အာဏာရှင်စနစ်ရဲ့ ပန်းဥယျာဉ်ထဲမှာ
အကျဉ်းထောင်တွေဟာ
ပဟေဠိဖွက်တမ်းကစားတဲ့
ဝင်္ကဘာတွေဖြစ်လာတယ်။
ခွေးဆိုးတွေက
ချစ်စရာတိရိစ္ဆာန်ကလေးတွေဖြစ်လာတယ်။
နံပါတ်တုတ်တွေက
ဂေါက်ရိုက်တံကလေးတွေဖြစ်လာတယ်။
မျက်ရည်ယိုဗုံးတွေက
အိမ်အပြန်လက်ဆောင် သကြားလုံးကလေးတွေ ဖြစ်လာတယ်။
သေနတ်ထဲက
ကျည်ဆံက
ပစ်မှတ်ကိုတည့်တည့်မှန်ရင်
ချော့ကလက် တစ်ဒါဇင်ရတဲ့
သေနတ်ပစ်ကွင်းကလေးတွေနဲ့
ကြောက်ရွံ့စိုးရိမ်မှုဟာ
အပျော်စီး ချားရဟတ်ဖြစ်လာတယ်။
တရုန်းရုန်းနဲ့
အဓိကရုဏ်းတွေဟာ
နိဂုံးကမ္ပတ်မဲ့လာပြီး
နှစ်ကာလများဟာ
သရဲရထားကြီးဖြစ်လာတယ်။
ရေကူးကြ
ရေဆော့ကြ
မျက်ရည်တွေနဲ့ပြည့်နေတဲ့ ရေကူးကန်
အကြေးခွံလှန်ထားတဲ့ဘဝတွေဟာ
အမှောင်ချထားတဲ့
ကမ္ဘာကြီးထဲကနေ
အမှောင်ချထားတဲ့
အနာဂတ်ပြခန်းကိုသွားဖို့
အမှောင်ချထားတဲ့
နက္ခတ်ကြည့်မျှော်စင်ကနေ
အမှောင်ချထားတဲ့
လူ့အခွင့်အရေးပြပွဲဆီသွားဖို့
အာဏာရှင်စနစ်ရဲ့ပန်းဥယျဉ်ထဲမှာ
ပျော်ပွဲစားထွက်လာခဲ့ကြတဲ့
ကြမ္မာငင်လူသားတွေ
ဒီ တနင်္ဂနွေနေ့ကို
ဟို တနင်္ဂနွေနေ့လိုပဲ
ရောဂါပေါင်းစုံနဲ့ သင်္ဂြိုလ်လိုက်ကြတယ်။ ။
မိုဃ်းဇော်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment