ဘုရားသခင်ဟာ
သူတယောက်တည်း ပြင်းပြင်းရှိရှိတာနဲ့
သီချင်းတပုဒ်ကို ဖွဲ့ဆိုသီကျူးတယ် ...။
သူ့သီချင်းမှာ
စကားလုံး အဖွဲ့အနွဲ့တွေ မပါ
တူရိယာ တီးခတ်မှု မရှိ
သံစဉ်တေးသွားဆိုတာလည်း နတ္ထိ ...။
အဲဒီသီချင်းမှာ
အလွမ်း ... အဆွေး
တက်ကြွ ... ကြေကွဲမှု
မျက်ရည်နဲ့ ရယ်မောသံ
တာဝန်ဝတ္တရားနဲ့ နောင်တ
အကျဉ်းကျမှုနဲ့ လွတ်မြောက်ခြင်း
စာနာခံစားတတ်ဖို့ နှလုံးသားစစ်စစ် ... မလို။
အဲဒီသီချင်းမှာ
ပေးဆပ်ခြင်း ... အရင်းအနှီးနဲ့ တန်ဖိုး
ဖြတ်သန်းခဲ့တဲ့ သမိုင်းခေတ်များ
မေတ္တာ
ကရုဏာ
မုဒိတာ
ဥပေက္ခာ
မလို ...။
အဲဒီသီချင်းမှာ
တမျက်နှာပြီး တမျက်နှာပြောင်းသွားတဲ့
လူသား စစ်စစ်တွေ ပါတယ် ...
မဖွင့်ရသေးတဲ့ တံခါးရွက်တွေရဲ့
ဈာပန အခမ်းအနားတွေ ပါတယ် ...
မရှိသေးတဲ့ အရောင်တွေပါတယ်
ကြွေသွားတဲ့ ပန်းတွေ ပြန်ပွင့်တယ် ...။
အဲဒီသီချင်းဟာ
တခါက ဘုရားသခင်ရဲ့
ခပ်ပြင်းပြင်း ရှိတဲ့အခါ
သူကိုယ်တိုင် သီဆိုခဲ့တဲ့ သီချင်းဖြစ်တယ် ...။
အဲဒီသီချင်းဟာ
ခင်ဗျားတို့ ကျွန်တော်တို့ ဘဝထဲမှာ
အခံ့သား ကျူးကျော်ဝင်ရောက် သီဆိုနေတယ်
အဲဒီ သီချင်းဟာ ... ။ ။
ကမာပုလဲ
၂၁၀၈၂၀၁၂
No comments:
Post a Comment