်’ ပေါ့ဗျာ။
အမြင်ချင်း လုံးဝ မတူတဲ့ပါတီများ
အဲဒီနောက် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုပေးလိုက်တဲ့ ၂၀၀၈ အခြေခံဥပဒေပေါ်လာ။ အဲဒီ အခြေခံဥပဒေအရ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ‘ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း’ ကို ပြောင်းလဲလိုက်တဲ့ ‘ပြည်ခိုင်ဖြိုးပါတီ’က အာဏာရပါတီအဖြစ် ပေါ်ထွက်လာ။ ဒီအချိန်မှာ အဲဒီ အာဏာရပါတီကိုသာမက အဲဒီပါတီကို အာဏာရပါတီဖြစ်လာစေတဲ့ အခြေခံဥပဒေကိုရော ရွေးကောက်ပွဲကိုပါ ဆန့်ကျင်ခဲ့တဲ့ NLD ဟာ အဲဒီအခြေခံဥပဒေသစ်အရ တရားဝင်ပါတီအဖြစ်နဲ့တောင် ရပ်တည်နိုင်ခဲ့ခြင်းမရှိသေးပေမယ့် ပြည်တွင်းကရော ပြည်ပကပါ NLD ကို အတိုက်အခံပါတီအဖြစ် စိတ်ချလက်ချ သုံးနှုန်း ပြောဆို ရေးသား ဖော်ပြနေကြပြီ ဖြစ်တယ်ဗျ။
စိတ်ချလက်ချလို့ဆိုတဲ့စကားကို သုံးနှုန်းလိုက်ရတာက နိုင်ငံရဲ့အရေးကြီးတဲ့ အဓိကကျတဲ့ ကိစ္စအားလုံးနီးပါးလောက်မှာ NLD ရဲ့ အမြင်သဘောထား ရပ်တည်ချက်တွေဟာ အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ အမြင်သဘောထား ရပ်တည်ချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို အထင်အရှား တွေ့ခဲ့ရလို့ ဖြစ်တယ်ဗျ။
အတိုက်အခံအလုပ်ကို မလုပ်ဘူးလား
အဲဒီနောက်မှာတော့ အားလုံးသိကြတဲ့အတိုင်း လူအများ ထင်မထားတဲ့ဖြစ်ရပ်တွေ ဖြစ်လာခဲ့ပြီး မျက်စိလည်စရာ ကျီးမဟုတ် ကြက်မဟုတ် အောက်ကလိအာ အခြေအနေတွေ ပေါ်ထွန်းလာခဲ့တော့တာပဲဗျာ။ အာဏာရပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်ပေါ်ပေါက်လာပြီးတဲ့ နောက်ပိုင်း အဆင့်ဆင့် တွေ့ဆုံဆွေးနွေးမှုများကတစ်ဆင့် NLD ဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်၊ အနိုင်ရပြီး လွှတ်တော်ထဲရောက်လာတယ်။
NLD ခေါင်းဆောင်ကို လွှတ်တော်ဥက္ကဋ္ဌတွေ အပါအဝင် အာဏာရပါတီ ခေါင်းဆောင်တွေက တရင်းတနှီး လေးလေးစားစား ဆက်ဆံကြ၊ အရေးပါတဲ့ လွှတ်တော်ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ပေး။ ဒီလိုနဲ့ တစ်ချို့ တစ်ချို့သောလူတွေက မြန်မာနိုင်ငံမှာ အတိုက်အခံပါတီဆိုတာကော ရှိသေးရဲ့လား၊ NLD ဟာ အတိုက်အခံပါတီအလုပ်ကို မလုပ်တော့ဘူးလားဆိုတဲ့ အတွေးမျိုးတွေ တွေးလာကြတာဖြစ်နိုင်တယ်လို့ ကျွန်တော်တော့ ယူဆတယ်ဗျ။
ပါတီတွေရဲ့ အရှိတရား
ဒါပေမယ့် ကျွန်တော့်အမြင်ကိုပြောရရင်တော့ ဒီကနေ့ လည်ပတ်လှုပ်ရှားနေတဲ့ မြန်မာ့နိုင်ငံရေးစနစ်မှာ အတိုက်အခံ ပါတီတွေ အမှန်တကယ် ရှိနေတယ်။ NLD အပါအဝင် ရှမ်းပါတီများ၊ ကချင်ပါတီ၊ ကရင်ပါတီများ၊ ချင်းပါတီများ၊ ရခိုင်ပါတီများ၊ မွန်ပါတီများ အပါအဝင် ဗမာပါတီများနဲ့ တိုင်းရင်းသားပါတီတွေဟာ အရှိတရားတွေပဲ မဟုတ်ပါလား။ သူတို့တွေဟာ ဗုံမဟုတ် ပတ်မဟုတ် မျက်စိလည်စရာ အခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရတာတောင်မှ စစ်မှန်တဲ့ အတိုက်အခံပါတီရဲ့အလုပ်တွေကို လွှတ်တော်တွင်း လွှတ်တော်ပ နှစ်ဌာနစလုံးမှာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်နိုင်သလောက် လုပ်နေကြတယ်လို့ ပြောချင်တယ်ဗျ။
လက်တွေ့လုပ်မရတာတွေ အများကြီး
စစ်မှန်တဲ့ အတိုက်အခံဆိုတာ အာဏာရပါတီလုပ်သမျှ အကုန်လုံး ဆန့်ကျင်တာမျိုးမဟုတ်ဘဲ ထောက်ခံသင့်တာ ထောက်ခံ၊ ပူးပေါင်းသင့်တာ ပူးပေါင်း၊ ဆန့်ကျင်သင့်တဲ့ကိစ္စလို့ယူဆရင် ပြတ်ပြတ်သားသား ဆန့်ကျင်တာမျိုးဖြစ်တယ် ဆိုတာ နိုင်ငံရေး နှံ့စပ်သိမြင်သူတိုင်း သိကြတယ်ဗျ။ သို့ပေမယ့် လက်ရှိဖြစ်နေတာက အတိုက်အခံတွေဟာ ဆိုခဲ့ပါ အတိုက်အခံအလုပ်တွေကို ပီပီပြင်ပြင် ကြိုးစားလုပ်ချင်ပေမယ့် လက်တွေ့လုပ်လို့မရတာတွေ အများကြီး ဖြစ်နေတယ်လို့ သိရတယ်ဗျာ။ ဥပမာ လွှတ်တော်ထဲမှာ ကြယ်ပွင့်ပြ မေးခွန်းတချို့ကိုတောင် တိတိကျကျ အဖြေမရဘဲ မှတ်တမ်းတင်ရုံ တင်ထားတာမျိုး၊ တချို့ ချောင်ထိုးခံရ၊ လျစ်လျူရခံရတာမျိုး စတာတွေရှိနေတယ်လို့ ဆိုတယ်ဗျ။
မဲအများစုနဲ့ ပယ်ချတယ်
လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီဘက်သားမဟုတ်တဲ့ လူနည်းစုပါတီတွေကနေ ပြည်သူတွေရဲ့အကျိုးကို ကိုယ်စားပြုမယ်လို့ယူဆတဲ့ အဆိုပေါင်းများစွာ မေးခွန်းပေါင်းများစွာကိုတင်ပြခဲ့တာ ကျွန်တော် အကြိမ်ကြိမ် လေ့လာမိခဲ့တယ်ဗျ။ သို့သော် အာဏာရပါတီကပဲ ဧရာမ များရာစု လွှမ်းမိုးထားတဲ့ လွှတ်တော်က ကန့်ကွက်မဲ အများစုနဲ့ ပယ်ချတာ၊ မဆွေးနွေးဘဲ မှတ်တမ်းတင်ရုံ တင်ထားတွေကိုလည်း အကြိမ်ကြိမ် တွေ့ခဲ့ရတယ်ဗျာ။
အခြေခံဥပဒေကို ပြင်ကြဖို့
ခြုံပြီးပြောရရင်ဖြင့် ကျွန်တော်တို့နိုင်ငံမှာ အတိုက်အခံပါတီတွေ ရှိပါတယ်။ အတိုက်အခံနိုင်ငံရေးသမားတွေလည်း ရှိနေပါတယ်။ သူတို့တွေဟာ ပြောလို့ရနိုင်တဲ့ ဘောင်ထဲကနေ ပြောသင့်တာ ပြော၊ လုပ်သင့်တာ လုပ်နေကြပါတယ်ဆိုတဲ့ စကားအတွက် အထင်ရှားဆုံးသက်သေကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ ကြိုးစားကြမယ်ဆိုတဲ့ ရပ်တည်ချက်ကို အတိအလင်း ကြွေးကြော် ထုတ်ဖော်နေကြတာပဲ ဖြစ်တယ်ဗျ။
အဲဒီ ဘုံရပ်တည်ချက်အပေါ်မှာ အတိုက်အခံပါတီများ ဆက်လက် စွဲမြဲပြီး ပြည်သူအများစုကြီးရဲ့ တစ်ခဲနက် ထောက်ခံ ပူးပေါင်းမှုကိုလည်းရရှိအောင် ကြိုးစားနိုင်ကြမယ်ဆိုရင်ဖြင့် နောက်ရွေးကောက်ပွဲတစ်ခုအလွန်မှာ ပုံမှန် အနေအထားတစ်ခုကိုရောက်ဖို့ အတော်ကလေး မျှော်လင့်စရာရှိလာမယ်လို့ ယူဆကြောင်းပါဗျာ။ ။
၂၆၊ ၀၁၊ ၂၀၁၃
maungwuntha@gmail.com
(ပြည့်သူ့ခေတ်ဂျာနယ် ယခုအပတ်ထုတ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး)
No comments:
Post a Comment