Tuesday, August 14, 2012

ကမ္ဘာမကျေဘူးလို့ ပြောလို့ရပြီလား (မောင်ဝံသ)

ဒီရက်ပိုင်းအတွင်း ကြားရတဲ့သတင်းတွေက အကောင်းရော အဆိုးပါ ရောသမမွှေနေပါလားဗျ။ ကောင်းတာတွေက စပြောရရင် ရှစ်လေးလုံးနေ့ အခမ်းအနားတွေ ရန်ကုန်နဲ့ မန္တလေးမြို့များမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတယ်ဗျာ။ ပြည်ထောင်စုဝန်ကြီး နှစ်ဦးက ရှစ်လေးလုံး အကြိုနေ့မှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ငွေကျပ် ၁၀ သိန်း မန္တလေးမှာ လှူဒါန်းတယ်ဗျာ။ ရှစ်လေးလုံးနေ့ကို သမိုင်းဝင်နေ့အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ ၈၈မျိုးဆက် ကျောင်းသားများက တောင်းဆိုတယ်ဗျာ။

ဒီလောက် မြန်မယ် မထင်ခဲ့ဘူး 

သတင်းဓာတ်ပုံတွေနဲ့ ရုပ်သံသတင်းတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့မှ ဟိုက် ဒါတွေဟာ အိပ်မက်တွေ မဟုတ်ဘူး၊ တကယ်ဟလို့ ကျွန်တော် ယုံတော့တယ်ဗျ။ သည်လို အခြေအနေရောက်ဖို့ နောက်ထပ် လွှတ်တော် သက်တမ်းတစ်ခုလောက် စောင့်ရလိမ့်ဦးမယ်လို့ ကျွန်တော် ထင်နေခဲ့တာကလား။ နိုင်ငံရေးဟောကိန်းတချို့ ကြက်ကန်း ဆန်အိုးတိုးသလို မှန်သွားလို့ ဘယ်သူကမှ အသိအမှတ်မပြုချင်နေပေစေ၊ ကိုယ်တွေးခဲ့ ရေးခဲ့တဲ့ ဆောင်းပါးလေးတွေ လူတကာကို တပြပြလုပ်ပြီး ဂုဏ်ယူနေမိတဲ့ ကျွန်တော့်မှာ သည်တစ်ခါတော့ သည်လိုမြင်ကွင်းတွေ ခုအချိန်မှာ ရုပ်လုံးပေါ်လာမယ်လို့ ထင်ကို မထင်ခဲ့တာဗျ။ ဘာကြောင့်လဲဆိုတော့ မကြာသေးခင်က ကျွန်တော်တို့မမေ့နိုင်တဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်ကို အတားဆီးခံခဲ့ရတယ်လေဗျာ။

၆၂ မျိုးဆက်ရဲ့ ခံစားချက် 

၁၉၈၈ ရှစ်လေးလုံးကာလမှာ ကျောင်းသားတွေ ပြည်သူတွေ အသက်တွေပေးခဲ့ရသလို ၁၉၆၂ ဂျူလိုင် ၇ ရက် ရန်ကုန်တက္ကသိုလ် ကျောင်းသားအရေးအခင်းမှာလဲ ကျောင်းသားတွေ မရှုမလှ ခံခဲ့ကြရတာပဲဗျ။


ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ နောက်ဆုံးအမှုဆောင်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ကျွန်တော့်နောင်တော်ကြီး ကိုလှရွှေက သူတို့ ကျွန်တော်တို့ တစ်သိုက်ကို ၆၂ မျိုးဆက်လို့ သုံးနှုန်းလေ့ရှိတယ်။ ၆၂ မျိုးဆက်ဟာ အသက် ၇၀ တဝိုက်ရှိကုန်ကြပြီ။ သို့ပေမယ့် ဆဲဗင်းဂျူလိုင်ရောက်ပြီဆိုရင် ခုထိ မျက်ရည်လည်ကြတုန်း၊ အံကြိတ် လက်သီးဆုပ်မိကြတုန်းပါဗျာ။

ရှစ်လေးလုံးအထိမ်းအမှတ်နေ့ အခမ်းအနားတွေကျင်းပဖို့ အစိုးရက ခွင့်ပြုခဲ့တာရယ်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းက ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်လက်ထဲ ငွေ ၁၀ သိန်း ပေးအပ်လှူဒါန်းတာရယ်ဟာ ရှစ်လေးလုံးကာလ ရက်စက်ခဲ့တဲ့လုပ်ရပ်များသည် မိမိတို့နဲ့ မသက်ဆိုင်ဘူး၊ သို့ကြောင့် ကျောင်းသား ခေါင်းဆောင်ဟောင်းတွေက အထိမ်းအမှတ်နေ့ကျင်းပတာကို မိမိတို့သဘောတူတယ်လို့ လက်ရှိနိုင်ငံခေါင်းဆောင်တွေက (တရားဝင် ထုတ်ဖော်ကြေညာခြင်းမပြုသော်လည်း) လက်တွေ့အမူအရာနဲ့ ပြလိုက်တာပဲလို့ ကောက်ယူရမှာပဲဗျ။

တစ်နည်းအားဖြင့်ပြောရင် ရှစ်လေးလုံးအရေးတော်ပုံကို နှိပ်ကွပ်ခဲ့သူများနဲ့ မိမိတို့ မသက်ဆိုင်ဘူးလို့ ဖြတ်လိုက် (discard) တာပဲ ဖြစ်တယ်ဗျ။ ကောင်းဗျာ။ သာဓု၊ သာဓု။

တကယ်ကတော့ ရှစ်လေးလုံးကာလတုန်းက လက်ရှိဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ဟောင်းတွေဟာ ဗိုလ်ကြီး၊ ဗိုလ်မှူးလောက် ရှိကြဦးမှာပါ။ အမိန့်နာခံရသူများပဲ ဖြစ်ကြပါလိမ့်မယ်။ သို့ပေမယ့် အဲဒီကတည်းကပဲ အမှားအမှန်ကို ဝေခွဲနိုင်ခဲ့ကြမယ် ထင်ပါတယ်။ ဒါကြောင့်လဲ မိမိတို့ မူဝါဒချမှတ် ဆုံးဖြတ်နိုင်ချိန်မှာ ခုလို သဘောထားထုတ်ဖော်ကြတာ ဖြစ်မယ်ဗျ။

ဒါဆိုရင် ကျွန်တော်တို့ ၆၂ မျိုးဆက်အကြောင်းပြန်ကောက်ရင် လက်ရှိစစ်ခေါင်းဆောင်တွေထဲမှာ အဲဒီခေတ်က တပ်ထဲရှိခဲ့သူ တစ်ယောက်မှတောင် ရှိတော့မယ် မဟုတ်ပေဘူးဗျ။ ဟိုတုန်းက တာဝန်ရှိသူတွေနဲ့ ပိုပြီးတော့တောင် discard လုပ်နိုင်ရမှာပေါ့ဗျာ။

ပြောလို့မရသေးတာတွေ 

ခုချိန်ထိတော့ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အကြောင်း၊ ဆဲဗင်းဂျူလိုင် အကြောင်း၊ မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ တကသ အဆောက်အဦကြီး ပြန်လည်တည်ဆောက်ရေး အကြောင်း ရေးခွင့် ပြောခွင့် မရသေးဘူးဗျာ။ အထိမ်းအမှတ် အခမ်းအနား ကျင်းပဖို့တော့ ဝေလာဝေးပေါ့။

ဒီလိုရေးနေလို့ ကျွန်တော်က ဆဲဗင်းဂျူလိုင်နဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို လိုက်တိုင်းနေတယ်လို့တော့ မထင်လိုက်ပါနဲ့။ နှိုင်းလဲ မနှိုင်းပါဘူး၊ မနှိုင်းကောင်းဘူးဆိုတာလည်း သိပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးလိုမျိုးဟာ ဆယ်သက်မှာတောင် တစ်ခါ ကြုံနိုင်ကြမှာ မဟုတ်ဘူးဗျ။

ကျွန်တော့်ညီ ကဗျာဆရာ မောင်သွေးသစ် ရေးတဲ့ ကဗျာတစ်ပုဒ် မြန်မာတိုင်းမ် ဂျာနယ်မှာ ဖတ်လိုက်ရတယ်။ ကြက်သီးမွေးညင်းတောင် ထသွားတယ်ဗျာ။ ရှစ်လေးလုံးကာလတုန်းက မျက်ရည်တွေနဲ့ သံပြိုင်ဆိုခဲ့ကြရတဲ့ နိုင်မြန်မာရဲ့ ကမ္ဘာမကျေဘူး သီချင်းစာသားတွေကို (အစအဆုံးတော့ မဟုတ်) ပြန်ရေးပြထားတာကိုး။ စာပေစိစစ်ရေးက ခွင့်ပြုလို့လည်း ပုံနှိပ်ဖော်ပြနိုင်ခဲ့တာပ။

(ကမ္ဘာမကျေဘူး ... ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ ... တော်လှန်ရေး ... ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့ရေ ... အာဇာနည်တွေနေတဲ့ တိုင်းပြည် ... ရဲရဲတောက် ဒို့ ပြည်သူတွေ ...)

(ကိုယ်တော်မှိုင်း ... ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ ... အဘိုးရေ ... သခင်အောင်ဆန်း ... နိုင်ငံတော်မှာ သွေးစွန်းခဲ့ပြီ အဖရေ ... သြော် ... လုပ်ရက်ကြပေ ...)

ဘာပဲပြောပြော ဒီလောက်ရေးနိုင်တာကိုပဲ ကျွန်တော်တို့ကတော့ ကြိုဆိုနေပါတယ်။

နိုင်ငံရေးအကျဉ်းသား လျော်ကြေး 

တိုက်ဆိုင်တာက ခုတစ်လော ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို နောက်တက်လာတဲ့ အစိုးရတွေက တိုင်းပြည်ဘဏ္ဍာငွေဖြင့် လျော်ကြေးပေးတာမျိုး၊ ထောက်ပံ့ကြေးပေးတာမျိုး တချို့နိုင်ငံတွေမှာရှိတယ် ကြားဖူးတယ်၊ ရှာဖွေကြည့်စမ်းပါလို့ပြောတာနဲ့ ကျွန်တော် ရှာကြည့်တဲ့အခါ ဇင်ဘာဘွေနဲ့ လက်တင်အမေရိကနိုင်ငံတချို့ (အာဂျင်တီးနားလို နိုင်ငံတွေ)မှာ လျော်ကြေးပေးတာ၊ ထောက်ပံ့ကြေးပေးတာ၊ ကျန်းမာရေးစရိတ် တာဝန်ယူတာတွေ တွေ့ရတယ်ဗျ။ ဇင်ဘာဘွေမှာ သုံးနှုန်းပုံကတော့ the payment of gratuities to the ex-political prisoners, restrictees and detainees လို့ ဆိုတယ်။ “နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကန့်သတ်ခံခဲ့ရသူများနှင့် ထိန်းသိမ်းခံများအတွက် ကရုဏာကြေး” လို့ သုံးနှုန်းတယ်။ တိုင်းပြည်က သူတို့အပေါ် ကရုဏာဖြင့် ပေးတယ်လို့ ဆိုရမှာပေါ့။ နောင်အလျဉ်းသင့်တဲ့အခါ ဒီအကြောင်းတွေ ရေးပါဦးမယ်။

တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌ

ကောင်းသတင်း ထပ်ပြောစရာတစ်ခုက သြဂုတ် ၇ ရက်က ပြည်သူ့လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်တာဝန်ပေးလိုက်တဲ့ သတင်းပေါ့ဗျာ။ အဲဒီကော်မတီရဲ့ တာဝန်တွေထဲကတစ်ခုက ‘ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ၊ တရားရေး အဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်းမီဒီယာနှင့် သက်ဆိုင်သူအားလုံးသည် တရားဥပဒေနှင့်အညီ နေထိုင်ပြုမူ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိခြင်း ပြုရမည်၊ အရေးယူဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတဆင့် လွှတ်တော်သို့ တင်ပြရမည်’ လို့ ဆိုတယ်ဗျ။ မဏ္ဍိုင်ကြီးလေးရပ်ကို ထိန်းညှိပေးတဲ့ တာဝန်ဖြစ်လေတော့ ကျွန်တော်တို့ မီဒီယာတွေနဲ့လည်း ပတ်သက်နေတယ်ဗျာ။ နည်းနည်းတော့ စိတ်ဝင်စားမိတယ်ဗျ။

ပိုင်ဆိုင်မှုကြေညာရေးအဆို ရှုံးသွားတယ် 

စိတ်ထဲ မတင်မကျဖြစ်ရတဲ့သတင်းကတော့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများရဲ့ပိုင်ဆိုင်မှု ကြေညာပေးရန်အဆို ရှုံးနိမ့်သွားတဲ့ ကိစ္စဗျာ။ သြဂုတ် ၈ ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၂ ရက်မြောက်နေ့မှာ ပုသိမ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် အဆိုတင်သွင်းထားတဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူများ၏ ပြောင်းရွှေ့နိုင်သော ပစ္စည်းများ၊ မပြောင်းရွှေ့နိုင်သော ပစ္စည်းများစာရင်းနှင့် ၎င်းတို့၏ အကျိုးစီးပွားများ စာရင်းကို ထုတ်ဖော်ကြေညာ၍ မှတ်တမ်းတင်ထားရန် အဆိုကို မဲခွဲဆုံးဖြတ်တော့ ထောက်ခံမဲ ၆၈ မဲသာ ရရှိပြီး ကန့်ကွက်မဲ ၂၁၇ မဲ ရှိလို့ ရှုံးနိမ့်သွားသတဲ့ဗျာ။ တိုင်းပြည်ကို ခေါင်းဆောင်နေသူများရဲ့ ရာထူးတာဝန် မထမ်းဆောင်ခင် ပိုင်ဆိုင်မှုတွေကို ကြေညာပေးဖို့၊ ကြေညာရဲဖို့ ကျွန်တော် လွန်ခဲ့တဲ့ ခြောက်လကျော်က ပြည်သူ့ခေတ်မှာပဲ ဆောင်းပါးရေးခဲ့ဖူးတာဖြစ်လို့ သည်အဆိုကို စိတ်ဝင်စားစွာ နားစွင့်နေတာ အဆိုရှုံးသွားတယ်ဆိုတော့ ဟိုက်ခနဲ အော်မိတယ်ဗျာ။

ပြည်သူယုံကြည်မှု တိုးမြင့်လာစေဖို့ 

ဦးဝင်းမြင့်ရဲ့အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၇ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ၃ ဦး အပါအဝင် ရှေ့ နေချုပ် ဒေါက်တာ ထွန်းရှိန်တို့ကပါ ဝင်ရောက် ဆွေးနွေးခဲ့ကြတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းက အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံတော် သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်များကို ပြည်သူများ ယုံကြည်မှုတိုးမြင့်လာစေရန် အစိုးရအဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုကို ထုတ်ဖော်ကြေငြာပေးရန် အထူးပင်လိုအပ်ကြောင်း ဆွေးနွေးပြီး မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက အစိုးရအဖွဲ့ဝင်များကိုသာမက တပ်မတော် ထိပ်တန်းခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကိုပါ ထုတ်ဖော်ကြေငြာပေးရန်လိုအပ်ကြောင်း ဆွေးနွေးသွားတယ်ဗျ။

လွှတ်တော်ဥက္ကဋ္ဌတွေလည်း ကြေညာရမယ် 

ဒုတိယ ရှေ့ နေချုပ်ရဲ့ဆွေးနွေးချက်မှာ ထူးခြားတာက ဒီအဆိုကို အတည်ပြုမယ်ဆိုရင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများရဲ့ ပိုင်ဆိုင်မှုစာရင်းသာမက လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ များရဲ့ ပိုင်ဆိုင်မှုစာရင်းကိုပါ ထုတ်ဖော် ကြေညာသင့်ကြောင်း၊ အစိုးရအဖွဲ့ဝင် ဥပဒေ အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များရဲ့ ပိုင်ဆိုင်မှုစာရင်းကို နိုင်ငံတော် သမ္မတ ထံသို့ တင်ပြထားပြီဖြစ်ကြောင်း ဆွေးနွေးသွားတယ်ဗျ။

ပုံရိပ်ကို ဘယ်လောက်ထိခိုက်နိုင်သလဲ 

ဒီအဆို ရှုံးနိမ့်သွားတာဟာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ သန့်ရှင်းသောအစိုးရ ဖော်ထုတ်ရေး ကြိုးစားနေပါတယ်ဆိုတဲ့ပုံရိပ်ကို ဘယ်လောက်ထိခိုက်နိုင်သလဲဆိုတာ ကျွန်တော် တွေးနေမိတယ်ဗျာ။ ဒါတင်မက သမ္မတကိုယ်တိုင်က စတုတ္ထမဏ္ဍိုင် လို့ အသိအမှတ်ပြုထားတဲ့ သတင်းမီဒီယာများထဲက သတင်းဂျာနယ်တချို့ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ထုတ်ဝေခွင့် ရပ်ဆိုင်းတာ၊ တရားစွဲဆိုတာတွေ ဖြစ်ပေါ်နေတာဟာလဲ ဒီမိုကရေစီရဲ့ အဓိက ပေတံတစ်ချောင်းဖြစ်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ပုံရိပ်ကို ဘယ်လောက်ထိခိုက်နိုင်သလဲဆိုတာကိုပါ ဆက်တွေးနေမိတယ်ဗျာ။

၁၀၊ ၈၊ ၂၀၁၂
maungwuntha@gmail.com

ပြည်သူ့ခေတ်ဂျာနယ် ၁၆ သြဂုတ် ၂၀၁၂ ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။ 


 

No comments: