Wednesday, January 23, 2013

နှမလက်လျှော့ ... ကိစ္စ (ကမာပုလဲ)

တွံတေးသိန်းတန်က သေသွားပြီ
“ဃ” က မယ်တယ်လ် ပဲ ဆိုနေတော့ ခက်တယ်
အရွဲ့တိုက်နေတဲ့ ဆောင်းအအေးဒဏ်အောက်မှာ
ကချင်ပြည်နယ်က စစ်ဘေးသင့်ကလေးတွေအတွက် ...
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ချီတက်နေသူတွေအတွက် ...
အချိန်နဲ့အမျှ ရတက်မအေးနိုင်ခဲ့ဘူး ...


ဒီနေ့ ရုံးမှာ သတင်းစာရှင်းလင်းပွဲ လုပ်တယ်
(ခြတွေ ပိုးဟပ်တွေ ကိုက်ခဲ့ စားခဲ့ ပျော်ပါးခဲ့ကြတဲ့ သတင်းစာအဟောင်း အမြင်းတွေကို ရှင်းပစ် မီးရှို့ရတာပါ) ...
ဒို့ သမတကြီး တဲ့ ... သေလိုက်ဖို့ကောင်းတယ် ... ကဗျာနဲ့ မီးလှုံမတဲ့ ... အနုပညာနာလိုက်တာ ... ဒီလောက်ပြောင်ကျကျ အနိုင်ကျင့် တိုက်နေတဲ့ စစ်ကို ထောက်ခံချင်တဲ့ ဒူးမနာသားသမီးတွေက ရှိသေး ... မင်းပြောမှလား ... စစ်ဖြစ်နေမှတော့ ဘယ်တိုင်းပြည် တိုးတက်ပါ့မလဲ ... စစ်ဖြစ်နေရတဲ့ တရားခံစစ်စစ်ကိုကျတော့ ... ခေါင်းပေါင်းကလေးသုတ်ပေးလိုက် ... တောင်ရှည်ပုဆိုးချုပ်ဖို့ ပိုးမွေးလား မွေးပေးလိုက်နဲ့ ... ဒါကိုပဲ နိုင်ငံရေးလုပ်သယောင်ယောင် ... အေး ...ပြောလိုက်မယ် ... ရှော်ဖီလဲ ထောင်ကျတယ် ... ရှော်ဖီသားလည်း ထောင်ကျခဲ့တယ် ... ထောင်ထဲမှာ တထီးတနန်း ဘုရင်တဆူလို ကျခဲ့တာ ... အေး မင်းတို့လည်း ရှော်ဖီလို ထောင်စည်းစိမ်နဲ့ သူရဲကောင်းမဖြစ်ချင်ကြနဲ့ ... ဒို့ကိုက မှားခဲ့တာပါ .... မင်းတို့အပေါ် ထင်တလုံး မြင်တလုံး မျှော်လင့်မဆုံးဖြစ်ခဲ့ကြတာ ...

တွံတေးသိန်းတန်က သေသွားပြီ ...
“ဃ” က မယ်တယ်လ် ပဲ ဆိုနေတော့ ခက်တယ် ...
“နှမလက်လျှော့ နေလေတော့တဲ့”
ခက်တယ် .... ဒီခေတ်ထဲမှာ ....

ကမာပုလဲ 
၂၂၊ ၁၊ ၂၀၁၃။

မှတ်ချက် ။ ။ ပန်းချီက ဆရာကြီး ခင်မောင်ရင် ရဲ့ ပန်းချီလက်ရာဖြစ်တယ် ... ဆရာ ခင်မောင်ရင်ဟာ “နှမလက်လျှော့ နေလေတော့” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း စီစဉ်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ် ...


 

No comments: