Wednesday, August 15, 2012

မြစ်ဆုံဆည်နောက်ဆက်တွဲသတင်း နားစွင့်ကြည့်ရအောင် (မောင်ဝံသ)

ခုရက်ပိုင်းအတွင်း ကျွန်တော်တို့ဆီကို ပြည်သူ့ခေတ် ပုံမှန် ပရိသတ်တချို့က အီးမေးလ်တွေ ပို့သူကပို့၊ တယ်လီဖုန်း ဆက်သူကဆက်ပြီး မေးကြမြန်းကြတာ အရင်ကထက် ပိုများလာသလား အောက်မေ့တယ်။ အထူးသဖြင့် မတရား မြေသိမ်းခံရသူတွေ၊ အစိုးရကို မြေနဲ့ အဆောက်အဦငှားရမ်းခဲ့ရာက ပြန်မပေးဘဲ ဘော်လီဘော အပုတ်ခံရသူတွေက ရင်ဖွင့်ကြတယ်။ ဂျာနယ်မှာထည့်ပြီး လူကြီးတွေသိအောင် လုပ်ပေးပါလို့ တောင်းဆိုကြတယ်ဗျာ။ သူတို့ဖြစ်စေချင်တာကို သူတို့ကိုယ်စား မီဒီယာကပြောပေးပါလို့ တောင်းဆိုတာ သဘာဝကျပါတယ်။ ကျွန်တော်တို့ကလည်း အဲသလို ပရိသတ်ရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက်လို သဘောထားခြင်းခံရတာကို လွန်စွာမှ ပီတိဖြစ်မိပါသဗျ။

ရေတက် ငါးစင်ရိုင်းတွေ မဟုတ်ပါ 

မေးခွန်းတစ်ခုကတော့ ထူးခြားတယ်ဗျာ။ “ခင်ဗျားတို့ မီဒီယာသမားတွေ ငါးပွက်ရာ ငါးစာချ မလုပ်ကြနဲ့နော်၊ မြစ်ဆုံကိစ္စ ‘ရေကျ’သွားပြီလား၊ ခင်ဗျားတို့ဟာ ရေတက် ငါးစင်ရိုင်းတွေလား၊ နောက်ဆက်တွဲသတင်းတွေ ခင်ဗျားတို့ စာဖတ်ပရိသတ်ကို ဆက်ပြောဖို့ တာဝန်မရှိဘူးလား။ ပွဲပြီးမီးသေ ဖြစ်သွားပြီလား၊ ပွဲကကော ပြီးသေးလို့လား” တဲ့၊ မေးခွန်းတွေ ဆက်တိုက်ထုတ်သဗျ။


တကယ်ကတော့ ကျွန်တော်တို့ဟာ ရေတက်ငါးစင်ရိုင်းတွေ မဟုတ်ရပါဘူးဗျာ။ မြစ်ဆုံစီမံကိန်းကို သမ္မတကြီးက ရပ်ဆိုင်းခိုင်းလိုက်တဲ့နောက်ပိုင်း တစ်နှစ်နီးပါးကာလအတွင်း နောက်ဆက်တွဲသတင်းတွေကို နားစွင့်ပြီး စုဆောင်းနေခဲ့တာပါ။ ဆောင်းပါး ရေးသင့်တာတွေလည်း ရေးခဲ့တာပါပဲဗျာ။ ပုံနှိပ်ဖော်ပြခြင်းမပြုနိုင်တာတွေထဲက တချို့ကို ကျွန်တော့် Facebook မှာ တင်ခဲ့လို့ ဖတ်မိသူတွေလည်း ရှိခဲ့ပါတယ်။

ကန့်ကွက်လက်မှတ် ထိုးခဲ့ 

ကျွန်တော့်တစ်ဦးတည်းအနေနဲ့ကတော့ မြစ်ဆုံဆည်စီမံကိန်းဟာ ဧရာဝတီမြစ်ကြီးကို ထိပ်စကပိတ်ပြီး ဧရာမ ရေကာတာကြီး တည်ဆောက်မယ်ဆိုတာ သိလိုက်ကတည်းက ကန့်ကွက်ပါတယ်ဆိုပြီး ဦးဆုံး လက်မှတ်ထိုးတဲ့စာရင်းမှာ ပါခဲ့တာပါပဲ။ နောက်ထပ် အချက်အလက်အသစ်တွေ (ဧရာဝတီမြစ်ကြီး ပျောက်ကွယ်သွားသည်အထိ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊ အခန့်မသင့်ရင် မြစ်ကြီးနားမြိုကြီး ရေအောက်ရောက်သွားနိုင်တဲ့ အန္တရာယ်တွေ) ထပ်သိရတော့ ပို၍ ပို၍ ကန့်ကွက်ပါတယ်။ ဆည်ဝင်ဆောက်သူတွေနဲ့ ဓာတ်အားအကျိုးအမြတ် ခွဲဝေယူမယ့်အချိုးကိုသိတော့ အဆများစွာတိုးပြီး ကန့်ကွက်ပါတယ်။

ဘယ်သူတွေကိုပေးတယ်ဆိုတာ မသိဘဲ ပွဲခ ၁၀ ရာခိုင်နှုန်းပေးနေရမယ်ဆိုတာ သိရပြန်တော့ ရင်ဘတ်စည်တီးဖြစ်ရပြီး ထပ်မံကန့်ကွက်ပါတယ်။ ဘယ့်နဲ့ဗျာ၊ တိုင်းပြည်ကပိုင်တဲ့ ရေမြေတောတောင်တွေကို လူတစ်စုက လူမသိ သူမသိ ရောင်းစားပြီး ပွဲခတွေ အိတ်ထဲထည့်တဲ့ကိစ္စဟာ ဘယ်လိုမှ မလုပ်ကောင်းပါဘူး။ တကယ်သာ ဟုတ်မှန်ခဲ့ရင် အဲသလို ပြစ်မှုကျူးလွန်ခဲ့သူတွေကို ဘယ်သူကမှ ကြားဝင်ခွင့်လွှတ်ပေးလို့ မရဘူးဗျာ။

ဟုတ်မဟုတ် မှန်မမှန် စစ်ဆေးပေးပါ 

ကျွန်တော်တို့ ရေးသားတင်ပြတာတွေကို ဟုတ်မဟုတ် မှန်မမှန် သက်ဆိုင်သူများက တိုင်းပြည်ကိုရှင်းပြဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။ မဟုတ်မမှန်ဘူးဆိုတာ ဘဝင်ကျကျ ယုံကြည်စိတ်ချလောက်အောင် သိရပါလျှင် ဟောဒီ ကျွန်တော့်ကော်လံကနေပြီး အဲဒီသက်ဆိုင်သူများကို ကျွန်တော် မှားပါကြောင်း ဝန်ခံရေးသားပြီး အနူးအညွတ် ဝန်ချ တောင်းပန်ပါမယ်လို့လည်း စိန်ခေါ်ခဲ့ဖူးပါတယ်။ ဟုတ်မှန်တယ်ဆိုရင်တော့ အဲဒါတွေဟာ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဟုတ်မဟုတ် ပြည်သူ့ဆန္ဒခံယူပွဲနဲ့ အဆုံးအဖြတ်ရယူဖို့ တောင်းဆိုခဲ့ပါတယ်။ ပြည်သူတွေ သိခွင့်ရှိတယ်၊ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတဲ့ ဒီမိုကရေစီ ခေတ်တည်ဆောက်နေဆို မဟုတ်လားဗျာ။

ကချင်လူမျိုးတွေကို ချစ်တယ်ဆိုရင် 

ကျွန်တော့်ဆောင်းပါးတစ်ပုဒ်မှာ ပြည်သူ့ခေတ်ဂျာနယ်၊ အမှတ် ၆၁၊ ၂၂ စက်တင်ဘာ ၂၀၁၁ စာမျက်နှာ ၂၇ ပါ ‘ဧရာဝတီအတွက် ရတက်မအေးကြသူများ’ ဆောင်းပါးက အောက်ပါစာပိုဒ်ကို ကိုးကားဖော်ပြခဲ့တာလည်း ပြန်လည် ရည်ညွှန်းလိုပါတယ်။

‘သဘာဝပတ်ဝန်းကျင်အရေးများတွင် ပါဝင်ဆောင်ရွက်နေသူ ကချင်လူမျိုး ကိုမော်ထွန်းက ကျွန်တော်တို့ ကချင်လူမျိုးတွေမှာ ဗမာတွေလို ဘုရင်မင်းဆက်တွေ၊ မင်းနေပြည်တော်တွေနဲ့နေခဲ့ရတဲ့ သမိုင်းတွေ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကချင်တွေရော၊ ဗမာလူမျိုးတွေရောဟာ တစ်နိုင်ငံတည်း အတူတကွ ယှဉ်တွဲနေထိုင်ကြတဲ့ ညီအစ်ကိုတွေပါ။ ကျွန်တော်တို့ ကချင်လူမျိုးတွေကို ချစ်တယ်ဆိုရင် ကျွန်တော်တို့ အမြတ်တနိုး တန်ဖိုးထားတဲ့ မြစ်ဆုံရဲ့ သဘာဝ အလှအပတွေကိုလည်း ချစ်ပါလို့ ပြောချင်ပါတယ်။ ဒီနေရာမှာ ရေကာတာကြီးဆောက်၊ လျှပ်စစ်ကို ပြည်ပကို ရောင်းစားမှာတော့ မလုပ်ကြပါနဲ့။ မြစ်ဆုံဒေသဟာ ကျွန်တော်တို့ ကချင်လူမျိုးအားလုံးရဲ့ နှလုံးသားပါ။ ဒါလေးတစ်ခုပဲ ကျွန်တော်တို့မှာ ရှိတာပါ။ ဒီတန်ဖိုးရှိတဲ့အရာကို ကျွန်တော်တို့ ဘယ်သူ့ကိုမှ မပေးနိုင်ပါဘူး ဟု သူ့ခံစားချက်ကို မျက်ရည်ကျလျက် ပြောပြပါသည်’။

ဘန်ကာအဖွဲ့ရဲ့ အစီရင်ခံစာ 

ဒါတင်မက မြစ်ဆုံစီမံကိန်းအတွက် ဒေါ်လာ ၁ ဒသမ ၂၅ သန်းဖြင့် သုတေသနလုပ်ပေးခဲ့ရတဲ့ ဘန်ကာအဖွဲ့မှ တာဝန်ရှိတစ်ဦးဖြစ်သူ ဦးညိုမောင်ရဲ့ အဲဒီအချိန်ကာလက ထုတ်ဖော်ပြောဆိုချက်ကိုလည်း အောက်ပါအတိုင်း ကိုးကား ဖော်ပြခဲ့ပါတယ်။

Report မှာ မြန်မာပညာရှင်တွေ ရေးတဲ့ Report က သီးခြားပါ။ တရုတ်ပညာရှင်တွေရေးတဲ့ Report က သီးခြားပါ။ မတူပါဘူး။ တရုတ်ပညာရှင်တွေရေးတဲ့ Report ကို ကျနော်တော့ မတွေ့ဖူးပါဘူး။ ကျနော်တို့ မြန်မာပညာရှင်များရေးတဲ့ Report မှာ ကျနော်တို့ အတိအကျ ပြောထားပါတယ်။ ဒီမြစ်ဆုံမှာ ရေကာတာကို မဆောက်သင့်တဲ့အကြောင်း ကျနော်တို့ report ထဲမှာ ပထမတချက် ဒီဟာက cultural heritage လို့ခေါ်တဲ့ ယဉ်ကျေးမှုအမွေအနှစ် နေရာဖြစ်တယ်။ ကချင်လူမျိုးတွေကလည်း သူတို့ရဲ့ မြစ်ဆုံဒေသကို သူတို့ရဲ့ heart land ဖြစ်တယ်လို့ တန်းဖိုးထားတဲ့အတွက် တစ်အချက် မလုပ်သင့်ပါဘူးလို့ ရေးထားပါတယ်။ နောက်တခုက ဘာလဲဆိုရင် environmental အရ ဒီနေရာကဆိုရင် ရှုခင်း landscape value ရှိတဲ့အတွက် ဒီဟာကို မလုပ်သင့်ပါဘူးလို့ ဒုတိယအချက်အနေနဲ့ ပြောထားပါတယ်။ _ _ _

Sustainable development အတွက်ဆိုလို့ရှိရင် ဒီလိုကြီးမားတဲ့ dam ဟာ ဧရာဝတီမြစ်ဆုံမှာ မဆောက်သင့်ပါဘူးလို့ အတိအကျ ရေးထားတာ ဖြစ်ပါတယ်။

ဦးညိုမောင်။

ဘန်ကာ (BANCA = Biodiversity and Nature Conservation Association)

ချီဖွေ စီမံကိန်းကို တားပေးပါ 

အထက်ပါ ကျွန်တော်ကောက်နှုတ်ပြတဲ့ စာနှစ်ပိုဒ်နဲ့ပဲ မြစ်ဆုံစီမံကိန်းကိစ္စ ဘယ်လိုမှ ဘယ်တော့မှ ဇာတ်လမ်း ပြန်မစသင့်ဘူးဆိုတာ ရှင်းလင်းနေပြီလို့ ထင်ပါတယ်။ သည်နေရာမှာ ကျွန်တော် ကြိုတင် စိုးရိမ်ပူပန်နေတာတစ်ခု ရှိနေခဲ့တာ ယခုမကြာသေးခင်ကပဲ အဲဒါကို လက်တွေ့လုပ်နေပြီလို့ ကြားရတော့ အလွန်မှ စိုးရိမ်ပူပန်မိပါတယ်။ အဲဒီကိစ္စကို ကျွန်တော့် စာဖတ်ပရိသတ်တစ်ယောက်က မနေ့တစ်နေ့ကပဲ ကျွန်တော့်ထံ စာလှမ်းရေးပါတယ်။ ခေါင်းစဉ်က ‘မြစ်ဆုံကို မျက်လှည့်လုပ်ထားတဲ့ ချီဖွေစီမံကိန်းကို တားပေးပါ’ တဲ့ဗျာ။

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လုပ်ဖို့ တရုတ်ပြည် CPI ကုမ္ပဏီက ကြိုးစားနေတယ်ဆိုတဲ့သတင်း ထွက်နေတာ ကြာပါပြီ။ တစ်ခါ မြန်မာအာဏာရ နိုင်ငံရေးပါတီ အဆင့်မြင့်ခေါင်းဆောင်တစ်ယောက်က မြစ်ဆုံဆည်ကို ပြန်လုပ်မှာပဲလို့ တရုတ် သတင်းစာတစ်စောင်နဲ့ အင်တာဗျူးမှာ ပြောခဲ့တယ်ဆိုလို့ မကျေနပ်သံတွေ ပွက်လောရိုက် ထွက်ပေါ်ခဲ့ပါသေးတယ်။ သည်အချိန်မျိုးမှာ အခု ‘ချီဖွေ’ ကိစ္စ ပေါ်လာတာပဲဗျ။

စာချုပ်လက်မှတ် ထိုးပြီးကြပြီ 

ကျွန်တော့်ထံ စာလှမ်းရေးသူက ‘ကျနော်ပြောချင်တဲ့ အကြောင်းအရာက ပွင့်လင်းမြင်သာမှုမရှိ၊ ပြည်သူကို နားလှည့် ပါးလှည့်လုပ်၊ စီးပွားရေးသမားတွေနဲ့ ဆည် ဆက်ဆောက်မယ့်လူတွေနဲ့ လက်ဝါးခြင်းရိုက်တဲ့ကိစ္စတွေကို တင်ပြပါရစေ’ လို့ အစချီထားပါတယ်။

ပြီးတော့မှ ၁၅ ဒီဇင်ဘာ ၂၀၁၁ နေ့မှာ ကုမ္ပဏီကြီးတစ်ခုနဲ့ စီပီအိုင် ကုမ္ပဏီတို့ ချီဖွေ စီမံကိန်းကို ဒီဇင်ဘာမှာ စတင် အကောင်အထည်ဖော်ဖို့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒါတွေအားလုံးကို ကျနော်တို့ပြည်သူတွေကို လုံးဝ ချမပြပါဘူး။ သတင်းစာမှာလည်း မဖော်ပြပါဘူး။ အတတ်ပညာရှင်တွေကိုတောင် အသိပေးဆွေးနွေးခြင်း မပြုခဲ့ပါဘူး။

အရင်စာချုပ်အတိုင်းပဲ 

တကယ်တော့ ချီဖွေ စီမံကိန်းဆိုတာ စီမံကိန်းအသစ်မဟုတ်ပါဘူး မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်းထဲက ၁ ခုပါ။ ဒီစီမံကိန်းက သမ္မတကိုယ်တိုင်ရပ်ဆိုင်းကြောင်း ကြေငြာထားတာပါ။ မြစ်ဆုံရဲ့အထက် မိုင် ၆၀ အကွာ မေခမြစ်ပေါ်မှာရှိပြီး မဂ္ဂဝပ် ၃၄၀၀ ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေကတော့ အရင်စာချုပ်ထဲကအတိုင်းပါ။

မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းစီမံကိန်းထဲကတခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ ငွေပမာဏကို ကျန် ၆ ခု ထဲ ခွဲထည့်လို့ ငွေစာရင်းအရ ပြောင်းသွားတာပဲ ကွာပါတယ်။ ပြည်သူလူထု သိသွားလည်း မြစ်ဆုံကိုလုပ်တာ မဟုတ်ဘူး ချီဖွေကို လုပ်တာပါဆိုပြီး မလှိမ့်တပတ်နဲ့ ပြောဦးမှာပါ။ ပြည်သူတွေ မသိရင်တောင်မှ တာဝန်သိ ဝန်ထမ်းတွေ ရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။

စီမံကိန်းကြီးတစ်ခုလုံး ရပ်ခိုင်းတာ 

သမ္မတကြီးက ရပ်ခိုင်းတာ ဒီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်းကြီးတခုလုံးပါ မြစ်ဆုံလေးတစ်ခုတင် မဟုတ်ပါဘူး။ ချီဖွေကို လုပ်ရင်လည်း လူမှုရေးရော သဘာဝပတ်ဝန်းကျင်ရော ထိခိုက်ပျက်စီးမှာပါပဲ။ အဲဒီနယ်က လူမျိုးတွေရော သယံဇာတတွေရော အကုန် သူတို့က သိမ်းမှာပဲ။ ထွက်လာမည့် လျှပ်စစ်ကလည်း သူတို့နိုင်ငံအတွက်ပဲ။ သူတို့တွေနဲ့ သူတို့ဆီက ပွဲခရသူတွေ ကောင်းစားရေးအတွက် ကချင်လူမျိုးနဲ့ တိုင်းပြည် သယံဇာတတွေ ရင်းလိုက်ရတာပါပဲ အဖတ်တင်ပါတယ်။

အတတ်ပညာရှင်တွေ ဆွေးနွေးခွင့်ပေးပါ 

သမ္မတကြီးကို ပြောပေးပါ။ ဒီကိစ္စ ပွင့်လင်းစွာ ပြည်သူကို ချပြပေးစေလိုပါတယ်။ အတတ်ပညာရှင်တွေကို ကြေညက်စွာ ဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွားကိုသာကြည့်တဲ့ သက်ဆိုင်ရာ အုပ်ချုပ်သူအဆင့်ဆင့်ကို သန့်ရှင်းကောင်းမွန်တဲ့ အုပ်ချုပ်မှုမျိုး ဆောင်ရွက်တတ်အောင် လေ့ကျင့်ပျိုးထောင် ပညာပေးစေလိုကြောင်း မေတ္တာရပ်ခံအပ်ပါတယ်။

သမ္မတကြီး မနားပါနဲ့ဦး 

သမ္မတကြီးကလည်း ၂၀၁၅ ကျရင် နားတော့မယ် တဲ့။ အသက်အရွယ်နဲ့ ကျန်းမာရေးကို အကြောင်းပြတယ်။ သမ္မတကြီး မနားပါနဲ့ဦးလို့ ဆရာမောင်ဝံသ သွယ်ဝိုက်ပြီးပန်ကြားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးပါတယ်။ ကျွန်တော်တို့လည်း အဲဒီအတိုင်း သဘောတူပါတယ်။ သမ္မတကြီး အခု အသက် ၇၀ မကျော်သေးပါဘူး။ အသက် ၈၀ ကျော်အထိ တိုင်းပြည်ကို စီမံခန့်ခွဲ ဦးဆောင်ခဲ့သူ ကမ္ဘာ့ခေါင်းဆောင်တွေ အများကြီးပါ။

ဆက်လုပ်ခွင့် မပေးနိုင် 

သမ္မတကြီး ၂၀၁၅ မှာ တကယ်နားလိုက်ရင် မြစ်ဆုံကိုဆက်လုပ်ဖို့ လက်ဝါးရိုက်ထားသူတွေလက်ထဲ ဝကွက်အပ်ခဲ့သလို ဖြစ်သွားပါလိမ့်မယ်။ မြစ်ဆုံကိုလည်း ဆက်လုပ်ခွင့် မပေးနိုင်ပါ။ နားလှည့်ပါးလှည့်လုပ်ထားတဲ့ ချီဖွေ စီမံကိန်း အပါအဝင် ဧရာဝတီ ဖြစ်ဖျားခံရာနေရာဒေသက ဘယ်စီမံကိန်းကိုမဆို ဆက်လုပ်ခွင့် မပေးနိုင်ပါ။ အဲဒါ ကချင်တိုင်းရင်းသားများ အပါအဝင် ပြည်သူအားလုံးရဲ့ တူညီဆန္ဒပါပဲ။

စာဖတ်ပရိသတ် ပြည်သူတစ်ယောက်ရဲ့ ရိုးသားပွင့်လင်းတဲ့ ရင်ဖွင့်သံ ဖြစ်ပါတယ်။

မိုင်းဗုံးကြီး ပိုက်ထားရသလို 

တကယ်ကတော့ တစ်ချိန်မဟုတ်တစ်ချိန် တစ်နည်းနည်းနဲ့ အန္တရာယ် အလားအလာရှိတဲ့ ဧရာမ ရေကာတာကြီးတစ်ခုကို သူတို့တွေ မီးထိန်ထိန်လင်းဖို့အလို့ငှာ ကျွန်တော်တို့က အနာခံပြီး ကိုယ့်ပြည်ထဲမှာ ဘယ်သောအခါမှ မတည်ဆောက်သင့်တာ အမှန်ပါ။ မြွေပွေး ခါးပိုက်ပိုက်ထားရတာထက် ဆိုးပါမယ်။ အချိန်မရွေး ထပြီးပေါက်ကွဲနိုင်တဲ့ မိုင်းဗုံးကြီးကို ပိုက်ဘောဖမ်းထားရသလို သားစဉ်မြေးဆက် တထိတ်ထိတ် တလန့်လန့် နေနေကြရမှာပါ။

ဒါတင်မက သောင်းချီပြီး လာရောက် အခြေချနေထိုင် အလုပ်လုပ်ကြမယ့် လူမျိုးခြားတွေက ဒေသခံ ကျွန်တော်တို့ သွေးချင်းတွေကို ဘယ်လို ဆက်ဆံမလဲ၊ ဘယ်လို အမြတ်ထုတ်မလဲ၊ ငွေကြေးဓနအင်အားတွေနဲ့ ဘယ်လို အနိုင်ကျင့်မလဲ၊ နှစ်ပေါင်း ၆၀ ရေရှည်အတွက် စဉ်းစားကြည့်တိုင်း ကျွန်တော် ရင်ထဲ မကောင်းဘူး။ မတင်မကျကြီးဖြစ်ပြီး တစ်ဆို့နေပါတယ်။ ခုတောင် မန္တလေးမြို့ကြီး ဘယ်လို ဖြစ်နေပြီလဲဗျာ။

မြစ်ကျဉ်းသုံးသွယ် အတွေ့အကြုံ 

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက ပြည်သူ့ခေတ်ဂျာနယ်မှာပဲ ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က တရုတ်ပြည်က မြစ်ကျဉ်းသုံးသွယ် ဆည်ကြီး (Three Gorges Dam) အကြောင်းပြောပြထားတာ ရင်သိမ့်တုန်စရာ ဖြစ်ပါတယ်။ ကြီးမားတဲ့ ဆိုးကျိုးအလားအလာတွေကို ထောက်ပြပြီး ကမ္ဘာက ဝိုင်းပြောခဲ့ပေမယ့် ၁၉၉၄ ကနေ ၂၀၀၆ အထိ ၁၂ နှစ်ကြာ ဇွတ် ဆက်ဆောက်ခဲ့တယ်။ လူပေါင်း ၁ သန်း ၃ သိန်း ရွှေ့ပြောင်းပေးခဲ့ရတယ်။ ၂၀၁၀ ကျတော့ မြို့ကြီး ၁၃မြို့ မြို့ငယ် ၁၄၀ နဲ့ ကျေးရွာ ၁၃၅၀ ရေမြုပ်ခဲ့ရတယ်။ သူတို့အစိုးရ ခေါင်းမာပြီး လုပ်ချင်တာဇွတ်လုပ်လို့ ပြည်သူ သန်းချီပြီး ဒုက္ခဆင်းရဲ ရောက်ခဲ့ရတဲ့အကြောင်း ဖတ်ရတာ ကြက်သီးတောင် ထမိပါရဲ့ဗျာ။

ကျွန်တော်တို့ဆီ ဘာကြောင့်လာသလဲ 

သူတို့ပြည်ကြီးဟာ အကျယ်ကြီးပါ။ မြစ်တွေ ချောင်းတွေလည်း အများကြီးပါ။ သူတို့ဆီမှာ လုပ်စရာနေရာတွေ အများကြီး ရှိပါလျက်နဲ့ မြစ်ကျဉ်းသုံးသွယ်ဆည်ကြီးရဲ့ ဆိုးကျိုးဒဏ်တွေကိုခံလိုက်ရတဲ့ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာမှ ကျွန်တော်တို့ဆီ အောက်ကြေးရအောင်နှိုက်ပြီး မြစ်ဆုံမှာ ဘာကြောင့်လာလုပ်ကြပါလိမ့်။

မျိုးချစ် ပြည်ချစ် ခေါင်းဆောင်ကြီးများ၊ နိုင်ငံရေးသမားများ၊ စဉ်းစားကြပါ၊ ဆင်ခြင်ကြပါခင်ဗျာ။

၀၈၊ ၀၈၊ ၂၀၁၂
maungwuntha@gmail.com

ပြည်သူ့ခေတ်ဂျာနယ် ၁၆ သြဂုတ် ၂၀၁၂ ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။ 


 

No comments: