‘ပုပ္ပားမောင် တောင်ကတုံး
သျှောင်ထုံးစို့ကွယ်’ တဲ့။
ဆရာဇော်ဂျီရဲ့ စေတနာ
ဆရာဇော်ဂျီရဲ့ ကဗျာထဲမှာ။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး
ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး
ကမ္ဘာကြီးမှာ ဘယ်သူကမှ မလှုံ့ဆော်ခင်
ဆရာဇော်ဂျီ ဦးဦးဖျားဖျား ကဗျာနဲ့
လှုံ့ဆော်ခဲ့တယ်။
အရက်ခွက်တွေ မြှောက်မြှောက်ပြီး
အရက်ခွက်တွေ တေ့တေ့ပြီး
ကမ်းပေ့ ကမ်းပေ့ တပေ့ပေ့နဲ့
ဝမ်စွေ့ - ဝမ်စွေ့ - တစွေ့စွေ့နဲ့
နှစ်ဦးနှစ်ဖက် (ပြည်သူ မပါ) တဲ့
အကျိုးတူ စီးပွားရေးတံဆိပ်ကပ်
လူကြားကောင်းအောင် အသံကုန် ဟစ်အော်ပြီး
လက်ပံတောင်းတောင် ကြေးစင်တောင်
စပယ်တောင်တန်းကြီးတွေကိုတော့
ဖုတ်၊ သုပ်၊ ကင်လှော်၊ ကြော်ချက်
(ငါးသလောက်လို) ပေါင်းစားလိုက်ကြတယ်။
ကြေးစင်တောင်၊ စပယ်တောင်
လက်ပံတောင်းတောင်တွေဟာ
ပုပ္ပားတောင်လို တောင်ကတုံးတွေဖြစ်လို့
သျှောင်ထုံးပေးဖို့ ဘယ်သူတွေကများ
အားထုတ်ခဲ့ကြသလဲ။
အဲဒီလိုအရေးကိစ္စတွေကို အားမထုတ်
ထန်းတက်သမားတွေမဟုတ်
ထန်းပင်ပေါ်ကလူတွေကတော့
လူသိရှင်ကြား ‘တရားအားထုတ်’ နေကြတယ် ဆိုပါကလား။
မောင်သင်းခိုင်
ရနံ့သစ် မဂ္ဂဇင်း ၂ဝ၁၃၊ ဇန်နဝါရီလ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment