Tuesday, January 29, 2013

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားခရီးစဉ်နဲ့ မိတ်ဆွေတု မိတ်ဆွေယောင် (ကိုညို)

ကျနော်တို့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒဿမမြောက် ပြည်ပနိုင်ငံခရီးစဉ်အဖြစ် တောင်ကိုးရီးယားနိုင်ငံကို တနင်္လာနေ့ကပဲ ဆိုက်ရောက်သွားပါပြီ။ ဒီခရီးစဉ်မတိုင်မီ ဟာဝိုင်ယီကျွန်း အလည်ပတ်ခရီးစဉ်က မွန်းကြပ်ရှုပ်ထွေးပြီး၊ ဝေဖန်မှုတွေနဲ့ အငြင်းပွားစရာတွေ ပြည့်နှက်နေတဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးလောကရဲ့ ဘဝအမောတွေကို ယာယီအခိုက်အတန့်အားဖြင့်တော့ မေ့ပျောက်စေမှာပါ။

ဟာဝိုင်ယီကျွန်းရဲ့ သဘာဝအလှတွေ၊ ကျွန်းသူကျွန်းသားတွေရဲ့ ပျူငှာနွေးထွေးပြီး ချစ်စရာကောင်းတဲ့ ကြိုဆိုဧည့်ခံမှုတွေနဲ့ ထူးခြားတဲ့ ယဉ်ကျေးမှု၊ အစားအသောက်တွေက ... ဒေါ်အောင်ဆန်းစုကြည်အတွက် သတိတရ စာတိုပေစ ရေးစရာလေးတွေ ဖြစ်လာနိုင်သလို တသက်တာအတွက် လှပတဲ့အိပ်မက်တွေလို သူ့စိတ်အာရုံမှာ မမေ့မပျောက်ရှိနေနိုင်ပါတယ်။

ကျနော်တို့တတွေက တိုက်ပွဲထဲကနေရထားတဲ့ ရှားရှားပါးပါး လူထုခေါင်းဆောင်ကို အဲဒီလို အေးအေးချမ်းချမ်းနဲ့ အပူအပင်ကင်းကင်းရှိနေတာ မြင်ချင်တာပေါ့။ ဒါပေမယ့် လက်တွေ့မှာတော့ ကျနော်တို့ခေါင်းဆောင်ဟာ တိုင်းပြည်အတွင်းမှာသာမက တိုင်းပြည်ပြင်ပမှာပါ အလိမ်အညာတွေ၊ ကိုယ်ကျိုးရှာတွေ၊ ကျင့်ဝတ်ပျက်နေတဲ့ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေနဲ့ ဆုံဆည်းနေရတော့ ကျနော်တို့ရင်ထဲ မကောင်းလှဘူး။


အဲလို ကျင့်ဝတ်ပျက် အတ္တဝါဒီတွေဆိုတာ တိုင်းပြည်အတွင်းအပြင်က မြန်မာလူမျိုးတွေသာမကဘူး၊ ပြည်ပနိုင်ငံတွေက နိုင်ငံရေးသမားတွေ၊ အစိုးရတွေပါ ကျနော်တို့ခေါင်းဆောင်ကိုဝန်းရံပြီး ကျနော်တို့နိုင်ငံနဲ့ ပြည်သူတွေကို ပါးပါးလှီးနေလို့ဖြစ်တယ်။ အဲဒါတွေ ကျနော်တို့ မြင်နေရလို့လည်း ဒီလိုစာမျိုး ရေးဖြစ်သွားတာ။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုးရီးယားခရီးစဉ် အနေအထားတွေကိုပဲ ဖွင့်ချပြောပြချင်တယ်။

လက်ရှိသမ္မတ အီမြောင်ဘတ် ရန်ကုန်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး ဓာတ်ပုံရိုက်ခဲ့တာကြောင့် ကိုရီးယား သတင်းစာတွေက နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့ အာဏာရှင်အတွေးအခေါ်သမား မတူမတန်ဓာတ်ပုံ တွဲရိုက်သင့်သလားလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အခုလည်း သမ္မတနဲ့ သမ္မတလောင်းကို တောင်ကိုးရီးယား သတင်းစာတွေကနေ ဝေဖန်သရော်နေပါပြီ။ အာဏာရှင်သမီးနဲ့ လွတ်လပ်ရေးဖခင်တယောက်ရဲ့သမီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နဲ့ ယှဉ်တွဲ ဓာတ်ပုံမရိုက်ပါနဲ့ ဆိုပြီး ရေးသားခဲ့တာတွေ ရှိပါတယ်။ ဒေါ်စုကိုဖိတ်ခေါ်တဲ့ အာဏာရ Saenuri Party က လက်ရှိသမ္မတ အီမြောင်ဘတ်နဲ့ ရွေးကောက်ပွဲအနိုင်ရပါတီ(Saenuri Party) ရဲ့အမျိုးသမီး သမ္မတလောင်း ဘတ်ဂွန်ဟှဲတို့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလက မိမိတို့နဲ့ လားလားမှမသက်ဆိုင်သလိုနေခဲ့ပြီး မြန်မာ့အရေးအတွက် စိတ်ဝင်စားမှုလည်း မပြခဲ့ဘူး။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုရီးယားနိုင်ငံက မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ ပါတီပေါင်းစုံ လက်မှတ်ထိုးတောင်းခံမှုမှာလည်း ခေါင်းရှောင်ခဲ့သလို၊ အဲဒီကာလတွေက စစ်အစိုးရနဲ့ စီးပွားရေး ပူးတွဲလုပ်ခဲ့တယ်။ သမ္မတလောင်း ဘတ်ဂွန်ဟှဲကိုယ်တိုင် အတိုက်အခံအမတ်ဘဝက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ရုံမက ဒီလိုလက်မှတ်ထိုးလိုက်ရင် မိမိတို့နဲ့ လက်ရှိမြန်မာအစိုးရ (စစ်အစိုးရ) တို့ စီးပွားရေး အကျိုးတူဆောင်ရွက်နေတာကို ပျက်ပြားနိုင်တယ်လို့ ပြောင်ပြောင်တင်းတင်း ပြောခဲ့ဖူးသူလည်းဖြစ်တယ်။

အခု သမ္မတလောင်း ဘတ်ဂွန်ဟှဲ ဆိုတဲ့ အမျိုးသမီးကလည်း အာဏာရှင်သမတ ပတ်ချုံဟီးရဲ့သမီး ဖြစ်တယ်။ (ကျနော်တို့ ငယ်ငယ်က ပတ်ချုံဟီးဖလား ဘော်လုံးပွဲဟာ နာမည်ကြီးတယ်။ အာဏာရှင် ဦးနေဝင်းက မြန်မာအားကစားသမားတွေကို စေလွှတ်ခဲ့တယ်) ပတ်ချုံဟီးက ဦးနေဝင်းထက် တနှစ်စောပြီး ၁၉၆၁ ခုမှာ စစ်အာဏာသိမ်းပြီး တက်လာသူ ဖြစ်တယ်။ ၁၉၇၉ ကျတော့ သူ့ရဲ့ထောက်လှမ်းရေးအကြီးအကဲကပဲ လုပ်ကြံခဲ့တယ်။

အဲဒီနောက်ပိုင်း တောင်ကိုးရီးယားရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ အာဏာရှင် ပတ်ချုံဟီးခေတ်ထက် ပိုမိုပွင့်လင်းခဲ့တယ်။ ပတ်ချုံဟီးလက်ထက်က စီးပွားရေးကိုပဲ လုပ်ခဲ့ပြီး ဒီမိုကရက်တစ် စံချိန်စံညွှန်းတွေ မျက်ကွယ်ပြုခဲ့တယ်။ ဒီမိုကရေစီယဉ်ကျေးမှုထက် စီးပွားရေးဖံွ့ဖြိုးမှုကို အသားပေးခဲ့သူဖြစ်တယ်။ ဒီနေ့ စစ်အစိုးရအမွေကိုဆက်ခံတဲ့ ကြံ့ဖွတ်အစိုးရရဲ့ အတွေးအခေါ်နဲ့ တထပ်တည်းပဲ။

ကျနော်တို့ခေါင်းဆောင် နေအိမ်အကျယ်ချုပ်ကျနေတုန်းက တကယ်တမ်း လူအား၊ ငွေအား၊ စိတ်ဓာတ်အားတွေနဲ့ ပံ့ပိုးအားပေးပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရှေ့တမ်းကဆောင်ရွက်ပေးခဲ့တာက ဒီမိုကရက်တစ် ညီညွတ်ရေးပါတီ (DUP) က အခုတော့ အတိုက်အခံပါတီ ဖြစ်နေတယ်။ အဲဒီပါတီရဲ့ ခေါင်းဆောင်၊ ယခင် နိုဘယ်ဆုရှင် သမ္မတ ကင်ဒေးဂျုံပါတီက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ရှိနေတုန်း အားတက်သရော ထောက်ခံခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ ကိုယ်တိုင်သံရုံးသွားပြီး ဗီဇာလျှောက်ခဲ့ပေမယ့် မြန်မာအာဏာပိုင်တွေ လက်မခံလို့ မတွေ့နိုင်ခဲ့ဘူး။

သူဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ၊ လှုံ့ဆော်မှုတွေ တက်တက်ကြွကြွလုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ဆုရရှိဖို့ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သူ ဖြစ်တယ်။ ဒီမိုကရက်တစ် ပါတီဝင်တွေကိုယ်တိုင် ဟိုတုန်းက စစ်အစိုးရကို ကန့်ကွက်ရှုံ့ချတာ၊ အရေးယူတာ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲဖော်ဆောင်တာတွေကအစ တက်တက်ကြွကြွ ဆောင်ရွက်ပေးခဲ့တာ ဖြစ်တယ်။ မြန်မာ အတိုက်အခံ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ကူညီအားပေးထောက်ခံခဲ့တယ်။

ဒီနေ့ အာဏာရပါတီဟာ တချိန်က မြန်မာ့ဒီမိုကရေစီရေး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ ကင်းကင်းကွာကွာ နေခဲ့သူတွေဖြစ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာ ခေါင်းဆောင်တန်းဝင်ပြီး အာရှ၊ ဥရောပ၊ အမေရိကား နိုင်ငံတွေကို အလည်အပတ်တွေသွား၊ စီးပွားရေးလုပ်ငန်းတွေ ညှိနှိုင်းဝင်လုပ်နေတာတွေ့တော့မှ တချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာရင် နောက်ကောက်ကျမှာစိုးရိမ်ပြီး အလောတကြီး ဆက်ဆံလာဟန်တူတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုးရီးခရီးစဉ် အစီအစဉ်အသေးစိတ်ကိုဖတ်ကြည့်တော့ တချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေ မိုးထဲလေထဲရောက်နေချိန် စာနာအားပေးကူညီခဲ့ကြတဲ့ သမ္မတဟောင်း ကင်ဒေးဂျုံပါတီကလူတွေကို ဘေးဖယ်ထားတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ဖက်ရည်တခွက်အတူ သောက်ခွင့်တောင် ပေးမထားဘူး။ ကိုရီးယားက မြန်မာ့ဒီမိုကရေစီ အင်အားစုတွေအတွက်တောင် မျက်နှာပူစရာအဖြစ်။

မြန်မာ့ဒီမိုကရေစီရေးအတွက်၊ တစိုက်မတ်မတ် စေတနာထား ဆောင်ရွက်ပေးနေတဲ့ အင်ချွန်းမြို့တော်ဝင် ဆုံရောင်ဂီးနဲ့ တောင်ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုတွေ “အတိုက်အခံအဖွဲ့ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတောင် ဒီပုဂ္ဂိုလ်နဲ့တော့ တွေ့ဖြစ်အောင်တွေ့ခွင့်ပေးပါ”လို့ မေတ္တာရပ်ခံလို့ ဖေဖော်ဝါရီ ၁ ရက် မနက်ကျမှ မိနစ် ၂၀ လောက် တွေ့ခွင့်ရခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ ကိစ္စမှန်သမျှ ထောက်ပံ့ကူညီပေးနေတဲ့ ဘုန်းတော်ကြီးတပါးနဲ့လည်း တွေ့ခွင့်မရဘူး။ ‘ဘုန်းတော်ကြီး အင်မ်ရောင်တန်’ ဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်လွတ်လွတ်ချင်း ရန်ကုန် အင်းယားကန်နံဘေးက အိမ်အမှတ် ၅၄ ကို အပြေးအလွှား သွားခဲ့သူပါ။

ပြီးတော့ ဘုန်းတော်ကြီး ဦးဆောင်တဲ့ (Dongguk University) ဒွန်ဂုတက္ကသိုလ်ဟာ၊ မြန်မာ့အရေးကို အားပေးရုံမက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ NLD လူငယ်တွေရဲ့ ပညာရေးစကောလားရှစ် အစီအစဉ်တွေ၊ စာသင်ကျောင်းတွေအပြင် နာဂစ်ဒုက္ခသည်၊ မိဘမဲ့များ၊ ရွှေဝါရောင်သံဃာတော်များ ထောက်ပံ့ရေး၊ ထိုင်း-မြန်မာနယ်စပ် ရွှေ့ပြောင်းကျောင်း၊ ဒုက္ခသည်စခန်း အစရှိတာတွေကို မပျက်မကွက် ထောက်ပံ့အားပေးနေတာ ဖြစ်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတွေတွေ့ဆုံမယ့် အစီအစဉ်ကို Seoul University ဆိုလ်းတက္ကသိုလ်နဲ့ Yonsei University ယွန်ဆိုင်းတက္ကသိုလ်မှာပဲလုပ်ရမယ်လို့ စီစဉ်လိုက်တော့ ကိုးရီးယားက မြန်မာတွေ မျက်နှာပူစရာအနေအထားတွေ ဖြစ်နေရော ...။

ဒီထက်ဆိုးတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ယူဖိတ်ကြားတဲ့ ဖျောင်ချမ်း အိုလံပစ်ကော်မတီက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လိုက်ပါမယ့် လူ ၄ ယောက် အတွက် အလာလက်မှတ်ပဲတာဝန်ယူပြီး အပြန်လက်မှတ် ဝယ်မပေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးရုံးက မြန်မာ့ဒီမိုကရေစီအဖွဲ့တွေကို အပြန်လက်မှတ်အတွက် တာဝန်ယူခိုင်းပါတယ်။ ဒီသတင်းက ဟုတ်မှဟုတ်ရဲ့လား၊ တခုခုတော့လွဲနေပြီလို့ထင်ပြီး မယုံနိုင်ဘူး။ ဒါနဲ့ တောင်ကိုးရီးယားက မိတ်ဆွေတွေကိုမေးမြန်းစုံစမ်းကြည့်တော့ အဟုတ်ပဲ။ သတင်းက မှန်တယ်။ နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရတဲ့ ဘုန်းတော်ကြီး အင်မ်ရောင်တန်ကပဲ သူ လေးစားချစ်ခင်တဲ့မိတ်ဆွေအတွက် အပြန်လက်မှတ် ဝယ်ပေးလိုက်တယ်တဲ့။ ဘယ်လောက်များ ဝမ်းနည်းစရာကောင်းလဲ။

ပြီးတော့ ရှိသေးတယ်၊ အရင်စစ်အစိုးရလက်ထက်က စီးပွားရေးတွေတွဲပြီး အကြီးအကျယ်လုပ်ခဲ့ကြတဲ့ (အခုလည်း လုပ်တုန်း) ကိုရီးယားခရိုနီတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခမ်းနားတဲ့ ညစာစားပွဲတွေ၊ တွေ့ဆုံညှိနှိုင်းပွဲတွေလည်း (၅) ရက်ကြာ ကိုရီးယားခရီးစဉ်မှာ ပါတယ်။ အဲဒီ ကိုရီးယားခရိုနီတွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရန်ကုန် တက္ကသိုလ် ဘက်စုံမွန်းမံရေးနဲ့ ပညာရေးအစီအစဉ်အတွက် ဒေါ်လာသိန်းနဲ့ချီ လှူဒါန်းမယ့်သတင်းတွေကလည်း ကြိုထွက်နေတယ်။

ကဲ … ဇာတ်လမ်းကတော့ မသန်း ပဲ ...။

ဆင်သွားရင် လမ်းတော့ဖြစ်ပါရဲ့ တိုးတိုက်ထိခိုက်မိလို့ ကျိုးကြေ၊ နင်းမွခံလိုက်ရတွေတော့ အများကြီး။ မြန်မာနိုင်ငံအဖို့ ဒီလိုကာလမှာ ဘက်ပေါင်းစုံက အကူအညီတွေလိုတာတော့ အမှန်ပဲ။ ငွေကြေးနဲ့ နည်းပညာအထောက်အပံ့တွေက ထိပ်တန်းက လိုတာပေါ့။ ဒီထက်ပိုပြီး လိုအပ်တာက ‘မိတ်ဆွေကောင်း’ တွေပါ။ ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်သွားခဲ့တဲ့နိုင်ငံတိုင်းမှာ ဒေါ်စုက မိတ်ဆွေကောင်းတွေအကြောင်း၊ ကျင့်ဝတ်တရားတွေနဲ့ မေတ္တာ၊ စေတနာတွေ လွမ်းခြုံတဲ့ ဗုဒ္ဓအတွေးအခေါ်ဒဿနတွေကို အမြဲဆွေးနွေးဝေငှလေ့ရှိတာ သတိထားမိပါတယ်။ ဒါပေမယ့် ဒေါ်စု ယုံကြည်တဲ့၊ လိုလားတဲ့ ကျင့်ဝတ်သီလနဲ့ မိတ်ဆွေစစ်အမျိုးအစားတွေ အမှန်တကယ်ရှာဖွေတွေ့ ရှိ၊ မရှိတော့ ကျနော်တို့ မသိဘူး။

ဒါပေမယ့် ကျနော်တို့ကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် မိတ်ဆွေကောင်းတွေ တွေ့ခဲ့ပါတယ်။ သူတို့ဟာ ရိုးရှင်းတယ်။ အပေးပဲ ရှိတယ်၊ အယူ မရှိဘူး။ ကျနော်တို့လိုအင်ရင် အမြဲပြုံးပြီး ပေးတတ်တယ်။ သူတို့ဆီက အများဆုံးရတတ်တာက မေတ္တာ၊ စေတနာနဲ့ စာနာရိုင်းပင်းမှုတွေ ဖြစ်တယ်။ အဲဒါတွေနဲ့ပဲ အနှစ် ၂၀ ကျော် ကျနော်တို့ မတ်မတ်ရပ်နိုင်ခဲ့တယ်။ ကျနော်တို့ ပြန်ပေးနိုင်တာကလည်း အသိအမှတ်ပြုမှုနဲ့ အပြန်အလှန် မေတ္တာလေးတခုထဲပါ။

ကျနော်တို့မှာ ငွေ မရှိဘူး၊ အာဏာ မရှိဘူး၊ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ ဒါပေမယ့် ကျနော်တို့အပေါ် အမြဲခွင့်လွှတ်နားလည် ချစ်ခင်နေတဲ့ အမိလို အဖလို ညီလိုအကိုလို မိတ်ဆွေကောင်းတွေတော့ ရှိပါတယ်။ အာဏာတွေ၊ ငွေတွေထက် သစ္စာတရားနဲ့ လူ့ကျင့်ဝတ်တရားတွေပဲ ကျနော်တို့ မက်မောတယ်။ လူကိုလူလိုပဲ အသိအမှတ်ပြုချင်တယ်။ သူခိုးကို သူခိုးလို့ပဲ သဘောပေါက်ထားချင်တယ်။ လူသတ်သမားကို လူသတ်သမားလို့ပဲ နားလည်ထားချင်ပါတယ်။

မိတ်ဆွေကောင်း မိတ်ဆွေစစ်နဲ့ပတ်သက်ပြီး သတိရတာတခု ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီမှာ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအဖွဲ့တခုရဲ့ နှီးနှောဖလှယ်ပွဲတခု သွားတက်ခဲ့တယ်။ သိတဲ့အတိုင်း အိန္ဒိယက တရုတ်နဲ့ မြန်မာ နီးနီးကပ်ကပ်ရှိတာကို တချိန်လုံးဝေဖန်နေတာ။ အဲဒီ အခမ်းအနားကို မြန်မာသံအမတ်ကြီး ဦးကျော်သူ (နောက်ပိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး) တက်စကားပြောတယ်။ သူက တခွန်းထဲပြောတယ် “Friend in need, Friend in Deep” တဲ့ လိုအပ်တဲ့အချိန်မှာ ကူညီသူဟာ မိတ်ဆွေစစ်တဲ့။ ၈၈ တုန်းက စစ်တပ်က ဒုက္ခရောက်တော့ အိန္ဒိယက ဘာအကူအညီပေးလို့လဲ ... တဲ့၊ တရုတ်က ကျနော်တို့ကို အကူအညီပေးခဲ့တယ်တဲ့။ ရှင်းရှင်းပဲ ပြောသွားတယ်။

လက်ပံတောင်းမှာ ဦးအောင်မင်း တရုတ်ကျေးဇူးဖော်ထုတ်သွားတာနောက်မှ သမ္မတဟောင်း ဒေါက်တာမောင်မောင်ရဲ့ သား သံအမတ် ဦးကျော်သူက နယူးဒေလီမှာ အပြတ်ပြောပြီးပြီ။

နားထောင်နေတဲ့ အိန္ဒိယနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေဘာတခုမှ မပြောနိုင်ဘူး၊ ပါးစပ်ဟောင်းလောင်းနဲ့။ ၈၈ က စလို့ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေ မိုးထဲလေထဲ ဒုက္ခရောက်တုန်း ...

ဘယ်သူတွေ ကူညီခဲ့လဲ ?
ဘယ်သူတွေ ဝင်ရှုတ်ခဲ့လဲ?

ခရိုနီတွေလား ? ၊ စီအိုင်အေလား ? ၊ NGO တွေလား ? ၊ စစ်ဗိုလ်ချုပ်တွေလား ?

ကျနော်တို့တတွေ မိတ်ဆွေစစ်ဆိုတာ ဘာမှန်းမသိရသေးရင်တောင် မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေအကြောင်းတော့ သေသေချာချာ သိသင့်တယ် ထင်တာပဲ။

ကိုညို (အော်စလို) 


 

No comments: