ပိုက်ဆံလိုက်အလှူခံရင်း ကြာနေသည်။ တခြားကျောင်းမှ အဖွဲ့များနှင့် အပြန်မှာတိုင်ပင်ရင်း ဈေးထဲမှ သူပြန်လာတော့ ကျောင်းကိုအပြင်က ဝိုင်းပိတ်ပြီးပြီဖြစ်သည်။ ဝင်၍မရတော့။ မကြာမီပင် အထဲမှအဖွဲ့များကို ပိတ်၍ ခေါ်ဆောင်သွားသည်ကို မြင်ခဲ့ရသည်။
သူ မကျေမချမ်းဖြင့် အိမ်ပြန်လာပြီး ရပ်ကွက်ထဲမှ လူငယ်များကို စုသည်။ ထိုစဉ်ပင် သူ့ လှုပ်ရှားမှုများ တရပ်ကွက်လုံး သိကုန်ပြီဟူ၍လည်းကောင်း၊ ကျောင်းမှာ သူ လှုပ်ရှားခဲ့သမျှ တွေ့မြင်ခဲ့သူများ ပြန်ပြော၍ ရပ်ကွက်ရုံးမှာပင် သူ့နာမည်ကို မှတ်သားပြီးပြီဟူ၍လည်းကောင်း သူ ကြားရသည်။
ထိုည အိမ်မှာသူမအိပ်ဘဲ မျက်စောင်းထိုးအိမ်မှာ တိတ်တဆိတ် သူ အိပ်ရန် ကြံသည်။ သူ့မိဘများ ဆောက်တည်ရာမရ ပူပန်ပြီး သင့်တော်ရာပို့ရန် စီမံကြ၏။ မျက်ရည်နှင့် အငိုနှင့် တအိမ်သားလုံးဖြစ်နေကြပြီမို့ သူ မငြင်းဆန်ဘဲ စီမံရာ နာခံလိုက်ရတော့သည်။
တောရကျောင်းဆရာတော်ထံ ဒါယကာတဦးဖြစ်သူ ဦးလေးအောင်က ... ... ...
“ကျောင်းမှာ ရုတ်ရုတ် ရုတ်ရုတ်ထဲ သူပါနေလို့ ဘုရား ... ကျောင်းလည်း ပိတ်လိုက်ပြီ၊ အဲဒါ ဆက်ပြီး ရှည်ကျောနေမှာစိုးလို့ သူတယောက်ထဲ အေးအေးနေလို့ရမယ့်နေရာ ပို့ထားဖို့စဉ်းစားတာ ဆရာတော့်ကျောင်းပဲ သတိရတယ်။ သူ့အိမ်မှာဆိုရင် သူငယ်ချင်းတွေ လာခေါ်လို့ ထပ်ပါနေဦးမယ် ... သူ့မိဘတွေလည်း စိတ်နှလုံးပူပင်နေကြလွန်းလို့ပါ”
ထိုသို့လျှောက်တင်ချက်အပေါ် ဆရာတော်က အေး အေး ဟုသာ ခပ်အေးအေးမိန့်ပြီး ဒီမှာရှိတာနဲ့စားပြီး အေးအေးနေပေါ့ ဒီမှာ တောပဲ အေးဆေးပါတယ်ဟုသာ သူ့အား နေရာချထားပေးခဲ့သည်။
xxxxx xxxxxx xxxxx
ဟင်း ... ခနဲ သက်ပြင်းကြီး မသက်မသာချ၍ ဒုက္ခ ဒုက္ခဟု ဒေါ်တင်တင် ညည်းပြီး ဒုက္ခကို အထုပ်ထမ်းပြီး ဖွင့်ကြည့်တာကိုးဟု မှတ်ချက်ချ၏။ “ဟာ ... အမေကလည်း” ဟု ညို မကျေမနပ် ကန့်ကွက်၏။
“ဘာ ... အမေကလည်း” ဟု ဒေါ်တင်တင် မျက်စောင်းခဲပြီး နင့်လေးလေးတုန်းက ဟု စကားပြန်စကာ ... မောင်ဖေသောင်း ရေသောက်လိုက်ဦးဟု တိုက်တွန်း၏။
ညို အလိုက်တသိ ခပ်ပေးသော သောက်ရေကို သူ သောက်လိုက်ပြီး နောက်ကြောင်းပြန်ခြင်းအလုပ် ပြီးဆုံးသွား၍ သူ အမောဖြေနေသည်။ ဒေါ်တင်တင်က ညိုအား လက်ညှိုးထိုးပြပြီး
“ညိုတို့ လေးလေးတယောက်၊ ငါ့မောင် အငယ်ပေါ့၊ သူတို့တုန်းကလည်း မင်းတို့လို ဝင်ပါမိလို့ အထဲမှာ အကြာကြီးနေခဲ့ရသေးတယ်။ ပြန်ထွက်လာတော့ ကျောင်းလည်း ဆက်မတက်ဖြစ် တဝက်တပျက်နဲ့ ဘွဲ့လည်းမရဘဲ ဆုံးရှုံးသွားတာပဲ။ ဖြစ်တော့ မင်းတို့ အခံဘက်ကချည်းပဲ၊ အဲဒါ ဒုက္ခအထုပ်ကို ဖြေကြည့်တာမဟုတ်လို့ ဘာလုပ်တာဖြစ်ရဦးမလဲ” ဟု မေးသည်။
ညိုကား လက်မခံ။ “တနေ့တော့ ဖြစ်လာရမှာပေါ့အမေရာ” ဟု အတွန့်တက်နေသေး၏။
ဦးရွှေခင်က ဆေးတံကို တဒေါက်ဒေါက်ခေါက်၍ ဆေးချေးခါရင်း ...
“ဒီမှာပဲ ကောင်းပါတယ်။ ဒီနေရာဟာ တကယ့်တောပဲ ကိုယ့်ဟာကိုယ် ပိပိရိရိနေ ဘာမှမဖြစ်နိုင်ဘူး၊ ဒါပေမယ့် ဈေးကြီးဘက်တော့ သိပ်မသွားနဲ့ ဈေးပိုင်းမှာ လူစုံတယ်။ မင်းတို့ကျောင်းက အသိတွေနဲ့ တွေ့နိုင်တယ်။ ဒီနားမှာ မခင်အေးတယောက်ပဲရှိတာ ဟုပြောပြီး မင်း ညနေစာကျတော့ ဘယ်လိုစားသလဲ” ဟု မေးသည်။
သူသည် ဧည့်ခန်းထဲရှိ ညိုတို့မိသားစု ဓာတ်ပုံများကို ငေးကြည့်နေရာမှ “မနက်က ဆွမ်းကျန်တာရှိရင် စားတယ်။ မကျန်ရင် ကိုယ့်ဟာကိုယ်ချက်ပြီး ဖြစ်သလိုပဲ စားတယ်။ ဒါမှမဟုတ် ဒီဘူတာလာပြီး ဟိုဟာ ဒီဟာလေး စားချင်စား၊ မစားလည်း ဒီက ညိုထည့်ထားတဲ့ ရေအိုးစင်လာခပ်ပြီး တဝသောက်လိုက်တာပဲ” ဟု ဖြေသည်။
“ဟာ ဗိုက်ဆာမှာပဲ” ဟု ညို ဝင်မေးသည်ကို ဒီလိုပါပဲ ချက်စားနေရာတာ အလုပ်ရှုပ်တယ်ဟုသာ သူ ပြန်ဖြေ၏။ အတန်ကြာ စဉ်းစားနေပြီးမှ ဦးရွှေခင်က …
“အရင်က ငါတို့ဆွမ်းပို့နေကျကွ၊ ဆရာတော်က ပြည့်စုံနေတယ်ဆိုလို့ မပို့ဖြစ်တာ ကြာပြီ။ အေးလေ မနက်ပိုင်း ညိုကို ဆွမ်းအပို့ခိုင်းလိုက်မယ်။ နေ့လည်ဆွမ်းပေါ့ကွာ ... ပိုထည့်ပေးလိုက်မယ် ညနေမင်းအတွက် ကျန်အောင်”
“ဟာ မလုပ်နဲ့ ဦးလေး ... ဒုက္ခမရှာပါနဲ့”
သူ့စကားကြောင့် ညို တဟားဟား ရယ်သည်။ သူ နားမလည်သလိုပြောနေ၍ ညိုက ဒုက္ခရှာသော မျောက်တကောင်ပုံပြင်ကို ပြောပြလိုက်၏။ သူ အားပါးတရရယ်၍ အခုမှပဲ ကျနော် အားရပါးရ ရယ်ရတယ်။ တယောက်ထဲ ငေါင်စင်းစင်းကြီးနေရတာ ကြာပြီဟု ဖွင့်ဟ၏ ။
“အေးလေ ... မင်းလည်း မိသားစုနဲ့ ဝေးနေရတော့ ...”
ဒေါ်တင်တင် စကားမဆုံးဘဲ သည်အတိုင်းထားခဲ့သည်။ သူက ဟုတ်ပါတယ်၊ အခုမှ အိမ်ကိုပြန်ရောက်သလို နွေးသွားတာပဲဟု ထပ်ပြောနေ၏။
ညိုကား သူ့စကားနှင့် အမူယာအား တစိမ့်စိမ့်ကြည့်လျက်။
xxxxx xxxxx xxxxx
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment