Wednesday, January 16, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (အပိုင်း-၇)

“ကြိတ်ထားဟ ... ကြိတ်လိုက်စမ်း”

“ဝက်ကြီးကွ”… “ညိုကြီးကွ”

“ဝါးမနေနဲ့ မြိုချလိုက် … မြိုချလိုက်”

“ရော့ ... နောက် တတုံး”

“မောင်ညို အရှုံးမပေးနဲ့ ... ကြိတ်ထား … ဗိုက်ကလေးလှုပ်ပြီး ဝါး”

“ဝေး၊ ဝေး၊ ဝေး၊ ဝေး …”

ကျနော့်စားပွဲခုံရှည်ကြီးမှာ မျက်နှာချင်းဆိုင် မတ်တပ်ရပ်ပြီး ဝက်ဆီတုံးကြီးတွေ ပလုတ်ပလောင်း မြိုနေတဲ့ဝက်ကြီး (ဇော်နိုင် - မန်းဆေးတက္ကသိုလ်) ရဲ့ အခြေအနေ ဘယ်လိုနေမယ် မသိ၊ ကျနော်ကတော့ ခေါင်းတွေမူးပြီး မျက်လုံးတွေဝါးနေပြီ၊ ဗိုက်လည်း ပြည့်လျှံပြီး အီလည်လည်ဖြစ်နေပြီ။ ဒါပေမဲ့ ဝက်ကြီးကိုတော့ အရှုံးပေးလို့မဖြစ်၊ သူက ဝက်သားကို ဘယ်နှစ်ပိဿာကုန်အောင် တထိုင်ထဲအပြတ်စားနိုင်တယ် ဘာညာနဲ့ အသားငတ်ရတဲ့အထဲ တချိန်လုံးကြွားခဲ့တာ။ တကယ်လည်း သူက တရုတ်လူမျိုးပီပီ ဝက်သားကကြိုက်သလို ဖြူဖြူဝဝနဲ့ အသားကုန်ဆွဲနေတယ်။ ကျနော်ကလည်း ငယ်ငယ်ကတည်းက ဝက်သားကြိုက်။ ဝက်သားဆိုရင် အဆီတုံးမှဝါးတာ။


ဘေးကလူတွေအကုန်လုံး ကျနော်တို့ ၂ ယောက် အကြိတ်အနယ် ဝက်ဆီတုံး အစားပြိုင်နေတာကို လက်ခုပ်လက်ဝါးတီး ဝိုင်းအားပေးနေတယ်။ ဟိုက ဒီက တယောက်ပြီးတယောက် စားမကုန်လို့ ပစ်ထည့်ပေးနေတဲ့ လက်သီးဆုပ်လောက် ဝက်ဆီတုံးကြီးတွေက တတုံးပြီးတတုံး သူ့ပန်းကန်းရော၊ ကိုယ့်ပန်းကန်မှာ ရောပြည့်နေတယ်။ တချို့အတုံးတွေက အခေါက်တောင်ပါ မလာ၊ အဆီချည်းသက်သက် ဖွေးလို့။

၂ ယောက်လုံး အလျော့မပေးဘူး။ ပန်းကန်ထဲက အဆီတုံး အပုံလိုက်ကိုကြည့်ပြီး တတုံးပြီးတတုံး ဖြိုနေတယ်။ ဘေးကလည်း ကျနော်တို့ ဝက်ဆီတုံးတွေ အီလည်လည်ဝါးနေတဲ့မျက်နှာတွေကြည့်ပြီး ဟားတိုက်နေကြတယ်။ နောက်ဆုံးတော့ ဝက်ကြီး တချက်လောက် “အေ့” ခနဲ တချက်ပျို့တက်လာပြီး …“မရတော့ဘူးဗျာ … ကျနော် အရှုံးပေးတယ်” လို့ ပြောပြီး အစားရပ်လိုက်တယ်။ ကျနော်ကတော့ မဆလ စစ်တပ်ကြီးကို (ရမ်ဘိုလို) တကိုယ်တော် ချေမှုန်းအောင်နိုင်တဲ့ဟန်နဲ့ ... ဝက်ဆီတုံးအပြည့် ပန်းကန် ၂ ချပ်လုံးကို ပင့်မြှောက်ပြီး အောင်ပွဲခံလိုက်ပါတယ်။

“ဝေး ... ဟေး … ညိုကြီးကွ၊ မန္တလေးသား ဝက်ကြီးကို အလဲထိုးပြီး ဝက်ဆီဖတ် ချန်ပီယံဆု ဆွတ်ခူးသွားပါပြီခင်ဗျား”

ကိုကျော်ကြီး (ကျောက်မဲကျော်ကြီး)က ကျယ်လောင်တဲ့အသံကြီးနဲ့ ဝက်ဆီဟဲဗီး အစားပြိုင်ပွဲကြီးကို အဆုံးသပ်ပေးလိုက်ပါတယ်။

တကယ်တော့ ကျနော်တို့တတွေ တလနီးပါး အသားမစားရဘဲ ငတ်ပြတ်နေရာက ခရစ်စမတ်ပွဲတော်ရက်မှာ စားဖို့ဆိုပြီး ကျနော်တို့ဒုက္ခသည်စခန်းနဲ့ ၅ မိုင်ကျော်ဝေးတဲ့ ‘ကွန်မလာသာဗီ’ ဆိုတဲ့ နာဂရွာက ရွာသူကြီး (ဦးချို၊ မြန်မာပြည်ပေါက် နယ်မြေခံအမတ်၊ မြန်မာစကားတတ်) နဲ့ မဏိပူရပြည်နယ် (အား/ကာ ဝန်ကြီး၊ ယခင် မြန်မာပြည်သား၊ နာမည်မေ့နေ)တို့ ဝက်တကောင်ကိုပေါ်ပြီး ကျနော်တို့ မြန်မာကျောင်းသားလူငယ်တွေ ညစာစားဖို့ လာပေးတာပါ။

ပြီးတော့ ဘောလုံး၊ ဘော်လီဘောဘော်လုံး၊ ပိုက် စတဲ့ အားကစားပစ္စည်းတွေလည်း လာလှူပါတယ်။ အဲဒါ ပထမဆုံး အသားကို ဝေပုံကျ ခွဲတမ်းရာရှင်နဲ့မဟုတ်ဘဲ အဝစားကျွေးခဲ့တာပါ။ နောက်ပိုင်း လအတန်ကြာတော့ သူကြီးဦးချိုအိမ်ကို ကျောင်းသားတွေ ချောင်းဖောက်တော့တာပဲ။ မနှစ်ကပဲ ဦးချို ဆုံးသွားတယ်။ ဦးချိုနဲ့ ဇနီး ကျောင်းဆရာမက စခန်းကလူတွေကို သားသမီးတွေလို ချစ်တာ။

အစောပိုင်းကာလတွေက စခန်းအပြင်ထွက်ဖို့နေနေသာသာ စခန်းအောက်တောင်ခြေက ချောင်းထဲ အသုတ်လိုက်၊ အသုတ်လိုက် ရေချိုးသွားရင်တောင် ကသဲ အစောင့်က သေနတ်နဲ့လုံခြုံရေးလိုက်တာ။ ပထမတော့ ကျနော်တို့ကို စောင့်ရှောက်တာလို့ ထင်တာ။ နောက်မှ ကျနော်တို့ဘဝက အကျဉ်းသားတွေလိုဖြစ်နေမှန်း သိတာ။

ကျနော်တို့ Leikun စခန်း (ကိုယ့်ဖာသာ လိပ်ခွံလို့ နာမည်ပေးထားတယ်၊ အတ္တစွဲတွေများနေလို့) ရောက်စက အဖွဲ့နာမည်ပေးဖို့ စဉ်းစားကြတယ်။ ဦးစီးအဖွဲ့ထဲမှာလည်း နာမည်နဲ့ပတ်သက်ပြီး သဘောထားက အမျိုးမျိုး။ နောက်ဆုံး ‘ဒီမိုကရက်တစ် မြန်မာကျောင်းသားတပ်ဦး’ (BDSF)ဆိုတဲ့နာမည်နဲ့ မြေပေါ်နိုင်ငံရေးလောကမှာ ဝါဒဖြန့်မယ်။ မြေအောက်တော်လှန်ရေးအဖြစ် (BDGF) ဒီမိုကရက်တစ်ပြောက်ကျားတပ်ဦး (မြန်မာနိုင်ငံ) ကို ဆုံးဖြတ်တယ်။

အဲဒီနောက် ပန်းချီစစ်ငြိမ်းအေးက ဦးဆောင်ပြီး မြေအောက်ဝါဒဖြန့် စာစောင်၊ စာစဉ်တွေကို ဒီဇိုင်းလှလှတွေနဲ့ နယ်စပ်ကတဆင့် ဖြန့်ချိကြတယ်။ စခန်းမှာလည်း နံရံကပ်စာစောင်တွေ တလ ၂ ခါလောက် လုပ်တယ်။ အဲဒီတုန်းက လူတိုင်းနီးနီး ကဗျာတွေ၊ စာတွေ ရေးကြတယ်။ ကလောင် သွေးကြတယ်။

စာရေးဆရာ ကောလ်ထန်မောရိယာယ်ကလည်း ညပိုင်းထမင်းစားပြီးရင် လသာမှန်အိမ်ကြီးနဲ့လုပ်တဲ့ ဟောပြောပွဲမှာ အားရပါးရ ကဗျာတွေ ရွတ်တော့တာပဲ။ သူရွတ်တဲ့ ‘မဏိပူရတောင်တန်းပေါ်က ကြယ်နီများ’ ဆိုတဲ့ ကဗျာကို ကျနော်တို့ သိပ်သဘောကျတယ်။

“အို ... အမိမြန်မာပြည် ... မျက်ရည်သုတ်လော့၊ မဏိပူရတောင်တန်းမှဆီ ... ဧရာဝတီသို့ ... မကြာမီလာမည် ကြယ်နီများ” တဲ့ ...။ တချို့က သူ့ကို မကြားတကြား နောက်တယ်၊ “မကြာမီလာမည်၊ ရဖြူဂျီ” ဆိုပြီး။

အဲဒီ ရဖြူဂျီ (Refugees=ဒုက္ခသည်) ဆိုတဲ့စကားကလည်း ကျနော်တို့အတွက် တဒုက္ခ။ ကသဲ စစ်သားတွေ၊ အရာရှိတွေက ရဖြူဂျီလို့ပဲ အလွယ်ခေါ်တယ်။ ဘရူးမား ရဖြူဂျီပေါ့၊ သူတို့ကတော့ ခပ်လွယ်လွယ်ပဲခေါ်တာပေါ့။ မရဘူး၊ ကျနော်တို့ဗမာတွေက သိပ်ပြီး ဇာတိမာန်ပြင်းထန်တာ။

“No ... No ..., don’t call refugees. We are Freedom fighter” (ကျနော်တို့ကို ဒုက္ခသည်လို့မခေါ်ပါနဲ့၊ တော်လှန်ရေးသမားတွေဖြစ်တယ်) လို့ ပြောတယ်။

တကယ်တမ်းဆို … ကျနော်တို့ဟာ ဒုက္ခသည်ဆိုတဲ့စကားလုံးကို အဲဒီအချိန်ကျမှ ကြားဖူးကြတာပါ။ ဒုက္ခသည်လို့ ဘယ်သူမှ မခံယူချင်ဘူး။ ကျနော်တို့ဟာ ဒုက္ခသည်အဖြစ် ဒီနေရာကို ခိုလှုံဖို့လာတာ မှုတ်ဘူး၊ အမိနိုင်ငံကို ကယ်တင်ဖို့လာတာ ဖြစ်တယ်။ ကျနော်တို့ဟာ တော်လှန်ရေးသမားတွေ၊ ပြောက်ကျားစစ်သည်တွေ ... လို့ ကိုယ့်ကိုယ်ကို ခံယူထားကြသူတွေ ဖြစ်တယ်။ ဒါကြောင့် ရဖြူဂျီလို့ခေါ်ရင် အတော်နာတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ပီဘိ ရဖြူဂျီ။ ဒုက္ခသည်မှ ဒုက္ခသည်အစစ်။ ဘယ်လောက် ဒုက္ခသည်စစ်သလဲဆိုရင် ခြေပြတ်နေသလို ဒီတောင်ကုန်းပေါ်ကနေ ဒီစခန်းကနေ ဘယ်လူတောထဲမှ သွားခွင့်မရှိဘူး၊ မျက်စေ့ကန်းနေသလို ပြင်ပကမ္ဘာကြီးကို ကြည့်ရှုခွင့် မရှိဘူး၊ ရုတ်စွအဆုံး အဖြူအမဲ ရုပ်မြင်သံကြားလေးတောင် မရှိဘူး။ ကျနော်တို့ဖာသာ အစုအစည်းလေးနဲ့ သူ့အတွေ့အကြုံ၊ ကိုယ့်အတွေ့အကြုံ ပြောကြ၊ ဆွေးနွေးကြ၊ ရီစရာတွေ ကြံဖန်လုပ်ကြနဲ့မို့သာ ရူးသွပ်မသွားကြတာ။ ဒါတောင် ကိုယ့်ရည်မှန်းတာနဲ့လက်တွေ့ မိုးနဲ့မြေကွာနေလို့ စိတ်ဓာတ်တွေကျပြီး ဂေါက်မလိုလိုဖြစ်နေသူတွေ ရှိသေးတယ်။ အဖြစ်တွေက အတော်ဆိုး။

ဒီနေရာမှာ စားသောက်ရတဲ့ အခြေအနေလေး ပြောပြအုံးမယ်။ ကျနော်တို့က ကိုယ့်ဖာသာ ချက်စားမယ်ပြောထားလို့ အာလူး၊ ဆန်၊ ပဲ၊ ဆီ၊ ငြုပ်သီးခြောက်၊ ကြက်သွန်နီ၊ ဆား၊သကြား စတာတွေကို လူတယောက် ဘယ်လောက်နှုန်းဆိုပြီး ခွဲတမ်းရပါတယ်။ ရုံးခန်းဘေးက ဂိုဒေါင်လေးထဲမှာ တပါတ်စာ လာပို့ထားတယ်။ ရိက္ခာထုတ်ပေးတဲ့ မဏိပူရနယ်သား ဇိုမီးချင်းကြီးနာမည်က ရိုခူးမား တဲ့။ သူလာပြီဆို မျက်နှာနီနီ၊ ဝီစကီနံ့သင်းသင်းနဲ့ ဒရီးဒယိုင်။ နောက်ပိုင်း ရိက္ခာ မလောက်ငှရင်၊ အောက်စော်နံ ဆန်နဲ့ အာလူး အပုပ်တွေပေးတာကြောင့် သူ့ကို ဒုက္ခသည်ရိက္ခာနဲ့ ကြီးပွားနေသူလို့ပဲ အားလုံးက မြင်လာတယ်။

ထင်လည်း ထင်စရာ၊ ကျနော်တို့ကိုပေးတဲ့ဆန်က မဲညစ်ပြီး အောက်စော်နံရုံမက ကြွက်ချေး၊ ခဲ၊ သလဲတွေ ရောနေတဲ့အပြင် ဂုံနီအိတ်အောက်ပိုင်းက အစိုပြန်ပြီး အတောင့်လိုက် အတောင့်လိုက် ပုပ်နေတဲ့ဆန်တွေပါ ရောပါနေပါတယ်။ ပုံမှန်ပေးဝေတဲ့ဆန်ကို ကဂဲသလဲနဲ့ မှိုတက်တာတွေ ပါနေတယ်။

နောက်ပိုင်းတော့ ရိုးသွားပြီး အဲဒီဝက်စားတဲ့ဆန်တွေကိုလည်း မပြစ်မမြင်ကြတော့ပါဘူး။ မနက်ပိုင်း ကျန်းမာရေး လေ့ကျင့်ခန်းတွေလုပ်ပြီးရင် ထမင်းချက်တာဝန်ကျတဲ့ရဲဘော်တွေက မိုးဗြဲဒယ်ကြီးထဲ ဆန်အသိုးတွေထည့်ပြီး ချောင်းထဲ ဆင်းတယ်။ ဆန်ထည့်ထားတဲ့ မိုးဗြဲဒယ်ကြီးထဲ ချောင်းရေခပ်ထည့်ပြီး ဆေးပါတယ်။ ၃ ခေါက်လောက် ဆေးပြီးရင် လ ၂ ယောက်က ဒယ်ကြီးကိုလှဲ့ပြီး ရွှေကျင်သလို မွှေရတယ်။

အဲဒီနောက် အပေါ်က ဆန်၊ အောက်ခြေမှာ သဲနဲ့ကျောက်ခဲမဲမဲတွေ ပေါ်လာပြီး၊ ဆန်နဲ့ သလဲ ကွဲပြားသွားတယ်။ အဲဒီတော့ မိုးဗြဲဒယ်အပေါ်ယံက ဆန်တွေကို သီးခြားကော်ခပ်လိုက်တယ်။ တခေါက်ပြီးတခေါက် ရေဖြည့်လိုက်၊ ဒယ်အိုးလှုပ်ပြီး ရွှေလိုကျင်လိုက်နဲ့ အောက်ဆုံးက ဆန်နည်းနည်းနဲ့ ကျောက်ခဲသလဲတွေ သီးခြားကျန်တဲ့အထိ ကျင်ရပါတယ်။

ဒါက နေ့စဉ် မနက်တကြိမ် ညတကြိမ် ထမင်းချက်တာဝန်ကျတဲ့ တပ်စုတိုင်း လုပ်နေကျပါ။ ဟင်းကတော့ နနွင်းမှုန့်နိုင်နိုင်နဲ့ ချက်ထားတဲ့ အာလူးစိတ်သေးသေးလေး ရေကျဲကျဲနဲ့ ပဲနီလေး အရည်ကျဲကျဲ (နည်းနည်းပျစ်အောင် ထမင်းရေ ရောကြတယ်) ဖြစ်တယ်။

စခန်းမှာ ထမင်းရေကလည်း သိပ်တန်ဖိုးကြီးတာ။ အဲဒီကျမှ ထမင်းရေဆိုတာ အင်မတန် အရသာထူးကဲမှန်း သိသွားတာ။ မနက် ဗိုက်ဟောင်းလောင်းနဲ့ ပြေးလွှားလေ့ကျင့်ခန်းလုပ်ရပေမဲ့ ဘရိတ်ဖတ်စ် (Breakfast) မနက်စာက ကျွေးစရာ မရှိဘူး။

ဒါပေမဲ့က ‘ကျငန်း’ လို့ခေါ်တဲ့ လက်ဖက်ခြောက်နှပ်ရည်ထဲ သကြားထည့်သောက်တယ်။ နို့ မပါဘူး။ နောက်တခါ ထမင်းချက်အဖွဲ့ရဲ့ ‘သာလွန်ဂျုစ်’ ဆိုတဲ့အသံကို မျှော်ကြတယ်။ အသံကြားတာနဲ့ ခွက်လေးတွေကိုင်ပြီး တန်းစီရတယ်။ သူငယ်တန်း သမိုင်းဖတ်စာထဲက သာလွန်မင်းတရားကြီးရဲ့ ခြွေတာရေးသာဓကကို အစွဲပြုပြီး ထမင်းရည်ကို ‘သာလွန်ဂျုစ်’ လို့ပဲ နာမည်ပေးထားတယ်။ ဟင်းက နေ့စဉ် ပဲဟင်းနဲ့ အာလူးချည်းပဲ။ ချက်တာလည်း တပုံစံထဲ။ ပေးတဲ့ရာရှင်နဲ့က ဒီပုံစံပဲချက်မှ အားလုံး လောက်ငှမှာလေ။ တခါတလေ ... ထမင်းတောင် မဝဘူး။ အထူးသဖြင့် လူသစ်တွေ တိုးလာတဲ့အချိန်။

ဒီလိုရှိတယ်။ ကျနော်တို့ရတဲ့ခွဲတမ်းက လူဦးရေနဲ့ ပေးတာဆိုတော့ ဥပမာ လူ ၁၀၀ စာဆိုပြီး ရိက္ခာထုတ်ပေးလိုက်တယ်၊ ဒါပေမဲ့ နောက်တနေ့ လူသစ်တွေ ၂၀-၃၀ တိုးလာပြီဆို ... ရိက္ခာမလောက်ငှတော့ဘူး။ အဲဒီအတိုင်း တပတ်လုံး မလောက်မင စားရတာ။ နောက်တပတ်ကျမှ ရိက္ခာတိုးတယ်။ ဒါပေမဲ့ လူသစ်ရောက်လေ ... မလောက်ငလေပဲ။

ဒီလို ထမင်းမဝလို့လည်း ကျနော်တို့အားလုံး စိတ်မပျက်ပါဘူး၊ လူသစ်တွေရောက်ရင် စိတ်ဓာတ်တွေ တက်ကြွပြီး ပျော်ကြတယ်။ ကိုယ့်မှာရှိတဲ့စောင်တွေ အတူမျှခြုံကြတယ်။ အရင်က လူတယောက် စောင် ၂ ထည်ကနေ နောက်တော့ စောင်တထည် လူ ၂ ယောက်ဖြစ်သွားတယ်။

လူသစ်တွေလာပြီဆို ... ကျနော်တို့တတွေ စခန်းအဝင်ဂိတ်ပေါက်ဝမှာ တန်းစီပြီး ကျောင်းသားသမဂ္ဂ သီချင်းတွေ၊ ဘီအိုင်အေခေတ် စစ်ချီတေးတွေ လက်ခုပ်တီး သံပြိုင်ဆိုပြီး ကြိုဆိုကြတယ်။

“ငါတို့ရဲ့ ဦးခေါင်းများသည် ... သွေးချင်းချင်းနီပြီ၊ သို့သော် ... ညွှတ်ကားမညွှတ်ပါပြီ ... နာဇီတပါတီ အမြစ်ကမကျန် ... တိုက်ခဲ့ပြီ ... ကျောင်းသားသမဂ္ဂတပ်ဦး ချီလာပြီ ...”

တော်လှန်သီချင်းတွေ ဝိုင်းဆိုတော့ ... စခန်းထဲဝင်လာသူတွေလည်း စိတ်ဓာတ်တွေ တက်ကြွ၊ ကျနော်တို့လည်း ပျော်မြူးကြ။

အဲ ... နောက်နောက်ပြောင်ပြောင်တွေလည်း ရှိတယ်။

လူသစ်တွေဝင်လာပြီဆို တယောက်က ဘောပင်၊ စာရွက်လေးကိုင်ပြီး …

“အသားမစားတဲ့လူ ဘယ်သူရှိလဲ၊ စာရင်းပေးပါ”

“အမဲသားစားလား”

“ဝက်သားစားလား?”

“သက်သတ်လွတ် ဘယ်နှစ်ယောက်ပါလဲ?” ဆိုပြီး အတည်ပေါက် စာရင်းတောင်းကြတာမျိုး။ လူသစ်တွေက ဘယ်သိလိမ့်မလဲ၊

“အကုန်စားပါတယ်”

“ကျနော် အမဲသားမစားဘူး”

“ကျနော် ဝက်သားမစားဘူး” နဲ့ အဟုတ်မှတ်ပြီး စာရင်းပေးကြတယ်။

အစအနောက်သန်တဲ့ထဲမှာ အခု ... ခေတ်သစ်ပန်းချီဆရာဆိုပြီး နာမည်ကြီးနေတဲ့ ပန်းချီထိန်လင်းနဲ့ စစ်နိုင် (နယ်စပ်မှာ ကွယ်လွန်)တို့ လူရွှင်တော် ၂ ယောက်က အကဲဆုံး။ လူသစ်တွေလာပြီဆို ‘စစ်နိုင်’ က၊ ကသဲ စစ်ဗိုလ်ပုံစံဖမ်းပြီး (စစ်အင်္ကျီ၊ စစ်ဦးထုပ်နဲ့) ထိန်လင်းက စကားပြန်ပုံစံနဲ့ အင်တာဗျူးလုပ်တာပေါ့။ လူသစ်တယောက်ဖြစ်တဲ့ ဖျာပုံနယ်က ‘ကိုတာရာ’ ဆို ... အတော်ခံလိုက်ရတယ်။ စစ်နိုင်က ကသဲစကားလိုလိုနဲ့ ပါးစပ်ထဲတွေ့တာ ဗလွတ်ချလွတ်တွေ လျှောက်ပြောတာ။ ကိုထိန်လင်းက သူစိတ်ကူးတည့်ရာ ဘာသာပြန်ချင်ရာပြန်တာ။

ဥပမာ “ခင်ဗျား ဘယ်လိုစွန့်စွန့်စားစား ထွက်လာခဲ့တာလဲ?၊

“အခု စစ်သင်တန်းပေးပြီးရင် လက်နက်ကိုင်ပြီး ခင်ဗျား တကယ်တိုက်ရဲလား?

“ခင်ဗျားမိသားစုကို မလွမ်းဘူးလား … ရည်းစားမရှိဘူးလား? … ဘာညာပေါ့။

ဟိုကလည်း အဟုတ်ထင်ပြီး အပီအပြင်တွေ ဖြေတာ။ ဘေးကလူတွေက နားထောင်ပြီး ကြိတ်ရယ်ကြတယ်။ အဲလို မဟုတ်တာကို အဟုတ်ထင်အောင် အတည်ပေါက် မြှောက်ပင့်လိမ်ညာပြောတာကို ကျနော်တို့က ‘ကြပ်တယ်’ လို့ ခေါ်တယ်။ လူသစ်ဆိုရင် အများစုက ‘ကြပ်’လေ့ရှိတယ်။ နောက်တော့ ကျနော်တို့နေတဲ့ လိပ်ခွန်းတောင်ကုန်းတောင် ‘ကြပ်ကုန်း’ လို့ နာမည်တွင်သွားသေးတယ်။ အဲလောက်ဆိုးတာ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်သားတွေပီပီ ဆင်းရဲတာ၊ စိတ်မွန်းကြပ်တာ၊ ဒုက္ခရောက်တာမျိုးဆိုလည်း ကြံဖန်ပြီး ရယ်စရာတွေလုပ်၊ နောက်နောက်ပြောင်ပြောင်နဲ့ စိတ်ထွက်ပေါက်ရှာကြတာပေါ့လေ။

နောက်ပိုင်းကျတော့ ရာသီဥတုဒါဏ်၊ အဟာရချို့တဲ့ပြီး ခပ်ညံ့ညံ့ အစားအသောက်ဒါဏ်၊ ကျန်းမာရေးချို့တဲ့တဲ့ဒါဏ်တွေနဲ့ အဓိကကျတဲ့ လက်နက်ကိုင်သင်တန်း မရှိဘဲ နဂိုရည်မှန်းချက်အတိုင်း ဖြစ်မလာတဲ့ဒါဏ်၊ အိမ်လွမ်းတဲ့ဒါဏ်တွေကြောင့် စိတ်ပျက်ပြီး ပြန်သွားသူတွေ အစုလိုက်အပြုံလိုက်ပဲ။ အဓိက ကတော့ လက်နက်ကိုင်တော်လှန်ရေး လိုအင်တွေ မပြည့်ကြလို့ပါ။

နောက်ပိုင်း ရန်ကုန်စီးပွားရေးလောကမှာ အောင်မြင်နေတဲ့ ပြည်တော်ပြန်တယောက်ဆိုရင် ... သူ မပြန်ခင် ပြောသွားတာလေး သတိရမိသေးတယ်။

“နောက်ဆုံးတော့ ... အာလူးနဲ့ပဲ ကြာကြာစားနိုင်တဲ့သူတွေပဲ ဟောဒီတောင်ကုန်းကြီးမှာ ကျန်ရစ်မှာ” ... ဆိုတာလေးပေါ့။

ကိုညို (အော်စလို)


 

No comments: