Wednesday, August 29, 2012

ခရောင်းလမ်းက ပန်းပွင့်များ (အရှင်ဇဝန - နိုင်ငံရေး အကျဉ်းသားဟောင်း)

မြန်မာပြည်၏ နိုင်ငံရေးခရီးကား ကြမ်းတမ်းလှ၏။ လူအများ ကမ္ဗည်းတပ်ကြသည်ကား မုန်တိုင်းထန်သော ခရီးကြမ်းတဲ့။ အခြား ကြမ်းတမ်းသောလမ်းတွေ မရှိမဟုတ်။ ရှိပင်ရှိငြားသော်လည်း ကိုယ်ကမကျွမ်းဝင်။ ဒီတော့ ကိုယ်ကျွမ်းဝင်ရာကိုသာ ရွေးပြောရတော့မည်။ ကိုယ်ကျင်လည်ခဲ့ဖူးသည်က နံရံလေးဖက်ကြား။ ထိုဒေသမှာတော့ သော့အိမ်တွေ အလီအလီ အထပ်ထပ်နောက်က ငတ်ပြတ်မှု၊ ရောဂါမျိုးစုံ၏ စိမ်ခေါ်မှု၊ ထောင်တွင်း လိုတမျိုး မလိုတမျိုး အုပ်ချုပ်သူတို့ စိမ်ခေါ်မှုက အချိန်နှင့်အမျှ။

ဒီတော့ ကိုယ်လက်လှမ်းမီရာ ခရီးခဲ၏ အနိဋ္ဌာရုံ နေ့ရက်များထဲကသာ ဆွဲထုတ်ပြီး ခရောင်းလမ်းကို ပြောရပါတော့မည်။ ထိုခရီးခဲလမ်းထဲ တွေ့ခဲ့ရသူ အများစုက တိုက်ခိုက်မှုဒဏ် အပြင်းစားတို့နှင့်တွေ့တိုင်း မကြောက်တရားထက် ယုံကြည်ချက်ကို လောကဓံပြီးဆေးအဖြစ် ဝတ်ဆင်ထားကြသူတွေသာ။ ဓားပြီးဆေး တုတ်ပြီးဆေးတို့က တကယ် ဓား တုတ်တို့ကို ရင်ဆိုင်နှိုင်စွမ်း ရှိ မရှိတော့ မသိရ။ လောကဓံပြီးဆေးကတော့ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာတို့တိုင် ရင်ဆိုင်ဝံ့သော စွမ်းအားကိုပြခဲ့ကြသည်။ နိုင်ငံရေးယုံကြည်ချက်အပြင် အနုပညာ ယုံကြည်ချက်ပါ ပူးတွဲပြီးခရီးခဲကို မညည်းဘဲ လျှောက်ပြသူတစ်ယောက်ကို ကိုယ်တိုင် အနီးကပ်တွေ့ဖူးခဲ့သည်။


သူနှင့် ပြန်လည်ဆုံတွေ့တာကို သေချာတွေးတော့ ခေတ်သစ်ကမ္ဘာကြီး၏ နည်းပညာ ထွန်းကားနေမှုကို ကျေးဇူးစကား ဆိုရမည်။ Facebook ပေါ် သူ့နာမည်တွေ့တော့ Hello my friend လို့ မက်ဆေ့ခ်ျလေးထားပြီး နှုတ်ဆက်လိုက်သည်။ ကာလရှည်ကြာစွာ အတူတူခရီးကြမ်းဖြတ်ခဲ့သူ၏ အားရဝမ်းသာ တုံ့ပြန်မှုအပြီး အတိတ်ဆီသို့ ၂ ယောက်သားကို ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။ အတူတူနေခဲ့တုန်းက ရက်တွေလို စကားတွေ ဖောင်ဖွဲ့ကြတော့ အများဆုံးပြောဖြစ်တာက ကဗျာအကြောင်း စာအကြောင်း နောက် ပန်းချီကားတွေအကြောင်း။

“ကဗျာတွေကော ရေးဖြစ်လား”

သူနှင့် ကာလကြာမြင့်စွာ ခရီးတခုကိုဖြတ်ကျော်ခဲ့စဉ်က နှစ်ယောက်သား ဒဏ်ရာတွေကို ကဗျာနဲ့ ကုစားခဲ့ဖူးသည်။ အခုလည်း ခုံမင်စွာ ထွေးပွေ့ခဲ့ဖူးသော ကဗျာက ပြောစရာစကားတွေထဲ ထိပ်ဆုံးက နေရာယူလာသည်။ အနုပညာတခုကို ဝေငှတော့မည်ဆိုလျှင် အတည်ငြိမ်ဆုံးသော ဟန်က ဟိုးယခင်ကအတိုင်း မပြောင်းမလဲ။ သူ ကဗျာတစ်ပုဒ်ကို ရွတ်ဟန်ပြင်သည်။

တစ္ဆေရထား 

ဒီမှာ 
လရောင်နဲ့ အေးစက်လောင်ကျွမ်းလို့ 
ရေလိုမျောပါနေတဲ့ 
ဒရွတ်ဆွဲနာရီလက်တံ 
ပေါက်ထွက်နေတဲ့မျက်လုံး 
ဒါမှမဟုတ် 
ချဉ်ခြင်းပူးကပ် 
တစ္ဆေရထားဟာ 
 ရွေ့ခနဲသွားနေတယ်။ 

တွဲ ၁၂ တွဲတပ်ရင်း 
ကြိုးဆွဲချထားသူရဲ့လျှာလို 
အဆုံးထိ ဆန့်ထုတ်လိုက်တဲ့မွန်းကျပ်မှုနဲ့ 
သွေးစိမ်ယိုအသားတစ်များ 
လျှက်လို့ပွတ်သပ်သွားတော့ 
ကျုံ့ဝင်နေတဲ့အံကြိတ်သံတွေက 
အရှိန်ရလို့ ဆူဆူညံလာ 
ခဏအတွင်းမှာပဲ 
ရထားရဲ့ တိတ်ဆိတ်သံက 
ဖုံးလွှမ်းသွားရင်းနဲ့ 
ကင်းမြီးကောက်ရဲ့အမြီး 
အဆိပ်ရည်ပြည့်လို့ 
မျှော်လင့်ခြင်းများ ထိုးစိုက်လာ 
ယောင်ရမ်းလို့ အော်ဟစ် 
နာကျင်လူးလွန့်နေနေ 
ဟောဒီအရိပ်လို တိတ်ဆိတ်တဲ့ 
တစ္ဆေရထားဟာ 
ညပေါင်းများစွာ ကြာခဲ့ပြီ။ ။ 

ကဗျာရွတ်အပြီး အနားကိုရောက်လာသူတစ်ဦးကို သူ မိတ်ဆက်ပေးသည်။

“ဦးဇင်း ဒါ တပည့်တော်ညီမပေါ့ လူကို မြင်ရလား”

မြန်မာပြည်၏ အင်တာနက်နှုန်းကို နားလည်သဘောပေါက်စွာ ပုံရိပ် ပေါ်တလှည့် မပေါ်တလှည့် ရုပ်သွင်ကို လှမ်းမြင်ရသည်။ အကိုရဲ့ခရီးကြမ်းကို နီးနီးဝေးဝေး မညည်းမညူလိုက်ပါခဲ့သော ညီမက နရသိန်ပြန်တို၏ စကားဝိုင်းကို အကျွမ်းတဝင် ရှိပြီးသား။ နားလည်သဘောပေါက်သည့် ပတ်ဝန်းကျင်ထဲ ပြန်လည်ဝင်ရောက်ရသူအတွက် ပတ်ဝန်းကျင်နှင့် အလွယ်တကူ အံဝင်ဂွင်ကျ ဖြစ်ရသော်လည်း နားလည်မှုမရှိသော ပတ်ဝန်းကျင်ထဲဘဝကို ပြန်တည်ဆောက်ရသူတို့၏ အခက်အခဲကိုလည်း ကြားသိနေရသည်။

ယခု ဦးဇင်းတို့ရဲ့ ရဲဘော်ကြီးက ကံကောင်းသည်။ သူ့ကို သူ့မိသားစုက အထူးနားလည်သည်။ ၂၀၀၇ တုန်းက ထောင်ထဲကို ခိုးသွင်းထားတဲ့ ရေဒီယိုလေးကနေ သူတို့သားအမိ၏အသံကို ကြားခဲ့ရဖူးသည်။ သား၏အလုပ်အပေါ် မိခင်၏ နားလည်မှု အပြည့်အဝအား ကြားရတော့ သားကော အမေကိုပါ အားလုံးက ကြည်ညိုခဲ့ရသည်။ အခုသူက နရံလေးဖက်ကြားက ဖန်တီးခဲ့သော လက်ရာများကို ပြသသည်။ ဒီတခေါက် သူ ရလိုက်သည့်အမြတ်က ကြီးမားလှသည်။

 “ဦးဇင်း ဒါက အမေ၊ ဒါက အဖေ”

နံရံတွင်ချိတ်ဆွဲထားသော ပုံနှစ်ပုံဘက်ကို ကွန်ပြူတာ ကင်မရာလှည့်ပြီးပြရင်း လောကကြီးထဲမရှိတော့ပြီဖြစ်သော မိခင်နှင့် ဖခင်ကို မိတ်ဆက်ပေးသည်။

“ဦးကြွယ်+ဒေါ်မိမိလေး”

ကာလအရှည်ကြီးတခုအတွင်း အတူနေခဲ့ရသူမို့ တမိသားစုလုံး၏နာမည်က တရင်းတနှီး။ ၁၉၉၄ ခု၊ ဇွန်လ ၁၁ ရက်နေ့ မနက်က ကားတစီးတည်း အတူတူစီးရင်း နှစ်ရှည်နေထိုင်ရမည့် ဆရာစံနယ်မြေသို့ ဆိုက်ရောက်ခဲ့ကြသည်။ အတူတူနေကြတော့ တူရာစုပြောဆိုကြရင်း နှစ်သက်ရာတူညီမှုမှာ စုရပ်တခုအဖြစ် နားခိုကြသည်။ သူက စကားပြေလည်း အရေးကောင်းသည်။ သူ့ စာစီစာကုံးကို ဟိုယခင် သူ့မှန်းမသိခင်ကတည်းက ဖတ်ဖူးထားသည်။ ဝါကျတည်ဆောက်ပုံကို ပြောပြခဲ့ချက်က ကိုယ်တိုင် စာတကြောင်းရေးတိုင်း သူ့ကို အမှတ်ရစရာဖြစ်လာသည်။ ထောင်တွင်း ခိုးဝှက် ထုတ်ဝေခဲ့သော စာစောင်ထဲ သူရေးသော စကားပြေကို အားကျခဲ့ရဖူးသည်။ သူ၏ စာစီစာကုံးတခုကို ဦးဇင်း ဝေါလ်ပေါ် တင်ထားတော့ အသိတယောက်က လှမ်းမေးသည်။

“ဦးဇင်း အဲ့ဒီ မောင်ဌေးကြွယ်က အခု ၈၈ က ကိုဌေးကြွယ်လား”

ဟုတ်မှန်ကြောင်း ပြန်ဖြေလိုက်တော့ နဂိုကတည်းက တလေးတစားရှိနေသူက ကိုဌေးကြွယ်လက်ရာကို ပိုလေးနက်စွာ ဖတ်နေမှာ သေချာသည်။

“ဒါ တပည့်တော်ဆွဲထားတဲ့ ပန်းချီကားတွေ”

တခုပြီးတခု ထောင်ပြသည်။ ပထမဆုံးတွေ့လိုက်ရသည့်ကားက ရင်ထဲအထိ ရိုက်ခတ်သွားသည်။ စာအုပ်တွေ တထပ်ကြီးမှာ ပန်းတွေက အလှဆင်စရာအဖြစ် ပါဝင်နေသည်။ သူ ရွေးထားသည့်ပန်းကို ကြည့်လိုက်ပါဦး။ ကိုက်လံပန်းရယ်၊ ချဉ်ပေါင်ဖူးရယ်။ သာမန်လူတယောက်ကတော့ ဒီပန်းနှစ်မျိုးက ထူးခြားမှုရှိမည်မဟုတ်သော်လည်း နိုင်ငံရေးသမားတို့ လျှောက်လှမ်းခဲ့သော ကန္တာရလမ်းထဲက ပေါများလှစွာသော ပန်းနှစ်မျိုးကို ချက်ချင်း ပြေးမြင်မိစေသည်။ စာအုပ်ဆိုတာက လွတ်လပ်သော ခရီးပန်းတိုင်သို့ လမ်းညွှန်ချက်တို့ပြည့်နှက်သော ဘဏ္ဍာတိုက် မဟုတ်လား။ လွတ်လပ်မှု ခရီးသွားရာမှာလည်း ပန်းတွေရှိနေတာကို ကဗျာရေးတဲ့ပန်းချီဆရာက ယှဉ်တွဲမြင်လိုက်ပုံရသည်။ လွတ်လပ်သော ဘဝခရီးသို့ ပန်းတွေဖြင့် အလှဆင်သောလမ်းကို ကိုဌေးကြွယ် ထောင်ထဲရှိစဉ်ကတည်းက စတွေးထားပြီးပါလား။

နောက်တကားက တောင်တွေလိုလို ရေလှိုင်းတွေလိုလိုမို့ “ကိုဌေးကြွယ် ဘာတွေလဲ” လို့ လှမ်းမေးလိုက်တော့ …

“တိမ်တွေလေ တောင်တွေလို ဆွဲထားတာ”

အနိမ့်အမြင့် အဆင်းအတက်က မြေပြင်မှသာရှိတာ မဟုတ်။ ကောင်းကင်မှာလည်း ရှိနေပါလား။ ကောင်းကင်က မုန်တိုင်း အနိမ့်အမြင့်ကို သံဝေဂနဲ့ပဲကြည့်ရမလား၊ နိယာမ တရားရှုထောင့်ကပဲ ကြည့်ရမလားတော့ မသိ။ နောက်တကားကို ဆက်ပြပြန်သည်။

အရုဏ်မှာ ကုလားထိုင်လေး တလုံး။ ရိုးတံကျဲကျဲ သစ်ပင်၊ မြက်ခင်း စိမ်းစိမ်း၊ ထိုင်သူမဲ့ ကုလားထိုင်။ ဘာကြောင့် ကိုဌေးကြွယ် အရုဏ်ကိုရွေးချယ်လိုက်ရတာလဲ၊ ဒီအရုဏ်ဦးမှာ အရိုးချည်းကျန်တော့တဲ့ သစ်ပင်က ဘာအဓိပ္ပာယ်လဲ။ ပိုပြီး စိတ်ထဲ ထိထိရှရှဖြစ်ရတာက ထိုင်သူမဲ့ ကုလားထိုင်။

အနုပညာထုတ်ကုန် ထုတ်လုပ်သူဆိုတာ စိတ်ထဲထိထိခိုက်ခိုက် ခံစားမိတာမှန်သမျှဟာ သူရဲ့ ကုန်ကြမ်းတွေ။ အာရုံထဲတင်မက မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရတာတွေကို သူ့ရဲ့နှလုံးသားမှတ်တမ်းထဲ မပျောက်မပျက် သိုမှီးမြဲ။ ဒီတော့ သူကိုယ်တိုင် ရင်ဆိုင်တွေ့ကြုံလိုက်ရသော နာဂစ်သည်လည်း သူရဲ့စုတ်ချက်တို့ တို့ထိရာဖြစ်ခဲ့ရသည်။ ကန်သင်းရိုးတစ်ခု၊ လယ်ကွက်ထဲက ရေများ၊ မှောင်မဲနေတဲ့ ကောင်းကင်၊ လူသူကင်းမဲ့နေတဲ့ ဟောဒီ လယ်ကွင်းကြီးကို မဲမှောင်မှောင် ကောင်းကင်ကြီးက အုပ်မိုးထားသည်။

နောက် ကောသွားတဲ့ ချောင်းကလေးကား တစ်ခု။ နောက်တကားက သစ်ရွက်ကြွေတွေ မြေပြင်မှာ လေထဲမှာ နေရောင်တွေ အင်ပရက်ရှင်နစ်ကားတွေ။

အခုနောက်ဆုံး ကြည့်မိတဲ့ကားကတော့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ အနုပညာနှင့် တွဲဖက်ပြီး ခရီးကြမ်းထဲ ဖြတ်သန်းမှုကို ထင်ဟပ်သော အပေါ်လွင်ဆုံး ပန်းချီကားချပ်ဖြစ်မည်။ ၂၀၁၀ ရွေးကောက်ပွဲရက်က သူ ထောင်ထဲမှာ။ ထိုအချိန်က ရင်ထဲပေါ်လာသောခံစာချက်က အနုပညာအမြင်သာမက နိုင်ငံရေးအမြင်ကိုပါ တွေ့ရမည်။ အားလုံးလိုလိုက တခုတည်းကိုသာ ဦးတည်လျှောက်နေကြသည်။ ထွက်လမ်းက ဒီတလမ်းထဲရှိတော့တာလား။ လူတွေက တရွေ့ရွေ့ သွားနေကြသည်။ သို့သော် ခံစားမှုမဲ့ အသက်မပါ။ အစိမ်းရောင်ညိုညိုတွေက အပေါ်က အိကျနေသည်။ လူတိုင်းက လွှတ်တော် လွှတ်တော် ဒီတခုတည်းကိုသာ ရွေးနေကြချိန်။ စစ်သားတမတ် ပါလီမန်။ ခံစားမှုမဲ့သည့် လူများ။ အဖြေက ဒီတစ်ခုတည်းလား။

သူ၏ ပန်ချီကားတွေက အနုပညာ လက်ရာဖြစ်သလို အသံတိတ် ဆောင်းပါးတွေလည်း ဖြစ်သည်။ အရုပ်ကဗျာဟု ပြောလို့ရသလို၊ အရောင်နဲ့ပြသော သံစဉ်များလည်း ဖြစ်သည်။ ကန္တာရထဲ စိုက်ပျိုးခဲ့သော ပန်းပွင့်များဟု ကင်ပွန်းတပ်ကလည်း မမှား။ ဒီဆောင်းပါးကို ကိုဌေးကြွယ်၏ ထောင်တွင်းဖြစ် ကဗျာတပုဒ်နှင့် အဆုံးသတ်ချင်ပါသည်။

လွင်ပြင်ရိုင်း … တဲ့။

အဲ့ဒီမှာ
လတစင်း ပဲ့ကြွေကျနေတယ် 
အသိုက်အမြုံမဲ့
သံစဉ်တချို့က
မူယီမျောလွင့်
တေးသွားနင့်နင့်ကို ညည်းလိုက်တော့
အတူ တမ်းတနေပါပြီ
စေးထန်းလာတဲ့ လေထဲ
နှုတ်ခမ်းစုံကို သိမ်းသပ်
ရေလိုငတ်လို့ မောဟိုက်ရင်း … ...

ကိုဌေးကြွယ် 

(သရုပ်ဖော် - Skype ကနေ ရထားတဲ့ ကိုဌေးကြွယ်ရဲ့ ပန်းချီကား ပုံလေးပါ …) 


 

No comments: