ပြန်ပြီးပြီလား မေးကြတဲ့အခါ
မပြန်ရသေးပါဘူးဗျာ၊
ပြန်တော့မှာလား မေးပြန်တဲ့အခါ
မပြန်ဖြစ်သေးပါဘူးဗျာ၊
ပြန်ဦးမှာလား မေးရင်တော့
ပြန်မှာပေါ့ဗျာ၊
ပြန်ချင်တာပေါ့ဗျာ
ကျနော်လဲ ကိုယ့်မွေးရပ်မြေ ပြန်ချင်တာပေါ့
ပိတောက်ပန်းတွေ ပွင့်တဲ့မြေမှာ
ခွပ်ဒေါင်းတွေ အတောင်ဖြန့်တဲ့ တိုင်းပြည်မှာ
မေတ္တာတရားတွေပေါ ကြွယ်ဝတဲ့
မိသားစုနဲ့ ချစ်မိတ်ဆွေတွေကြားမှာ
ဆုံးရှုံးခဲ့သမျှအတွက် အားပါးတရ ငိုကြွေးလို့
ဘဝကို အသစ်ပြန်စချင်တာပေါ့၊
သနပ်ခါးနံ့၊ ခရေပန်းနံ့
မိုးဦးကျရဲ့မြေသင်းနံ့
လန်းဆန်းလတ်ဆတ်တဲ့ ဧရာဝတီရဲ့ ညနေခင်း
အစိမ်းရောင် မြက်ခင်းပေါ်က နှင်းစက်
မြောက်ဘက်ပိုင်းက တောင်တံတိုင်းကြီးများ
နွေဦးကာလ မြူထတဲ့ အလှများ
လွမ်းမော ခံစားချင်တာပေါ့၊
ဒီမြေကိုကျောခိုင်းထွက်ခွာခဲ့တုံးကလဲ
လွယ်လွယ်ကူကူ မဟုတ်ခဲ့
ဒီမြေကို အနိုင်ကျင့်နေတဲ့
လူရမ်းကားတွေ ရှိနေသေးသ၍
ဒီမြေကို ပြန်လည်ခိုလှုံဖို့ဆိုတာလဲ
လွယ်လွယ်ကူကူ မဖြစ်နိုင်
ကြောက်စိတ်နဲ့ အိပ်မက်တွေ အားပြိုင်နေကြ၊
တကယ်တော့လဲ
သူစိမ်းတွေရဲ့မြေမှာ
ကျနော်ဟာ ဧည့်သည်တစ်ယောက်ပါ
ဘဝဆိုတာလဲ
သမုဒ္ဒရာထဲက ရေပွက်တစ်ပွက်မျှသာ
အနောက်ဘက် တောင်ကုန်းကြီးမှာ မိုးစုန်းစုန်း မချုပ်ခင်
အရိုးသားဆုံးနှလုံးသားများကို တမ်းတတွယ်တာ၊
ပြန်ချင်တာပေါ့
တစ်နေ့တော့ ပြန်မှာပေါ့ဗျာ။ ။
ဇန်နဝါရီ ၃၁၊ ၂၀၁၃
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment