“အာလူးနဲ့ ကြက်သွန် ခိုးစားနေသူတွေက ... တော်လှန်ရေးလုပ်မှာတဲ့လား”
“အာလူးနဲ့ ပဲ ... ခိုးစားနေတဲ့သူတွေနဲ့ တော်လှန်ရေးအောင်မြင်ပါ့မလားကွ”
“အာလူးခိုးစားနေသူတွေက ... တော်လှန်ရေးလုပ်ကြမှာတဲ့လားကွ”
ည ၁၁ နာရီဝန်းကျင် တိတ်ဆိတ်နေတဲ့အချိန်၊ မဏိပူရတောင်နံရံတွေတောင် ပဲ့တင်ခတ်ပြီး စူးစူးဝါးဝါး ထွက်လာတဲ့ အသံနက်ကြီးကြောင့် ရုံးခန်းထဲမှာစာဖတ်နေရင်း ဦးဇင်း ဦးဝရနဲ့ကျနော် ဘားတိုက်အပြင်ကို ပြေးထွက်ကြည့်လိုက်တယ်။
ကိုလှစိုးပါ။ မန္တလေးတက္ကသိုလ် မြန်မာစာဌာနက။ ဖျင်တိုက်ပုံထူထူ၊ လုံခြည်တိုတိုနဲ့ လည်ပင်းမှာ မာဖလာပတ်ထားတယ်။ သူ့ရဲ့ခံစားမှုမီးတောက်က မဏိပူရဆောင်းရာသီ အအေးဒဏ်ကို အနိုင်ယူထားတယ်။
“အာလူးနဲ့ ပဲ ခိုးစားနေပြီး တော်လှန်ရေးလုပ်အုံးမှာတဲ့လား”
ဦးဇင်း ဦးဝရကိုမြင်တော့ ကိုလှစိုး ငြိမ်လိုက်တယ်။ ဘားတိုက်ထဲ ပြန်ဝင်သွားတယ်။ ကျနော်တို့တတွေအားလုံး မျက်နှာတွေ မကောင်းကြဘူး။ အားလုံး ခေါင်းငိုက်စိုက်တွေ။ လက်ရှိဘဝအနေအထားတွေကို အားလုံးက မကျေနပ်ကြတာ အမှန်။ စခန်းကလူကြီးတွေကိုလည်း အားနာတယ်။ သူတို့လည်း ရဲဘော်တွေအားလုံး လုံလုံလောက်လောက်စားနိုင်အောင် စီစဉ်လိုက်တာပဲ။ တခြားနည်းလမ်းလည်း ရှာမတွေ့တော့ ငတက်ဖျားနည်း သုံးလိုက်တာ။
ဖြစ်ပုံကဒီလို ...။ ဒုက္ခသည်စခန်းမှာက ရိက္ခာမလောက်င၊ ထမင်းမဝ၊ ဟင်းမလောက်ပြဿနာက အမြဲကြုံတယ်။ ပြဿနာတခုခုဖြစ်ပြီဆိုရင် … အဲဒီစားဖိုဆောင်ကနေ စတာ များတယ်။ ကသဲ အာဏာပိုင်တွေ ရိက္ခာထုတ်ပေးတာက လူတယောက် … ဆန်၊ ဆီ၊ ကြက်သွန် ဘယ်လောက်နှုန်းဆိုပြီး ပေါင်းပေးတာ။ သူပေးတဲ့လူဦးရေအမှန်ဆို ကိစ္စမရှိ၊ လူက တိုးလာတာဆိုတော့ မလောက်ဘူး။ ဒါတောင် တချို့စိတ်ဓာတ်ကျပြီး ပြန်သွားရင် ရိက္ခာထုတ်ပေးတဲ့ ‘ရိုခူးမား’ ကို အသိမပေးဘဲ မှိန်းထုတ်နေတာ။ နောက်မှအသိပေးတာ။
ကျနော်တို့ကိုပေးတာ မလောက်ငှတာလည်း ခဏခဏတင်ပြတယ်။ သူတို့ကလည်း အထက်ကလာတဲ့ စာရင်းအတိုင်းပေးတာလို့ ပြောတယ်။ ကျနော်တို့က မယုံဘူး။ ဒီလူတွေ ဒုက္ခသည်တွေဆီက ဖြတ်ခိုးနေတယ်လို့ထင်တယ်။ သူတို့ခိုးတာ အရေးမကြီးဘူး။ ကိုယ့်ရဲဘော်တွေက မဝရေစာစားရတော့ ခဏခဏ ပြဿနာများတယ်။ ဒါနဲ့ပဲ ငတက်ဖျား အော်ပရေးရှင်းကို ကြံစည်ခဲ့တာ။
ရိက္ခဂိုထောင်က ကျနော်တို့ရုံးခန်းနဲ့ ကပ်ရက်ပဲ။ သော့ကိုတော့ သူတို့ယူထားတယ်။ သူတို့ကလည်း သော့ ၂ ထပ် ခတ်ထားတာ။ ဒါပေမယ့် ဂိုဒေါင်အပြင်ဘက် အပေါ်က လေဝင်ပေါက် (လေသာပြူတင်းပေါက်) မှန်တခါးလေးရှိတယ်။ လွယ်လွယ်ဝင်လို့ မရဘူး။ နံရံကနေ တယောက်က ထမ်းတင်ပေးရင် … ခန္ဓာကိုယ်သေးသေးတယောက်က အသာလျှိုပြီးဝင်ရတာ။ ကလေးမြို့က ‘စန်းနိုင်’ က ဘော်ဒီ သေးသေးကွေးကွေးလေး။
သူက ပင်တိုင် ရိက္ခာဂိုဒေါင် တက်ခိုးရတယ်။ သိပ်များများယူလည်း ရိပ်မိမှာစိုးတော့ ကြက်သွန်ဥ တပိဿာ၊ ဆန်တပြီ၊ ဆီအစိတ်သား ... သကြားနည်းနည်းပေါ့။ မစို့မပို့လေးကို နာမည်ပျက်ခံပြီး အသဲအသန် ခိုးရတာ။ အဲဒါကြီးကို အားလုံးက သိပ်မကြိုက်ဘူး။ အငတ်ခံမယ် မခိုးဘူး၊ အဟာရပြည့်မီအောင်တော့ စားဖို့လိုမယ် ဘာညာနဲ့ ... သဘောထားအမျိုးမျိုးကို ခေါင်းဆောင်ပိုင်းက ဆွေးနွေးအစည်းအဝေးလုပ် ... မဲခွဲပြီးဆုံးဖြတ်ကြတာ။ ရိက္ခာ အခြေအနေမကောင်းရင် ‘စန်းနိုင်’ တို့ ငတက်ဖျား အော်ပရေးရှင်းလုပ်ရပြီ။ ဒီလိုနဲ့ “အာလူးခိုးစားသူတွေရဲ့ ... တော်လှန်ရေး” ဆိုပြီး ဝေဖန်သံတွေ ကြားရတော့တာပဲ။
ကျနော်တို့ ‘ဒီမိုကရက်တစ် ပြောက်ကျားတပ်ဦး’ (BDGF)က ရန်သူကိုသာ ပြောက်ကျားတိုက်ပွဲ မဆင်နွှဲရတာ ... ကျနော်တို့ပတ်ဝန်းကျင်က အရွက်တွေ၊ အပွင့်တွေ၊ အသီးတွေ၊ တွားသွားသတ္တဝါနဲ့ အင်းဆက်ကောင်တွေကိုတော့ မကြာခဏ ပြောက်ကျားစစ်ဆင်ပြီး တိုက်လေ့ရှိတယ်။
ဒီအကြောင်းတွေ ပြောပြမယ်။ ပြောက်ကျားအဟာရ၊ ပြောက်ကျားဗီတာမင်တွေအကြောင်းပဲ ဆိုပါတော့။ ရယ်စရာတွေထဲက မောစရာတွေပေါ့။
ကျနော်တို့အားလုံး စခန်းကနေ နေ့လည်တကြိမ်၊ ညနေတကြိမ်၊ တောင်ခြေကချောင်းထဲ ရေချိုးဆင်းတတ်ကြတယ်။ ထုံးစံအတိုင်း လက်နက်ကိုင်အစောင့်တွေနဲ့အတူပေါ့။ အုပ်စုလိုက် လူရေတွက်ပြီး ဆင်းရတာ။ ချောင်းထဲဆင်းရရင် ပျော်တယ်။ တောထဲမှာ ဇီးဖြူသီးပင်တွေ ပေါတယ်။ ဇီးဖြူသီးတွေကို ဆား၊ ငြုပ်သီးထည့်ထောင်းရင် ဟင်းတခွက်ပေါ့။
အဲဒီအချိန် ငပိတွေ ဘာတွေ ဘယ်ရှိမှာလဲ။ နောက် ချောင်းထဲက ဂဏန်းကျင်းတွေနှိုက်ပြီး မီးဖုတ်စားတယ်။ ကဗျင်းရွက် (ချဉ်ပေါင်လိုချဉ်ပြီး အချဉ်ဟင်းချက်တယ်) နဲ့ ဖလောင်မွှေး၊ သရက်ကင်းရွက်တွေလည်း ရလေ့ရှိတယ်။ တခါတော့ သရက်ဖူးလိုအဖူးတွေနဲ့ အပင်တချို့တွေ့တယ်။ တမူးက ဝင်းနောင်နဲ့ ကျနော် ရေချိုးသွားရင်း အဖူးတွေခူးပြီး မြည်းကြည့်တယ်။ ဖန်သက်သက်နဲ့ သရက်ဖူးအရသာလိုပဲ၊ အနံ့တော့ မရှိဘူး။ လျှာတွေ ဘာတွေလည်း မယားဘူး။ ဒါနဲ့ပဲ ခူးချလာတယ်။ စခန်းထဲအဝင် အားလုံးက မေးကြတယ်။ ကျနော်က ခပ်တည်တည်ပဲ ‘ဖြူဂျီဖူး’ လို့ ပြောလိုက်တယ်။ ဖြူဂျီဖူးကို ချောင်းထဲကဖမ်းလာတဲ့ ဂဏန်းလုံး မီးကင်၊ ငါးရေပေါ် ငါးသေးသေးလေးတွေကင်ပြီး ရွှေလှံဘို ငြုပ်သီးစပ်စပ်၊ ဆားထည့်ထောင်းစားရင် ... စားညမိန်ကောင်းပဲ။
ကျနော်တို့တတွေ အသားမစားရဘူးဆိုပေမယ့် ကိုယ့်မှာရှိတဲ့ နာရီ၊ ဆွဲကြိုး၊ လက်စွပ်တွေကို ကသဲ စစ်သားတွေဆီ ထုလိုက်ရင် အမဲခြေတောက်နဲ့ စားစရာတချို့ ရလာတာပဲ။ ကျနော့်နာရီလေးဆို တလကျော်တာနဲ့ ကျွဲခြေထောက် ဖြစ်သွားတာပေါ့။ ‘ချန်ဒယ်မြို့’ လေးက ၂ မိုင်ကျော် ဝေးမယ်။ စခန်းကခိုးထွက်ပြီး တောလမ်းအတိုင်း ခြေကျင်လျှောက်ရင် ရောက်တယ်။ ချန်ဒယ်ဈေးထဲကနေ အမွှေးမီးမြှိုက်ထားတဲ့ ကျွဲခြေတောက်တစ်ချောင်းဆို လူ ၅ ယောက်စာအဝပဲ။ ကျွဲခြေတောက်ပြုတ်၊ ဖြူဂျီးဖူးသုတ်နဲ့ ထမင်းလုပ်ကို ဘယ်နတ်သုဒ္ဓါနဲ့မှ မလဲဘူး။ ကောင်းမှ ကောင်း။
ကျနော်တို့ အစောပိုင်းက တလကျော်ကျော် အသားမစားရတော့ သွေးသားအလိုနဲ့ ... စိတ်ကပါ အသားဓာတ်ကို တောင်းလာတာ သတိထားမိလာတယ်။ တခါတော့ တပ်ထဲက ခွေးတကောင် ကျနော်တို့တောင်ကုန်းပေါ် တက်လာတယ်။ စိတ်က အကောင်မြင်တာနဲ့ သတ်စားချင်စိတ်က ပေါ်နေတယ်။ ဒါနဲ့ ခွေးလည်း စခန်းနားရောက်လာရော ... “လိုက်ဟ ... လိုက်ဟ ... လိုက်ဟ” ဆိုပြီး ဝိုင်းလိုက်တာ။ ဘယ်မိမလဲ။ ခွေးက ကိုယ့်ထက်လျှင်တာပေါ့။ သူလည်း စားကြွင်းစားကျန် ရမလားဆိုပြီး နယ်မြေအသစ်ကို သတိနဲ့ချည်းကပ်လာတာ။ ကိုယ့် လူတွေ သံကုန်ဟစ်တာနဲ့ အသက်လုပြီး ပြေးတာပေါ့။ ခွေးပြေး ... ပြေးတယ်ဆိုတာ ကွက်တိ။
ကျနော်တော့ အဲဒီတောင်ကုန်းမှာ မြွေသားကို စပြီးစားဖူးတာပဲ။ တနေ့ကျတော့ ရေချိုးသွားရင်း ကသဲ စစ်သားတချို့ မြွေသတ်ပြီး လွှင့်ပစ်မယ်လုပ်တော့ ကျနော်တို့ထဲက ရဲဘော်တယောက်က တောင်းယူလာတယ်။ ကသဲက မေးတော့ သိပ်စားလို့ကောင်းတယ်။ ဆေးဘက်ဝင်တယ်လို့ ပြောတယ်။ မြွေအရေခွံခွာပြီး ဆီအိုးကပ်လေးနဲ့ ကျော်စားတာ ... ကောင်းမှ ကောင်း။ နောက်တော့ ကသဲတွေ မြွေရပြီဆို တုတ်ကလေးနဲ့ကလော်ပြီး ကျနော်တို့ကို လာ ... လာပေးတယ်။ မြွေမြင်ရင် လန့်တတ်တဲ့ ကျနော်ကိုယ်တိုင် နောက်ဆို အပြင်ထွက်တိုင်း တုတ်ကိုင်ပြီး မြက်ခင်းပဲ ကြည့်လျှောက်တော့တာ။ မြွေ တွေ့လိုတွေငြားပေါ့။
ဒီလိုနဲ့ ... ပြောက်ကျားရဲဘော်တွေ ရှာစားတတ်လာတယ်။ တောထဲမှာ ပုဇင်းရင်ကွဲတွေ အရမ်းပေါတယ်။ တကျီကျီနဲ့ သိပ် နားငြီးတယ်။ နှိမ်နင်းရမယ်ပေါ့။ ဒါနဲ့ ကလေးမြို့က တောကျွမ်းတဲ့ ဝင်းကိုတို့အုပ်စု တီထွင်တဲ့နည်းအတိုင်း ... ဖိနပ်စုတ်တွေကို မီးရှို့၊ ဓာတ်ဆီစိမ် (ကသဲ စစ်သားတွေဆီက ဓာတ်ဆီနည်းနည်းတောင်း) ပြီး ကော်လုပ်တယ်။ ဝါးရှည်ရှည်ထိပ်မှာ ဖိနပ်ကော်ကိုကပ်ပြီး ပုဇင်းရင်ကွဲတွေ ရှာဖမ်းတော့တာပဲ။ သိတဲ့အတိုင်း ပုဇင်းရင်ကွဲဆိုတာ .. တကျီကျီညံပေမယ့် လူသံကြားရင်၊ အနားကပ်လာရင် အသံပျောက်သွားတာ ရှာမရဘူး။ သူ့ကိုယ်ရောင်နဲ့ ပင်စည်နဲ့က တထပ်တည်း။ ရှာရတာ ဘယ်လွယ်လိမ့်မလဲ။ ဒါပေမယ့် ပြောက်ကျားတွေက သဲကြီးမဲကြီး ပြူးပြဲရှာတာ။ တခါသွားဖမ်းပြီး ရင်ပုဇင်းရင်ကွဲတွေ စခန်းတခုလုံးတောင် စားနိုင်တယ်။ နောက်ထပ် အင်းဆက်စစ်ဆင်ရေးတခုက ... ခါကျဉ်နီ အော်ပရေးရှင်း။
သစ်ကိုင်းဖျားတွေမှာ သစ်ရွက်တွေစုပြီး အထုတ်လိုက်ကြီးအုံဖွဲ့နေတဲ့ ခါကျဉ်တွေရဲ့အကိုင်းကို ဓားနဲ့ခုတ်ဖြတ်ပြီး ရေဖြည့်ထားတဲ့ ရေပုံးထဲ ထည့်ထားလိုက်တာ။ ခါကျဉ် ခေါပဏီတပ်ကြီး ကစဥ့်ကလျားဖြစ်တော့ ရေပုံးဆွဲပြန်။ ခါကျဉ်ဥနဲ့ အကောင်ပေါက်တွေက ချဉ်တင်တင်လေး အရသာ။ ကျနော်တို့က ကြော်စားတယ်။ ပြောက်ကျားတွေရဲ့ ဗီတာမင်စီပေါ့။
တနေ့ကျတော့ ရဲဘော်တချို့ စခန်းနားက သစ်မြစ်ကြီးကို ညာသံပေးပြီး တူးဆွနေကြတယ်။ ဘာတွေ့လို့လဲမေးကြည့်တော့ ကြွက်တကောင် ဝင်သွားလို့တဲ့ ... ကျနော်လည်း မြေကြွက် ဆူဆူဖြိုးဖြိုးကြီး စားရတော့မယ်ဆိုပြီး လုပ်အားပေးလိုက်သေးတယ်။ နောက်ဆုံးတော့ နှစ်ကျပ်ခွဲသားလောက်ရှိတဲ့ ကြွက်ကလေးတကောင်ဖြစ်နေတယ်။ နောက်ထပ်ဖြစ်ရပ်တခုက အတော်ဆိုးတယ်။ ပုတ်သင်ညိုတကောင်ကို ဝိုင်းလိုက်တာ။ အပင်ပေါ်တက်ပြေးတော့ အပင်ပါလှဲမယ်လုပ်လို့ မနည်းတားရတယ်။ နောက်ဆုံး ပုတ်သင်ညိုလည်း ပြောက်ကျားအစာဖြစ်ရတာပဲ။ ပုတ်သင်ညို မီးဖုတ်စားတာ အရာသာက ချိုတယ်။ ဒါပေမယ့် အသားက နည်းတယ်။ နံကြားကပ်နေတဲ့ အသားစနည်းနည်းလေးကို လုယက်စားကြတာ။
ကျနော်တို့တတွေ ... အဲလိုဘဝကို အဲဒီတခါပဲ ကြုံဖူးတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့လည်း တလ ၂ ခါတော့ အသားစားရပါတယ်။ တော်လှန်နယ်မြေဖြစ်ပေမယ့် သေးငယ်တဲ့စိတ်ကလေးတွေနဲ့ အလိုမပြည့်နိုင်တဲ့ စရိုက်တချို့လည်း တွေ့ရတတ်တယ်။ လူပီသတဲ့ လူ့စရိုက်လို့ပဲ ပြောရမလားပဲ။ ရီစရာလေးတခုပါ။ အသားဟင်းချက်ရင် ... လူတွေက သူ့အသားကျ ကြီးတယ်၊ ငါ့ကျတော့ သေးသေးလေးပဲပေးတယ်တို့၊ အသားတုံးဖျက်တာ အတုံးမညီဘူးတို့ ဝေဖန်လွန်းလို့ ... အသားတုံး အကြီးအသေး မျှတအောင် အပ်ချည်ကြိုးလေးတွေနဲ့ တွဲချီထားပြီး ချက်တာ။ ရွှေဉာဏ်တော် စူးရောက်သူတွေ ဖြေရှင်းပုံလေးကို သဘောကျလို့ပါ။ အဲလိုမှမရှင်းလည်း ပူညံပူညံအစ်ရှုးတွေက တက်လာအုံးမယ်။ ထမင်းစားရင် အမဲတုံးလေးတွေက အပ်ချီကြိုးတန်းလန်းလေးတွေနဲ့။
တရက်မှာ … ကံကောင်းချင်တော့ ကြောင်လျှာသီးပင်တပင် ဂေါ်ရခါးကုန်းမှာ သွားတွေ့တယ်။ ကြောင်လျှာသီးတွေ ပြွတ်နေတာပဲ။ မဏိပူရလူမျိုးတွေနဲ့ အိန္ဒိယက ဇိုမီး၊ မီဇိုချင်းတွေ ကြောင်လျှာသီး မစားတတ်ဘူး။ ဗမာတွေလာမှ စားရကောင်းမှန်း သိတာ။ နောက်ဆို ... ကြောင်လျှာသီး မကြာမကြာ စားရတယ်။
တခါတော့ စခန်းသစ်အောက်က ဝါးရုံပင်ကနေ ဝါးမျှစ်စို့တွေတွေ့လို့ ရဲဘော်တွေ ချိုးလာတယ်။ သိပ်စားလို့ကောင်းတယ်။ မျှစ်ချဉ်တောင်တည်လိုက်သေးတယ်။ သိပ်မကြာဘူး။ ကသဲ ရဲအရာရှိနဲ့ အရပ်သားတယောက် စခန်းပေါ်ရောက်လာတယ်။ ပါလာတဲ့အရပ်သားက သူ့ရဲ့ဝါးရုံတောက မွေးထားတဲ့ဝါးတွေကို ဒီက ဗမာတွေခိုးနှုတ်သွားတဲ့အကြောင်း တိုင်ပြောတာ။ ဒီမျှစ်ကနေ ဝါးဘယ်လောက် ထွက်နိုင်ကြောင်း၊ ဝါးတလုံးကို ဘယ်လောက် တန်ဖိုးကြီးကြောင်းတွက်ချက်ပြီး လျှော်ကြေးတောင်းလို့ စခန်းက မရှိမဲ့ရှိမဲ့ အလှုငွေတချို့ ပေးလျှော်လိုက်ရတယ်။
ကျနော်တို့ထဲက ပြောက်ကျားတပ်မှူးကြီး ကိုဘရမ် (ကိုသိန်းဌေး၊ နယူးရော့ခ်) က ဟင်းချက်ကောင်းရုံတင်မကဘူး။ လက်သမားအလုပ်၊ လက်နက်ဆင်တဲ့အလုပ်တွေပါ ကျွမ်းတယ်။ တရက်တော့ ဘယ်က သစ်သားတွေ၊ သားရည်ပင်တွေ ရလာလည်းမသိဘူး ...။ ဒူးလေးတလက် ကျကျနနလုပ်တော့တာပဲ။ သူ့ ဒူးလေးက သိပ်ကောင်းတယ်။ သန်တယ်။ ကျနော်တို့အားနဲ့ဆွဲပြီး မောင်းမတင်နိုင်ဘူး။ ကိုဘရမ်က ထောင်ထောင်မောင်းမောင်း၊ အသားဖြူဖြူ (ဂျူးကပြား) အားတောင့်တယ်။ သူ့ဒူးလေး သူတယောက်ထဲ ကိုင်နိုင်တယ်။
ကိုဘရမ် ဒူးလေးကိုင်ပြီး တောထဲသွားရင် ... ကျနော်တို့တတွေက “ကိုဘရမ် ယုန် ပါလာမလား၊ ဂျီပါလားမလား” “မဆလာထောင်းထားမယ်၊ ငြုပ်သီးထောင်းထားမယ်” ဆိုပြီး စနောက်လေ့ရှိတယ်။ သူ့ကို ကျနော်တို့ငယ်ငယ်က ဖတ်တဲ့ ကာတွန်းမောင်စိန်ရဲ့ ‘မုဆိုးကြီး လုံန္ဒကိ’ ဆိုပြီး စနောက်ခေါ်လေ့ရှိတယ်။
သူ ပြန်လာရင်လည်း “တောက် … နာတယ်ကွာ၊ ဂျီပေါက်လေးတကောင် နီးနီးလေးပဲ ... ဒူးလေး မောင်းတင်တုန်း ပြေးသွားတာ”တို့၊ “မျောက်တွေကွာ ... အုပ်လိုက်ကြီး၊ လျှိုထဲဆင်းပြေးတာ မမိလိုက်ဘူး” ဘာညာနဲ့ ညည်းပြလေ့ရှိတယ်။ ပြီးတော့ အမဲလိုက်ပြီးပြန်လာတိုင်း သူ့လက်ထဲ အမြဲတမ်းပါလာလေ့ရှိတာက ‘မြင်းခွာရွက်’ တွေချည်းပဲ။ ဒေါက်တာ အောင်ကျော်ဦးက သူ ဒူးလေးကိုင်ပြီး တောထဲထွက်တိုင်း “ကိုဘရမ် ... မြင်းခွာရွက်တွေ ပိုခူးခဲ့နော်” လို့ နောက်ပြောင်လေ့ရှိတယ်။
ကျနော်တို့စခန်းမှာ အမြဲတမ်း သရေစာလို မပြတ်စားလေ့ရှိတာက ‘စကပ်သီး’ပဲ။ စကပ်ပင်က နေရာအနှံ့ တောထနေတာ။ စကပ်သီးက ကြိမ်သီးအသေးစားနဲ့ တူတယ်။ သေးသေးလုံးလုံး။ မီးဖုတ်ပြီး အထဲကအဆံကို စားတာ ... နည်းနည်းစိမ့် တယ်။ ကြာကြာစားလို့ မကောင်းဘူး။ ဖန်လာတယ်။ လျှာတွေ ဖွယ်လာတယ်။ ဒါပေမယ့် ဝိုင်းဖွဲ့မီးလှုံရင်း ဟိုပြောဒီပြောနဲ့ စကပ်သီးလှော်စားရတာ ... သတိတရပဲ။ ကိုအောင်ကျော်ဦး (ကဗျာ မြတ်ထက်)ကတောင် ကဗျာတပုဒ် စပ်ထားသေးတာ။ အဲဒီတကြောင်း မှတ်မိနေတယ်။ ‘စကပ်သီးရလို့ ... လှော်စဉ်မှာ ငတ်ကြီးကျတို့ ပျော်ရွှင်စရာ’ ဆိုတာလေး။
တချိန်က ကျနော်တို့ပြောက်ကျားရဲဘော်တွေ ... အဲဒီလို တောထဲက အာဟာရတွေနဲ့ ကြံဖန်စားကြ၊ ပြောင်ကြ စကြရင်း ငြီးငွေ့စရာ၊ စိတ်ပျက်စရာကောင်းတဲ့ဘဝတွေကို နှစ်သိမ့်ပြီး ကျော်ဖြတ်ခဲ့ကြတယ်။
“ငါတို့ ... ရန်သူ့လက်အောက် ခေါင်းလျှိုမဝင်ဘဲ … ဒီနေရာမှာ တရက် တစက္ကန့် ပိုနေနိုင်ရင် ... တရက် တစက္ကန့် ပိုအသက်ရှည်ရင်တောင် ... ရန်သူကို တရက် တစက္ကန့်ကြာ တော်လှန်နေတာပဲဖြစ်တယ်” “ကိုယ်က ဘာမှ မလုပ်နိုင်သေးတောင် ... နယ်စပ်မှာ ကြံ့ကြံ့ခံ ရပ်တည်နေတာကိုက ရန်သူကို အာခံတာ၊ တော်လှန်တာဖြစ်တယ်” ဆိုတဲ့ အယူအဆတွေနဲ့ ကိုယ့်ဖာသာ စိတ်ဖြေနေခဲ့ကြတယ်။
ကျနော်လည်း ရှားရှားပါးပါး ဒုက္ခသည်စခန်းမှာရှိနေတဲ့ ဂစ်တာအစုတ်လေးတလက်ကိုတီးပြီး ကျော်ဟိန်းရဲ့ ‘ထာဝရ ရှင်သန်နေမယ်’ ဆိုတဲ့သီချင်းကိုစာသားပြင်ပြီး မကြာခဏ အော်ဆိုလေ့ရှိတယ်။
“ဟောဒီ ... လေထန်တောင်ကုန်းကြီးမှာ ... အာလူးနဲ့ ပဲ ရှိနေသရွေ့ ... ထာဝရ ရှင်သန်နေမယ်ဟေ့ ... ထာဝရ ရှင်သန်နေမယ် …”
ကိုညို
၃၀၊ ဇန်နဝါရီ ၂၀၁၃
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment