Monday, August 20, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၉

“အင်းယားကန် မှတ်လို့လား၊ ဆင်းကူးနေတာ”

တောရကျောင်းအနောက်ရှိ ချောင်းစပ်တွင် စိုက်ထားသော မဒမတိုင်များကြား အုန်းလက်ရှိသမျှ ညှပ်ကာပြီး ရင်ခေါင်းခန့်နက်သည့်ရေထဲ ပြန်ကူးလာသော သူ့အား ကမ်းပေါ်မှ ညိုက လှမ်းအော် နှုတ်ဆက်ခြင်း ဖြစ်သည်။

“မဟုတ်ဘူး ကမ်းပါးပြိုပြိုနေလို့၊ တာဖို့နေတာလေ ဆွမ်းပို့တာ နောက်ကျလှချည်လား ဆရာတော်တော့ မသိဘူး၊ ကျောင်းသားတော့ အတော့်ကို ဆာနေပြီ”

ညိုက ဆွမ်းချိုင့်ကိုမြှောက်ပြရင်း ...

“အများကြီး ဖိထည့်လာတယ်၊ ဟင်းကတော့ မကောင်းလှပါဘူး ဟုပြော၏။

“ဒါ အရေးမကြီးဘူး၊ စေတနာပါရင် ဟင်းကောင်းတာပဲ ကျုပ်က ဘာမဆို ... ..”

သူ့စကားမဆုံးခင် ညိုက “ညို့ကို ကျုပ်ကျုပ်နဲ့ မပြောစမ်းပါနဲ့၊ နားထဲ စိမ်းစိမ်းကြီး ညို့အကိုကြီးအရွယ်လောက်ရှိတာပဲ” ဟု တားမြစ်သည်။


သူ အားပါးတရ ပြုံးကာ ရွှံ့ရေထဲမှ တက်လာရင်း “ဟုတ်တယ် ကိုယ်လေ အခု ဒီတောမှာပျော်တယ် မပျင်းတော့ဘူး၊ ကြာချင်သလောက်ကြာပဲ” ဟု ဝမ်းသာအားရ သတင်းပေး၏။

“ရေချိုးလိုက် ရွံ့တွေစင်အောင် ချိုး၊ ညို ဆွမ်းချိုင့် တက်ကပ်လိုက်ဦးမယ်”

ထိုသို့မှာပြီး ကျောင်းပေါ် ညိုတက်သွားသည်နှင့် သူ ရေချိုးကန်သို့ ပြေးသည်။ သူ တဗွမ်းဗွမ်းလောင်းချိုးပြီး မျက်နှာသုတ်ရန် ပုဆိုးဟောင်းတထည်ကို လှမ်းဆွဲ၏။

“ဟင် ဒါကြီးနဲ့ သုတ်မှာလား မျက်နှာသုတ်ပုဝါ မပါဘူးလား”

“ဘယ်ပါမလဲ တော်လှန်ရေးကာလမှာ ဒါတွေ မလိုပါဘူး” ဟု သူ ဖြေရင်း ခေါင်းကို သုတ်နေသည်။

ညိုသည် ကျောင်းပေါ်မှ လှမ်းကြည့်ရင်း “နားရွက်နောက်မှာ ရွံ့တွေနဲ့ သေချာပြောထားတဲ့ကြားက စင်အောင် မချိုးတတ်ဘူး” ဟု ဆူပူနေ၏။ သူ ဟေးဟေးဟု ရယ်လျှက် ဖြစ်သလို သုတ်ပစ်လိုက်သည်။

ဗရုတ်သုက္ခနေတတ်သော သူ့အားကြည့်ရင်း ညို စိတ်ပျက်လှသော်လည်း ပေါ့ပါးရွှင်လန်းသွားသည့် သူ့အမူအယာများ ခုမှ တွေ့ရ၍ စမ်းရေအေးသောက်ရသလို ခံစားရ၏။ ကွမ်းသီးပင်ပေါ်မှ ရှည့်ညိုကလေးများ ဟိုကိုင်း သည်ကိုင်းကူးကာ တတစ်တစ် တတက်တက် အော်မြည်မြူးတူးနေကြ၏။ ညိုက ဟိုမှာကြည့်စမ်း သိပ်လျှင်တာပဲဟု ညွှန်ပြသည်။

သူ ဆပ်ပြာခွက်သိမ်းနေရာမှ “ဟာ ဒီကောင်လေး ကိုယ်နဲ့ရင်းနှီးနေပြီ၊ ညိုကြည့်နေ” ဟုပြောကာ ပါးစပ်မှ ရှည့်အော်သလို တစ်တစ် တက်တက်မြည်အောင် အသံပြုပြသည်။

လွှားခနဲ ကိုင်းကူးသွားသော ရှဥ့်ကလေးမှာ သူ့အသံကြား၍ အမြီးကလေးထောင်ပြီး လှည့်ကြည့်နေ၏။ ညို သဘောကျစွာ ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။

“ဖမ်းလို့ မရဘူးလား”

“တခါမှတော့ ဖမ်းမကြည့်ဖူးဘူး … မြေပေါ်တောင် တခါတလေမှဆင်းတာ ကိုယ်လည်း သိပ် အသည်းယားတယ် ကြည့်ပါလား အမြီးက လှုပ်တုပ် လှုပ်တုပ်နဲ့”

ဆရာတော်သည် ကျောင်းပေါ်မှဆင်းသွားသော ညိုအားကြည့်ရင်း ကိုခင်ရွှေသမီးနဲ့တောင် ရင်းနှီးပြီးနေပါလား၊ ငါ့ကောင် ဘယ်လောက် ခြေပွေသလဲဆိုတာကြည့်ဟု တကိုယ်တည်း တွေးနေမိ၏။

ညို ဒီကျောင်းကို အရင် ခဏခဏ ရောက်နေသားပဲ။ ဒါပေမယ့် တယောက်ထဲဆိုတော့ ဆော့လို့မကောင်းဘူးဟု ပြောသည်။ သူ တန်းပေါ်လှမ်းထားသော စွပ်ကျယ်ကို ယူစွပ်ရင်း ဟုတ်လား … အေး အခုတော့ တို့တွေ့ကြပြီလေဟု ဝမ်းပန်းတသာ တုံ့ပြန်သည်။

အောက်ဘက် ဝါးကျောင်းလေးရှေ့တွင် စင်္ကြန်လျှောက်လျှင် မျက်လွှာချနေသော ဦးပဉ္ဇင်းအားကြည့်၍ ညိုက အသံတိုးတိုးဖြင့် …

“ဟိုမှာ ဦးပဉ္ဇင်းတပါးရှိသေးတယ်၊ သူက ကိုဖေသောင်းအကြောင်း မမေးဘူးလား”

“ဦးလေးအောင်ရဲ့တူမှန်းတော့ သိတာပေါ့၊ သိပ်အေးပါတယ်၊ သူ့တရားနဲ့သူပဲနေတာ၊ ကိုယ်သွားပြီး စကားစပြောဖို့တောင် အားနာနေရတယ်”

သူတို့ ကျောင်းဝင်းအတွင်းဘက် မွှေနှောက်လျှောက်လာကြ၏။ မာလကာသီး စားချင်လိုက်တာဟု ညိုက အပင်ပေါ်မော့ရင်း ပူဆာ၏။ သူက ရတာပေါ့ဟု ဖြေသည်။

“ဆရာတော်ကြီး ကြိုက်ပါ့မလား”

“ဟာ ရတယ် ကိုယ့်ကို ကြိုက်တာခူးစားလို့ သေချာမှာထားပြီးသား”

ပြောပြောဆိုဆို သူ ခါးတောင်းကြိုက်ပြီး မာလကာပင်ပေါ်တက်သည် ။ အဲ အဲ … ဟိုအကိုင်းက … ဟိုမှာ ရွက်ပုန်းသီိးကြီး ဝင်းနေတာပဲဟု ညိုက အပင်အောက်မှမော့ကာ ခြေဖျားပါထောက်၍ ညွှန်ပြသည်။

ဒီဘက်ကလား ဟုမေးလိုက် တလုံးခူးပြီးပစ်ပေးလိုက်နှင့် သူ အလွန်ပီတိဖြစ်နေ၏။ ညိုကလည်း လက်ထဲရောက်သည်နှင့် ဂျွမ်းခနဲ ကိုက်လိုက်သည် ။

“ဟိုမှာ … ဟိုမှာ အယ်စတုံကြီးပဲ တွေ့လား မှည့်နေပြီ”

သူမ ညွှန်ပြရာလှမ်းအဆွဲ သူ့အမှားကို နောင်တဖြင့် သိလိုက်ရ၏။ တကိုယ်လုံး ပူထူသွားပြီး မနည်းသတိထားကာ ခုန်ချရင်း ထွက်ပြေးရသည်။ အခြေအနေကို သဘောပေါက်သွားသည့်ညိုမှာ အမလေး ကြောက်ပါပြီ ဟုအော်ရင်း ရှေ့မှ တဗုန်းဗုန်း ဦးဆောင်ပြေးနှင့်ပြီ။ ဝီခနဲ ဝီခနဲ ပျားတပ်ဖွဲ့က မကျေမချမ်း ဒလကြမ်းလိုက်ဆဲ။

xxxxx xxxxx xxxxx

ဆရာတော်ကိုလည်း မလျှောက်ရဲ၊ ဆေးဝါးဟူ၍လည်း ထုံးဗူးပင် မရှိ၊ သို့နှင့် အိမ်မှာထုံးရှိတယ်ဆိုသော ညိုစကားဖြင့် စက်ဘီးနောက်ခုံပေါ် သူ တက်လိုက်လာရင်း ရှုးရှုးရှဲရှဲ အော်နေရသည်။

ဒေါ်တင်တင်က မောင်ဖေသောင်းလည်း မျောက်တကောင်ပဲ၊ အိမ်က ကျွဲမနဲ့ ဘာမှမထူးဘူး၊ ဒါကြောင့် ငါပြောတာပေါ့ ဒုက္ခကို အပင်ပေါ်တက်ရှာကြတဲ့မျောက်တွေပဲဟု တဗျစ်တောက်တောက်ပြောသည်။ မျက်နှာတခုလုံး ပိန္နဲသီးလို ဖုဖောင်း၍ ထွက်လာသော သူ့မျက်နှာအား ညိုကြည့်၍ ကြမ်းပေါ် တင်ပလ္လင်ခွေထိုင်နေသော ညို ရယ်၍ မဆုံး။ အထူးသဖြင့် မျက်ခွံကြီး မို့အစ်လာ၍ ရယ်စရာကောင်းတတ်သည့် သဘာဝကို ညို မလွန်ဆန်နိုင်ဘဲ ရယ်မိခြင်းပင်။

“အခုမှ တကယ်အရုပ်ပြောင်းသွားတယ်၊ ရုပ်ဖျက်ပြီး ကုတ်ချောင်းချောင်း နေစရာမလိုတော့ဘူး” ဟု ညို ပြောသည်။ သူကား ကိုယ့်အပြစ်နှင့်ကိုယ် ဒေါ်တင်တင် တို့ပေးသမျှခံနေရင်း ရယ်ရခက် မဲ့ရခက်။

xxxxx xxxxx xxxxx 

ဆက်လက်ဖော်ပြပါမည်။ 


 

No comments: