Monday, August 20, 2012

သခင်ကိုယ်တော်မှိုင်း (သို့မဟုတ်) ငြိမ်းချမ်းရေး ပိသုကာ (ဒဂုန်တာရာ)

(၁) 
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အမျိုးသားကဗျာဆရာကြီးအဖြစ် စာပေမှစတင်သိသော်လည်း ငြိမ်းချမ်းရေးပိသုကာ ဆရာကြီးအဖြစ်နှင့် ချစ်ကျွမ်းခင်မင်ရခြင်းဖြစ်ပေသည်။

ဒေါင်းဋီကာ၊ မျောက်ဋီကာ၊ စသော စာအုပ်များကို ကျောင်းနေစဉ်က ဖတ်ခဲ့ရ၍ သွက်လက်သော ကာရန်ဖြင့် စကားရွှန်းရွှန်း၊ ဇဝနဉာဏ်ရွှင်ရွှင် ရေးသားသည့် ဆရာကြီး၏ ဟန်တို့၌ စွဲငြိခဲ့၏။

မစ္စတာမောင်မှိုင်း မှာတော်ပုံ ဝတ္ထု၌ ကိုပေါ ညည်းပုံကို …

‘တမယားသေလျှင် တမယားနေစမြဲပေမဲ့၊ စံလျားအခြေ နှစ်ပါးဂဟေမြဲမယ့်သူရဲ့၊ (အမယ်မင်း) မယားအနေရဲရမလားတဲ့လို့၊ အလကား အမေကမဲမဲပြီး (ခင်အုံရယ်) အဖွားအေက ဆဲမှာက တမှုပါ၊’ စသော လူ့ သဘာဝသရုပ်ကို လေးချိုးကြီးဖြင့် ခပ်ရွှင်ရွှင် ရေးသားခဲ့၏။


လူချင်း စတင်ဆုံတွေ့ဖူးသည်ကား စစ်မဖြစ်မီခေတ် တက္ကသိုလ်သမဂ္ဂ၌ ဝါဒဖြန့်ချိရေးမှူးအဖြစ် ဆောင်ရွက်ခဲ့စဉ်က ဖြစ်ပေ၏။ အမျိုးသားနေ့၌ ညဘက်တွင် တရားပွဲများချပေးရာ တက္ကသိုလ်သမဂ္ဂတွင် ဆရာကြီး ဟောပြောပြီးနောက် မြေနီကုန်းတွင် ဆက်စရာရှိသဖြင့် ကျွန်တော်ပင် လိုက်ပို့ပေးရ၏။

ဆရာကြီးမှာ ထုံးခြောက်ရောင် ခပ်ဖျော့ဖျော့ပုဝါကို လျော့တိလျော့ရဲ ရစ်ပတ်ထားသည်။ ဆရာကြီးသည် ဘယ်တော့မှ မပေါင်း၊ လက်နှင့် ကဗျာကရာ ရစ်ပတ်လိုက်သည်သာ ဖြစ်၏။

ငွေရောင်ကဲ့သို့ ဖြူဖွေးသော ဆံစများမှာ ထုံးခြောက်ရောင်ထက်မှ သွယ်ရရယ်ကျနေ၏။ နှုတ်ခမ်းမွေးဖြူဖြူမှာ ဇရာ၏ အမှတ်အသားဖြစ်သော်လည်း ပြုံးကြည်ရွှင်ပြသော မျက်လုံးအကြည့်မှာ ခိုင်မာလေးနက်ခြင်း အရောင်ဖြင့် တောက်ပနေသည်။ စကားပြောလိုက်သောအခါ ခေတ်မီသောသဘောများကို ကြားရလိမ့်မည်။ လူငယ်ကဲ့သို့ တက်ကြွပျိုလွင်ခြင်းကို တွေ့ရှိရလိမ့်မည်။

ကားပေါ်တွင် ဗဟန်းကောလိပ်ခေတ်ကို တတွတ်တွတ်ပြောပြရာ နားထောင်၍ကောင်းလှ၏။ ထိုအခါက ကျွန်တော်တို့မှာ မွေးစသာရှိသေး၏။ ဆရာကြီး၏ ရှေးဖြစ်ဟောင်းကို ပြန်ပြောနေသည်မှာ အားရစရာ ကောင်းလှသည်။

တချက်တချက် ကွမ်းသွေးထွေးလိုက်ပြီးနောက် စကားကိုဆက်ပြန်၏။

‘ဒီတုန်းကဆိုတာ ဆရာ့စိတ်ထဲမှာ တခါထဲ လူမျိုးခြားအနှောင်အဖွဲ့ကလွတ်ပြီး ကိုယ့်မင်းကိုယ်ချင်း ဘဝကိုသာ ရောက်တော့မလို စိတ်မာန်က တက်နေတုန်းပေါ့ …’

ကျွန်တော်က ၁၉၂၀ သပိတ်အရေးတော်ပုံမှ ပေါက်ဖွားလူးလွန့်လာသော အမျိုးသားကောလိပ်ကြီးကို စိတ်ကူးနှင့် မှန်းကြည့်နေခဲ့ရ၏။ အမ်-အေ မောင်ကြီးတို့ အကြောင်းရောက်ကာ အမျိုးသားကောလိပ်ကြီးပျက်ရပုံကို ပြောပြနေပြန်၏။

‘ဒို့လွတ်လပ်ရေးဟာ မင်းတို့ လူငယ် ကျောင်းသားတွေ လက်ထဲမှာရှိတယ်။ မောင်အောင်ဆန်းဟာလဲ လူတော်ကလေးကွဲ့’ ဟု ကျွန်တော်တို့ဘက်သို့ လှည့်ကာ ပြောနေသည်။

မော်တော်ကားသည် မြေနီကုန်း အဝိုင်းကြီးကို ပတ်လိုက်လေပြီ။

ဓာတ်မီးတိုင်မှ အလင်းရောင်များကြောင့် ဆရာကြီး၏ မျက်နှာမှာလင်းနေသည်။ ဆရာကြီး၏ မျက်လုံးတို့မှာ အသက်အရွယ်ကြောင့် မီးခိုးရောင်ရှိသော်လည်း အကြည့်၌ကား ထက်မြက်လျက်ပင်ရှိသေး၏။ ပင်နီအပေါ်ဖုံး အဖြူထက်မှ ကွမ်းရိုးစင်း ပန်းရောင်နုလုံချည် စသော ဗမာဆန်သောအသွေးမှာ ဆရာကြီး၏ဟန်ပန်နှင့် ပဏ္ဏာရနေ၏။ ယခုခေတ်တွင် နိုင်ငံခြားအငွေ့အသက် မပါ၊ ဗမာဆန်ဆန် အမျိုးသားကြီးတဦးကိုပြပါဆိုလျှင် ဆရာကြီးကို ပြရပေမည်။

စကားပြောရာ၌ လက်ညှိုးကိုထောင်ကာ ခေါင်းကိုငဲ့လျက် ဖြေးညင်း ညင်သာစွာ ပြောသည်။ အသံမှာ သိမ်မွေ့သည်။ လူငယ်များကို ရင်းနှီးချစ်ခင်စွာ ဆက်ဆံသည်။ ဟာသရွှင်ရွှင်နှင့် ဝေဖန်ပြောလေ့ရှိသည်။ ဆရာကြီးပြောလျှင် ကျွန်တော်တို့မှာ အမြဲရယ်မောကာနေကြရသည်။

သူ၏ လေးချိုးကဗျာကဲ့သို့ အမြီးအမောက် မတည့်သော လူနေမှုစနစ်၊ မမှန်ကန်သော လူ့သဘာဝတို့ကို ဟာသဖြင့် ပြက်ရယ်ပြုတတ်သည်။

မြေနီကုန်း တရားပွဲလုပ်နေရာ၌ ကားသည်ရပ်လိုက်သည်။ လက်ဦးပြောသူများကား ပြောလျက်ပင်ရှိသည်။ ထိုညတွင် ဆရာကြီးသည် တရား ၃ ပွဲ ၃ နေရာ၌ ဟောရမည်ဖြစ်သည်။

ဆရာကြီးသည် ကားပေါ်မှဆင်းပြီး ‘အေး အေး ကြိုးစားကြကွယ်။ မကြာခင် လွတ်လပ်ရမှာပေါ့’ ဟုဆိုကာ ခေါင်းတငြိမ့်ငြိမ့်နှင့် နှုတ်ဆက်ကာ ထွက်သွားသည်။

ဓာတ်ခွက်မှ ဒေါမာန်ပါပါနှင့်ပြောနေသော အမျိုးသားနေ့လူထုတရားပွဲ ပရိသတ်ကြီးထဲသို့ တိုးဝင်သွားသော ဆရာကြီးကို လှမ်းမြင်လိုက်ရသည်။

ထုံးခြောက်ရောင် လျော့ရဲရဲ ပဝါ၊ ပင်နီ၊ ပန်းနုနှင့် အ .. ကွမ်းရိုးစင်း၊ နှုတ်ခမ်းမွေးဖြူဖြူ၊ ကိုယ်နေ မတ်မတ် ဖိုင့်ဖိုင့်၊ ဤသဏ္ဌာန်မှာ ပဌမဦးဆုံး တွေ့ဖူးသော ဆရာကြီး၏ ရုပ်သွင်ဖြစ်ပေသည်။

ကျွန်တော့်မှာ လူထုကြီးထဲသို့ တိုးဝင်သွားသော ဆရာကြီးအား အမျိုးသားလွတ်လပ်ရေး၏ အမှတ်တံဆိပ်အဖြစ် ရင်တွင်း၌ စွဲလမ်း မှတ်သားထားခဲ့ပေသည်။

(၂) 

ဂျပန်ခေတ်၌ ရွှေတောင်ကြားတွင် ဆရာကြီးနှင့် နီးကပ်စွာ တွေ့ဆုံရပြန်သည်။

ထိုအခါက ဆရာကြီးမှာ ရွှေတောင်ကြားလမ်းနှင့် ချင်းချောင်းရိပ်သာ လမ်းဒေါင့်ရှိ ကုန်းမြင့်ပေါ်ထက် ထင်းရူးပင်များနှင့် တိုက်ဝယ် နေထိုင်လျက်ရှိသည်။ ကျွန်တော်မှာ တအိမ်ကြားရှိ ဗိုလ်ဇေယျနှင့် အတူနေခိုက်ဖြစ်သည်။ ဆရာကြီးထံသို့ ဒို့ဗမာအစည်းအရုံးဥက္ကဋ္ဌ သခင်တင်မောင် (ယခု ကွယ်လွန်ပြီ) နှင့် သွားတတ်ကြသည်။ သခင်တင်မောင်မှာ ကျွန်တော့်ကို မကြာခဏ လာခေါ်လေ့ရှိသည်။

ဆရာကြီးမှာ အမျိုးသားနေ့တရားပွဲတုန်းက ရုပ်သွင်ကဲ့သို့ပင် ခပ်ရွှင်ရွှင်အမူအယာနှင့်။ ပင်နီ ရှပ်အင်္ကျီအဖြူခံပေါ်မှ အနက်ကွက် ပလေကပ်လုံချည်နှင့် တွေ့ရတတ်သည်။ ပင်နီရှပ်မှာ ရင်ခွဲဖြစ်၍ လုံချည်အပြင် ထုတ်ဝတ်ထားသည်။ လမ်းလျှောက်သည့်အခါ လက်တဖက်က လုံချည်ကိုခပ်ဆတ်ဆတ် ကြွ၍ကြွ၍ သွားလေ့ရှိသည်။

လဘက်ကို တွင်တွင်စားသည်။ နှမ်းဆီဖြင့်ရွှဲနေသော လဘက်ခွက်ကိုတိုးပေးကာ ‘စားကွ’ ဟု ကျွန်တော်တို့ဘက်သို့ လှည့်ပြောလေ့ရှိသည်။

လဘက်ခွက်ထဲရှိ ဆီထဲ၌ကား ပုဇွန်ခြောက်နှင့် ကြက်သွန်ကြော်တို့မှာ နန်းချင်းဖြစ်ပေ၏။ ဧည့်သည်များကား ဥဒဟို ဝင်ထွက်သွားလာလျက် ရှိကြသည်။ အများအားဖြင့် တပည့်တပန်းများဖြစ်ကုန်သော သခင်များ ဖြစ်ပေကြသည်။

ဆရာကြီးသည် နိုင်ငံရေးနှင့်ပတ်သက်၍ ပြောဆိုသည့်အခါ ဘယ်သူ့ကိုမှမညှာ။ ရှင်းရှင်းဘွင်းဘွင်းပင် ပြောသည်။ စောစောပိုင်းကပင် ဂျပန်ဆန့်ကျင်ရေးသမားဖြစ်ကာ သခင်အောင်ဆန်းတို့အား ‘မင်းတို့ပင့် လာတဲ့ဘုရား နှင်ချလို့မရဘူးလား’ ဟု ပြောင်ပြောလေသည်။ တနေ့လုံး နိုင်ငံရေးစကား ပြောလေသည်။

နိုင်ငံရေးစကား ပြောလျှင် မောပန်းသည် မရှိ။ ထမင်းစားလာခေါ်မှ ထစားသည်။

တခါတရံ ဂျပန်သတင်းစာ ဆရာများ ပေါက်လာတတ်၏။ ထိုအခါမျိုးတွင် သခင်တင်မောင်က စကားပြန် လုပ်ရ၏။

ဂျပန်များရှေ့တွင်ပင် ဗမာများသည် ရာဇဝင်အစဉ်အလာအရ ဘယ်သူ့ကျွန်အဖြစ်မှမခံဘဲ နေလာခဲ့ပုံများကို အခြေခံကာ အမျိုးသားဇာတိမာန်ကို ဖော်လေ့ရှိ၏။ ဂျပန်များကား လေးလေးစားစားပင် နားထောင်နေကြရ၏။

ဆရာကြီးသည် ဗုံးရန်ကိုလည်း အမှုမထားတတ်။

တည၊ သခင်တင်မောင်က အတင်းဆွဲထားသဖြင့် ဆရာကြီး၏ အိမ်တွင် အိပ်ရပေသည်။ လေယျာဉ်ပျံလာ၍ အောက်ထပ်သို့ဆင်းကာ ခြံထောင့်ရှိ ဗုံးကျင်းထဲ ပြေးဆင်းကြ၏။ ဆရာကြီးမှာ ဘယ်သူခေါ်၍မှ မရဘဲ စိတ်ပုတီးကိုင်ကာ လသာသာ၌ ခြံထဲရှိလမ်းကလေးတွင် လမ်းလျှောက် မပျက်၊ ပုတီးစိပ်မပျက်….။

ဗုံးကား တဝေါဝေါ ကြဲချလျက်ရှိရာ သမီးဖြစ်သူ ဆရာယော(ဇေယျ)၏ ဇနီးက

‘ဖေဖေ ... လူရိပ်မြင်မယ်။ ဖေဖေက ကိစ္စမရှိဘူး။ ဂျပန်တွေက တမျိုးထင်နေအုံးမယ်။ အိမ်ထဲဝင်နေပါ’ ဟု စိုးရိမ်ကြီးစွာ လှမ်းပြောလိုက်မှ ‘ဟင်’ ဟု တချက်ဆိုကာ မှောင်ရိပ်ရှိသောတံခါးဝ၌ အသာကပ်လိုက်လေသည်။

ကျွန်တော်နှင့် သခင်တင်မောင်မှာ ဥသြအရှည်ဆွဲလိုက်မှ ဗုံးကျင်းထဲမှထွက်လာကြသည်။ ဆရာကြီးကား သူ့အခန်းထဲ၌ အေးဆေးစွာပင်ထိုင်နေကာ ‘အင်း … ဘယ်နေရာတွေများ ချပြန်ပလဲမသိဘူး။ သတ္တဝါတွေ သေကြကျေကြအုံးတော့မှာပဲ။ စစ်ကြီးပြီးမှ ဖြစ်မယ်ဟေ့’ ဟု တည်ငြိမ်စွာ ပြောနေလေသည်။

(၃) 

သည့်နောက်၌ကား ဆရာကြီးနှင့် တော်တော်ကြာ မဆုံတွေ့ဘဲ နေခဲ့ကြသည်။ အမှန်အားဖြင့် ဆရာကြီးမှာ ကျွန်တော့ကို ဖြတ်ကနဲ ဖြတ်ကနဲသာတွေ့လိုက်ရ၍ မှတ်မှတ်ရရ ရှိချင်မှလည်းရှိပေမည်။ နိုင်ငံရေးသမားများနှင့်သာ အတူတွေ့သည်ဖြစ်၍ နိုင်ငံရေး နယ်ပယ်ထဲကဟုသာ သာမန်မှတ်ထင်မည်ဖြစ်၏။ စာအကြောင်း ပေအကြောင်းလည်း တခါမျှ မယ်မယ်ရရ မဆွေးနွေးဖူးဖြစ်။

၁၉၅၀ ခုက၊ ကျွန်တော် စာရေးဆရာအသင်း ဥက္ကဋ္ဌဖြစ်စဉ်က စာဆိုတော်နေ့ လူထုအစည်းအဝေး၌ ဆရာကြီးနှင့် စကားပြောလိုက်ရပြီးနောက် တရုတ်ပြည်သွားကြတော့မှ လက်ပွန်းတတီးနေခွင့်ရကာ ခင်မင်ရင်းနှီးလာလေ၏။

ထိုအခါကား သခင်ကိုယ်တော်မှိုင်းမှာ ငြိမ်းချမ်းရေးပိသုကာဆရာကြီး ဖြစ်နေပေပြီ။

လေးကန်ဖင့်နွဲခြင်း မရှိ။ လူငယ်များထက်ပင် ဖျတ်လတ်တက်ကြွနေသည်ကို အံ့သြစွာတွေ့ရ၏။ တရုတ်ပြည်တွင် လည်စရာကြည့်စရာ အစီအစဉ်များရှိရာ ဘယ်အစီအစဉ်မှ မလိုက်ဟူ၍ ချန်နေရစ်သည်မရှိ။ ‘ဆရာကြီး ပန်းနေမယ်။ နေချင် နေရစ်ခဲ့ပါလား’ ဟု အလိုက်တသိ ပြောသည့်အခါ လက်ကာလိုက်ကာ ‘လိုက်တာပေါ့။ ကိစ္စမရှိပါဘူး။ ဆရာ လိုက်နိုင်ပါတယ်’ ဟုပြောကာ ပန်းရောင်ပဝါကို အသာခွေပတ်လိုက်သည်။

ဟန်ချောင်၌ ဥယျာဉ်ကြီးတခုသို့ သွားလည်ရာ တောင်ပေါ်သို့တက်သည့်နေရာ တနေရာရှိ၏။ တချို့ မိန်းမ ကိုယ်စားလှယ်တော်များမှာ တောင်အောက်ရှိ သစ်ပင်အောက်၌ အပန်းဖြေရင်း နေရစ်ခဲ့ကြ၏။ ဆရာကြီးမှာ မမောမပန်း တက်လိုက်သွား၍ တရုတ်ရဲဘော်များမှာ အံ့သြနေကြရသည်။

‘လိုက်တာပေါ့ကွ’ ဟု အစီအစဉ်တိုင်းကို လွယ်လွယ်ကူကူပင် လက်ခံသည်။ ကျွန်တော်တို့မှာ အသက် (၇၆) နှစ် အရွယ်နှင့် သည်လောက် ဖျတ်လတ်ပျိုလွင်နေခြင်းရှိသည်ကို အံ့သြနေကြရသည်။

ခရီးလမ်းတလျှောက်လုံးလည်း ဆရာကြီးကြောင့် စိုပြေနေခဲ့သည်။

ကောလုံမှ ဟောင်ကောင်ဘက်သို့အကူး ကူးတို့ဆိပ်တွင် ကူးတို့ကြေးထုတ်ပေးသည်ကို မြင်ရသောအခါ ‘ဂိတ်ကြေးလားကွ’ ဟု ဆရာကြီးကပြော၍ ကျွန်တော်တို့မှာ မရယ်ဘဲမနေနိုင်ကြ။ မော်စီတုန်း၏ ဧည့်ခံပွဲတွင်လည်း လက်၌ပတ်ထားသော ပုတီးကို ကဗျာကရာဖြုတ်ကာ အိတ်ထဲထည့်ပြီး ‘သခင်နုနဲ့ မှားနေပါအုံးမယ်ကွာ’ ဟု ပြောရာ ကျနော်တို့မှာ ရယ်မောနေရပေ၏။

ဆရာကြီးသည် ကွမ်းနှင့်လဘက်ကိုကား ကြိုက်သည်။ တရုတ်ပြည်သွားသောအခါ ကွမ်းရွက်များ ယူသွားသည်။ တရုတ်သံရုံးမှ ဂရုတစိုက် ထည့်ပေးလိုက်သည်။ သို့သော် ၁၀ ရက်ခန့်အကြာ ပီကင်းကအထွက် ထိအောင်ကားမခံတော့။ နွမ်းခြောက်ကုန်ပေပြီ။ ဆရာကြီးမှာ ညည်းညူသည်မရှိဘဲ ကွမ်းသီးကိုဝါး၍နေ၏။

စကားပြောလျှင် ကွမ်းစားမပျက် ပြောလေ့ရှိ၏။

အစားအသောက်၌ ဇီစာမကြောင်။ အအေးကို မခံနိုင်မရှိ။ မြောက်ပိုင်း မုကဒင်ဘက်သို့ရောက်ရာ အတော်အေးနေ၍ ‘ဆရာကြီး အေးသလား’ ဟုမေးလျှင် ‘မအေးပါဘူး’ ဟု ဖြေလေ့ရှိ၏။

သခင်ဘဦးက ဆရာကြီးအတွက်စိုးရိမ်၍ အခန်းပြင်သို့မထွက်ဘဲနေစေရာ သခင်ဘဦးကွယ်ရာတွင် ‘သခင် ဘဦးလုပ်တာနဲ့ ဆရာ့မလဲ လူမမာကြီးကျနေတာဘဲ ဆရာဘာမှ မဖြစ်ပါဘူး’ ဟု ကျွန်တော်တို့အား ပြော၏။ တကယ်လည်း ဆရာကြီးမှာ ဘာမှမဖြစ်။

စိတ်ဓာတ်ကလည်း ထက်သန်လှ၏။

ပီကင်းတွင် ရောက်ရှိနေသော ဗမာကိုယ်စားလှယ်တော်များထဲတွင် ဆရာကြီးမှာ အသက်အကြီးဆုံးဖြစ်၍ အားလုံးက ဆရာကြီးကို ကိုင်းရှိုင်းလေးစားကြသည်။ အံ့လည်း အံ့သြကြသည်။ လူကြီးချင်းဖြစ်သော ဘူလ်ဂေးရီးယားမှ အသက် ၆၀ ခန့် ဆံပင်ဖြူဖြူနှင့် ကဗျာဆရာကြီးနှင့်ကား အလွမ်းသင့်နေ၏။ နှစ်ယောက်သားတွေ့လျှင် ဖက်လဲတကင်းနေကြ၏။

ဆရာကြီးမှာ အသက်အရွယ်ကြီးပြီဆို၍ ထူထူထဲထဲ မဟုတ်။ စူးရှ၏။ သိမြင်တတ်၏။ အင်မတန်လည်း ပါးသည်။

တခါက ကျွန်တော့်အား နိုင်ငံရေးသမား ပုဂ္ဂိုလ်နှစ်ဦးနှင့် ပတ်သက်၍

‘ဟေ့ တာရာ၊ သူတို့က ဆရာ့ကို အာဏာရရင်ပေါ့လေ၊ သမတမြှောက်ရမယ် ဘာမယ်နဲ့ လာပြောတယ်ကွ။ ဆရာ့ကို အထင်သေးတာ။ ဆရာက ဘာလာဘ်လာဘ၊ ဘာရာထူး ဋ္ဌာနန္တရမှမျှော်ကိုးပြီး ခုလိုနိုင်ငံရေး လုပ်နေတာမဟုတ်ဘူး။ ဒို့ဗမာပြည်ကြီး ကောင်းစားတာ မြင်ချင်တဲ့ စေတနာနဲ့ သွားလာလုပ်ကိုင်နေတာ။ ရာထူးနဲ့မျှားလို့ ရတယ်များ အောင်းမေ့နေသလား မသိဘူး’ ဟု ကွမ်းဝါးရင်းက ရယ်ကာပြောနေ၏။ ကျွန်တော်က ‘ဆရာကြီးကိုကြည်ညိုတဲ့ စေတနာနဲ့လည်း ပြောတာပါဆရာကြီးရယ်’ ဟု ပြန်ပြောသောအခါ ‘ဆရာက ဒီလောက် မအပါဘူး။ လူထုက တင်မြှောက်မှ ရတာ’ ဟု ပြောနေ၏။

အမှန်အားဖြင့် ဆရာကြီးမှာ နိုင်ငံချစ်စိတ်သက်သက်နှင့် ရိုးသားဖြူစင်စွာ သွားလာလုပ်ကိုင်နေခြင်း ဖြစ်၏။ ထို့ကြောင့်လည်း တတိုင်းပြည်လုံးက ကြည်ညို ချစ်ခင်ကြပေသည်။

(၄) 

ငြိမ်းချမ်းရေး ပိသုကာ ဆရာကြီးအဖြစ်ကား မြင့်မြတ်လေသည်။ လူအများ၏ ကောင်းကျိုးချမ်းသာမှုကို ရှေ့ရှုသည်။ ယနေ့ ဖြစ်ပျက်နေသော ပြည်တွင်းစစ်ကို ရပ်စဲစေချင်သော ဆန္ဒရှိသည်။ တဖက်နှင့်တဖက် အတိုက်အခိုက်ရပ်ကာ အမျိုးသားအချင်းချင်း စည်းလုံးစွာရှိကြဖို့ စေတနာမှာ ပြင်းပြသည်။

‘ဆရာ့ သဘောကတော့ အားလုံး ညီညီညွတ်ညွတ်ဖြစ်တာသာ မြင်ချင်တာပါပဲကွာ။ တယောက်နဲ့ တယောက် သီးညီးခံပြီး စေ့စပ်ရင်တော့ အောင်မြင်မှာပဲလို့ ဆရာယုံကြည်နေတာပဲ’ ဟု ဆရာကြီးသည် မနှစ်တနှစ်ကတည်းက ပြောနေခဲ့၏။

ဆရာကြီးစေတနာကို ကျွန်တော်တို့ အကြွင်းမဲ့လည်း ယုံကြည်လေးစားသည်။ ထို့ကြောင့်လည်း ၁၉၅၂ ခု၊ မေလက ကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံကြီး၌ နိုင်ငံလုံးဆိုင်ရာကော်မတီကို ရွေးသောအခါ ဥက္ကဋ္ဌအဖြစ် ဆရာကြီးကိုတင်မြှောက်ရန် မရရအောင် တိုက်တွန်းကြိုးပမ်းခဲ့ကြ၏။

အသက်အရွယ်ကြီးပြီ၊ ဘာပြီစသည်ဖြင့် တချို့ကစဉ်းစားကြရာ၌ ‘ဒီနေရာဟာ ဆရာကြီးနဲ့ အသင့်လျော်ဆုံးပဲ။ ဘယ်ပါတီ သံယောဇဉ်မှလည်း မရှိ။ တပြည်လုံးက ကြည်ညိုတဲ့ပုဂ္ဂိုလ်၊ စေတနာကလည်း အင်မတန် မှဖြူစင်တယ်’ ဟု ဆရာကြီးကိုပင် အားလုံး၏သဘောတူချက်ဖြင့် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြလေသည်။

ယနေ့ပြည်တွင်းစစ်ကြီး၌ တဖက်နှင့်တဖက် တိုက်ခိုက်နေသူများမှာ ဒို့ဗမာအစည်းအရုံး၊ ကျောင်းသားသမဂ္ဂများ၌ အတူလုပ်လာခဲ့ကြသော ရဲဘော်ရဲဘက်များဖြစ်၍ ဆရာကြီး၏ တပည့်တပန်းများ ဖြစ်ကြသည်။

ဤတပည့်များ ညီညွတ်စည်းလုံးစွာ ရှိစေချင်သောစေတနာနှင့် တပြည်လုံးလူအများ အေးချမ်းစွာ ဖြစ်စေချင်သော အာသီသတို့ ဖြင့်ထားရှိသော ငြိမ်းချမ်းရေး သဘောထားမှာ ဆရာကြီး၏ ပြည်တွင်းညီညွတ်ရေး ယုံကြည်ချက်ပင် ဖြစ်သည်။

‘ချိုးတို့၊ ခါတို့၊ ဇရက်တို့ဆိုတဲ့ ကျေးငှက် ကလေးများတောင် သူ့အသိုက်နဲ့သူ အေးချမ်းစွာနေချင်ကြတယ်။ အခြားတိရိစ္ဆာန်များက ကျူးကျော်တာကို မခံချင်ကြဘူး။ လူသားတွေမှာ ဘယ်မှာပြောစရာ ရှိပါ့မလဲ။ နယ်ချဲ့ခြင်းကို ဆရာတို့က မကြိုက်ဘူး’ ဟု ပီကင်းမြို့ အပြည်ပြည်မှ ပြည်သူ့ကိုယ်စားလှယ်များ၏ ထမင်းစားပွဲ၌ ပြောကြားသောအခါ ကျွန်တော်တို့စားပွဲရှိ ဟန်ဂေရီမှစာရေးဆရာများမှာ ဆရာကြီး၏ ကမ္ဘာ့ငြိမ်းချမ်းရေး စကားရပ်များကို နှစ်သက်အားရခြင်း ဖြစ်ရသည်။

ကျွန်တော်နှင့် အေးအေးဆေးဆေး ကြုံတိုင်း ‘ဟေ့ တာရာရ … အာဏာ လက်ရှိသူတွေရော၊ တောထဲက လူတွေရောဟာ ဆရာ့တပည့်တွေပဲကွ။ သန်းထွန်းဆိုတာ အင်မတန် အလုပ်လုပ်တဲ့အကောင်။ သခင်နုဆိုတာလဲ ပုတီးနဲ့နေတာပဲ။ အားလုံး တလုံးတစည်းထဲရှိရင် တို့ပြည်ဟာ သိပ်ကောင်းမှာပဲ’ ဟု ပြောလေ့ရှိသည်။

အာရှငြိမ်းချမ်းရေး ညီလာခံကိစ္စနှင့် ပီကင်းရောက်သည့်အခါ သံအမတ်ဦးလှမောင်ကိုသာ တမေးထဲမေးနေသည်။ ‘လှမောင်ဟာ ဆရာ့တပည့်ပဲကွ’ ဟု တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့သူ ကိုလှမောင်အား ခင်မင်ရင်းစွဲ ရှိလေသည်။

‘ငြိမ်းချမ်းရေးဆိုတာ လူတိုင်းကြိုက်ရမယ်ကွ။ အားလုံးပါဝင်နိုင်ရမယ်’ ပြောလေသည်။ ဆရာကြီး၏ ကျယ်ပြန့်စွာထားရှိသည့် ငြိမ်းချမ်းရေး သဘောထားမှာ မှန်ကန်လှပေသည်။

ဆရာကြီးနှင့် ကျွန်တော်တို့မှာ တသဘောတည်း ဖြစ်ကြသည်။

အစည်းအဝေး သဘာပတိလုပ်စရာ၊ တရားဟောစရာ စသော အသင်းအဖွဲ့ရေးရာနှင့်ပတ်သက်၍ ငြင်းဆန်သည်မရှိ။ သွားခေါ်လျှင် ခေါင်းပေါင်းကလေး အသာရစ်ကာ လိုက်ပါလာ၏။ အများအကျိုးဟုဆိုလျင် ပင်ပန်းသည်မရှိ။ ဘယ်တော့မှ မညည်းညူ။

အာရှနှင့်ပစိဖိတ် ငြိမ်းချမ်းရေးညီလာခံကြီးအတွက် ဒုတိယအကြိမ်ပီကင်းသို့ သွားရမည်ရှိသောအခါ ရှောရှောရှူရှူပင် ထလိုက်လာခဲ့၏။

နမော်နမဲ့နေသည် မဟုတ်။ အခြေအနေကို အမြဲတမ်း လေ့လာအကဲခတ်လေ့ရှိသည်။ ဆရာကြီး မသိဟူ၍ ထင်ထား၍ မဖြစ်။ ပါးလည်းပါး၍ သိတတ်မြင်တတ်သည်။ မကြာခဏ ကျွန်တော့်ကိုခေါ်ကာ မေးမြန်းတိုင်ပင်လေ့ရှိသည်။

‘ဆရာ့စေတနာက အားလုံးကောင်းဖို့၊ အေးချမ်းဖို့လုပ်နေတာ။ ကမ္ဘာကြီး ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒအမြဲရှိတယ်။ တပါတီ၊ တဖွဲ့ကောင်းစားဖို့၊ ဘယ်သူတွေဝန်ကြီးဖြစ်ဖို့ လုပ်နေတာမဟုတ်ဘူး တာရာရ’ ဟု ကွမ်းဝါးရင်း ပိုးခန်းဆီးပါးကလေးအကြား မြင်ရသောနောက်တွင် တရိပ်ရိပ် ဖြတ်သန်းကျန်ရစ်ခဲ့သည့် တရုတ်ပြည် ဂန္ဓာရတောရွာ ကျေးလက်များကိုငေးကာ ပြောတတ်လေသည်။

ဆရာကြီးသည် မည်သူ၏ သြဇာမှမခံဘဲ ကင်းကင်းရှင်းရှင်း၊ ရိုးရိုးသန့်သန့်ဆောင်ရွက်သော နိုင်ငံရေးကို လုပ်သည်။ ကျွန်တော့်ကိုလည်း ‘ဟေ့ … တာရာ ကျွန်ဝယ်ရာ အဆစ်မပါစေနဲ့’ ဟု သတိပေးလေ့ရှိ၏။

ဆရာကြီးမှာ ဘယ်အဖွဲ့စည်းမှာဖြစ်ဖြစ် ရိုးသားစွာ လုပ်ကိုင်ဆောင်ရွက်ခြင်းကို အမြဲလိုလားသည်။

ဆရာကြီးသည် ဤ ဖြူစင်သန့်ရှင်းသော စေတနာကြောင့်ပင် အေးသည့်ရာသီတွင် တိုင်းတပါးရပ်ခြားသို့ သွားခြင်း၊ အစည်းအဝေးများ၊ တရားပွဲများသို့ စိတ်အားထက်သန်စွာ တက်ခြင်းဖြစ်ပေ၏။

ဆရာကြီး၏ အမူအယာမှာ အိုမင်းရင့်ရော်ခြင်း၊ နွမ်းနယ်ခြင်းတို့ မရှိဘဲ လန်းလန်းရွှင်ရွှင်၊ ဖျတ်လတ်မြန် ဆန်နေသည်မှာ သူ၏ ပြင်းပြသော စိတ်မာန်ကြောင့် ဖြစ်ပေသည်။

(၅) 

ပီကင်းရောက်သည့်ညက ဧည့်ခံပွဲတခုရှိရာ ဆရာကြီးသည် ပင်နီရင်ဖုံး၊ ရွှေဖလားရောင်တွင် ပန်းဖျော့သွေး အစင်းကြီးများဖြင့် စင်းထားသော တောင်ရှည်ပုဆိုးနှင့် ဝတ်ထားသည်ကို မြင်ရရာ မြင့်မားထွားခိုင်သော ကိုယ်ဟန် အသွေးအမွေးနှင့် ကြည့်ကောင်းနေသည်။ ဗမာပီပီ ခံ့ခံ့ညားညားနှင့် ကြက်သရေရှိသော ရုပ်သွင်ဖြစ်သည်။

ကျွန်တော်နှင့် သခင်လွင်က ‘ဆရာကြီးက ဖိုးစိန်ကြီးကြနေတာပဲ’ ဟု ပြောလိုက်သောအခါ ဆရာကြီးသည် ခါးပုံစကို သိမ်းရင်း ‘အေး … အေး’ ဟု ရယ်မောနေသည်။ ရယ်ပုံမှာ စိတ်ကြည်လန်းစရာ ကောင်းနေသည်။

အသားအရောင်မှာ ဝါညံ့ညံ့၊ ဖြူဖွေးသော ငွေရောင်နှုတ်ခမ်းမွေးမှာ အသက်အရွယ်ကို ပြသည်မှန်သော်လည်း ရင့်ကျက်ကြည်လင်သော ဣနြေ္ဒကို လေးနက်အောင် ဖြည့်စွမ်းလျက်ရှိပေသည်။ ပညာရှိ ကဝိတို့၏ ဟန်ပန်ပေါ်နေ၏။

ငြိမ်းချမ်းရေးလုပ်ငန်းကြီးကို အစိုးရ၏ အတိုက်အခံသဘော ဘယ်တော့မှ မထားရှိခဲ့ပေ။

ချီလီကဗျာဆရာကြီး နီရူဒါဇနီးမောင်နှံဆိုလျှင် ဆရာကြီးကို များစွာလေးစားကြသည်။ နိုင်ငံခြား ကိုယ်စားလှယ်များမှာ ဆရာကြီး၏ တည်ငြိမ်ကြည်လင်သော ရုပ်သွင်ကိုကြည့်ကာ ချစ်ခင်လေးမြတ်ခြင်း ရှိကြသည်။ ကဗျာဆရာကြီးဟု ပြောပြသောအခါ ‘ဆရာကြီး၏ ကဗျာတပုဒ်လောက် ရွတ်ပြပါ’ ဟု တောင်းပန်တတ်ကြသည်။

ဆရာကြီးနှင့် ခရီးသွားရသည်မှာ လူကြီးတဦးနှင့် သွားရသည်နှင့်မတူ ရွယ်တူလူငယ်များနှင့် သွားရသလို ပျော်စရာကောင်းသည်။

ဆရာကြီး၏ ဟာသကြောင့် ရယ်မောကာပင် နေရလေ၏။

နိုင်ငံရေး အတွေ့အကြုံများသူဖြစ်၍ ဝံသာနုခေတ်မှ ဖဆပလခေတ်အထိ အဖြစ်အပျက် ဇာတ်ကြောင်းများကို ပြောပြသည်ကို နားထောင်ရသည်မှာ အသိအမြင် တိုးပွားမှတ်သားလောက်ပါပေ၏။ အအိပ်အနေ၌ ဇီစာမကြောင်။ ပူသည်၊ အေးသည် ဘယ်တော့မှမညည်း။ လူငယ်များရှေ့ကပင် ဖျတ်လတ်စွာသွားလာနိုင်၏။

မျက်စိမှာ အရွယ်နှင့်စာသော် မမှုန်သေးသည်ကို တွေ့ရသည်။ စာရေးရာ၌ တွေဝေဖင့်နှေးခြင်းမရှိ။ တောက်လျှောက် ဖြူးဖြောင့်စွာ ရေးချသွားနိုင်သည်။ လေးချိုးကို တခါတည်း စပ်သွားနိုင်သည်။

တရုတ်-မြန်မာ မိတ်ဆွေဖြစ်အသင်းမှ သဝဏ်လွှာကို ကျွန်တော့်ရှေ့၌ပင် ရေးချသည်။ ဧည့်ခံစားပွဲကလေးတွင် ရေးချသည်။ ရှင်မဟာ သီလဝံသ၏ ‘ကဝိမဏ္ဌပါလ’ ကျမ်းမှ အကိုးအကားပင် ထည့်သွင်းသွားသည်။

ခေါင်းရင်းဘက်စားပွဲမှ ကော်ပီစာအုပ်နှင့်ကူးထားသော ‘မူ’ တခုကိုယူလာကာ စာရွက်များကို ကြာကြာ မလှန်ရဘဲ သုံးလိုသည့် အပိုဒ်ကိုတွေ့သဖြင့် ‘တာရာရေ … ဖတ်စမ်း’ ဟု ကျွန်တော့်လက်သို့ ကမ်းသည်။

ကျနော်က (မျက်စိမှုန်လှသူဖြစ်၍) သေးသော စာလုံးများကို မနည်းကြည့်ယူရ၏။

‘တရုတ်ပြည်တွင်၊ သုံးမည်လွှမ့်ကျော်၊ လောင်းရှင်တော်လျှင်၊ မဟောသဓာ … လား ဘာလဲ မသိဘူး ဆရာကြီး၊ ဖတ်လို့ မရဘူး၊ သဓာတော့ မဟုတ်ဘူး’

ဆရာကြီးက မျက်မှန်မပါ၊ စာအုပ်ကို အနားယူကြည့်ကာ ‘မဟော်မည်သာ’ ဟု ဖတ်နေလေသည်။

ထို့နောက် ဆရာကြီးက ပုဂံခေတ် ဒိသာပါမောက္ခဆရာတော် တရုတ်ပြည်သို့ သံတမန်ကိစ္စနှင့်သွားပုံကို ရှေးကဗျာ၊လင်္ကာ ဂန္ထဝင်များမှ ထုတ်နှုတ်ကာ ပြောနေသည်။

‘တပြည်နဲ့တပြည်ဟာ ကူးလူးဆက်ဆံခြင်း ရှိရမယ်ကွ။ ဒါမှ ယဉ်ကျေးမှုရင်းနှီးမှုရှိမှာ။ ရင်းနှီးမှုရှိမှ မုန်းစိတ် ဘာစိတ်မရှိဘဲ နီးစပ်ပြီး တပြည်နဲ့တပြည် စစ်ဖြစ်နိုင်ဖို့ဆိုတာ ဝေးမှာပဲ’

ပြောရင်း သဝဏ်လွှာကို ရေးနေသည်။ လက်သန်း၊ လက်သူကြွယ်များကို စာရွက်နှင့်ထိရှပ်ကာ ရှေးမူရာနှင့် ကာရန်သွားကိုဟပ်နေသည်။

‘နဘေတွေပါလား ဆရာကြီး’

ဆရာကြီးက ရေးနေလျက်က ‘နဘေဆိုတာ စာပေါ့တာပေါ့ကွ’

သဝဏ်လွှာရေးပြီးလျှင် ရောက်တတ်ရာရာ စကားစမြည်ပြောရင်းက ၁၉၅၃ – ခုနှစ်တွင် အလင်္ကာကျော်စွာ ဘွဲ့ထူးများပေးသည့်အကြောင်းရောက်သွားရာ ‘ပုလွေမှုတ်တဲ့ လူတွေတောင် အလင်္ကာကျော်စွာ ရကုန်ကြပြီကွ’ ဟု ကွမ်းသွေးများနှင့် ရယ်မောပြောနေသည်။

ဆရာကြီးသည် ကွမ်းဝါးနေပြန်သည်။ ကျွန်တာ့်အား ငြိမ်းချမ်းရေး အခြေအနေများကို မေးမြန်း၍ ပြောပြနေရ၏။ အသက် (၈၀) သို့ ချဉ်းကပ်နေပြီဖြစ်သော်လည်း ဆရာကြီးသည် ငြိမ်းချမ်းရေးကိစ္စ၌ စိတ်ပျက်အားလျော့သည် ဟူ၍ မရှိဘဲ စိတ်အားထက်သန်လျက် ရှိပေသသည်။

‘အေး … ပြည်တွင်းမှာ အေးချမ်းအောင် လုပ်ကြရမှာပဲကွ’

ကျွန်တော့်မှာ ငြိမ်းချမ်းရေး ပိသုကာ ဆရာကြီးအဖြစ် တိုး၍ ခင်မင်လာပေသည်။ ။

ဒဂုန်တာရာ 
မတ်လ၊ ၁၉၅၅


 

No comments: