ကရင့်ခေါင်းဆောင် စောဘဦးကြီးက သူ့အဖေကို တရားစွဲဖူးတယ်ဆိုတာကြားဖူးတော့ ... သူ့ကို ဘာကြောင့် လေးစားထိုက်တယ်ဆိုတာ သိသွားတယ်။
ကရင့်တော်လှမ်းရေးထဲရောက်ခါစ သူများတွေ စောဘဦးကြီးဆိုလို့သာ လိုက် ‘ဦး’ နေတာ၊ ဘာကြောင့် လေးစားဖို့ကောင်းတယ်ဆိုတာ မသိဘူး။ ပိုဆိုးတာက ပြည်တွင်းမှာနေတုန်း အစိုးရကထုတ်တဲ့ စာအုပ်တစ်ခုမှာ ‘နယ်ချဲ့အင်္ဂလိပ် လက်ကိုင်ဒုတ်’ ဆိုပြီး ဓာတ်ပုံတစ်ပုံ တွေ့ဖူးတယ်။ ဓာတ်ပုံထဲမှာ စောဘဦးကြီးက မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးနဲ့။ ဝတ်ထားတာကလည်း ရွှေဘသရုပ်ဆောင်တဲ့ ‘ဗိုလ်စံဖဲ’ ဇာတ်ကားထဲက နောက်ဆုံးအခန်းမှာ ဗိုလ်စံဖဲကို ကြိုးစင်တင်ဖို့ ဖမ်းခေါ်သွားတဲ့ အင်္ဂလိပ်အလိုတော်ရိ ပန်ချာပီစစ်ပုလိပ်တွေ ယူနီဖောင်းအတိုင်းပဲဆိုတော့ အစိုးရသုံးတဲ့ စကားလုံးကို ယုံသွားတယ်။
နယ်စပ်ရောက်မှ နည်းနည်းကြားဖူးလာတာက မော်လမြိုင်ကို ကရင်တပ်တွေသိမ်းတော့ တချို့ ကရင်တပ်ဖွဲ့တွေက ဘဏ်တိုက်တွေဖောက်ပြီး ငွေတွေယူကြလို့ စောဘဦးကြီးက သူ့မှာတာဝန်ရှိပါတယ်ဆိုပြီး သူပိုင်တဲ့ လယ်မြေတွေရောင်း၊ ငွေတွေ ပြန်စိုက်လျှော်တာ ကြားဖူးတော့ နည်းနည်းလေးစားလာတယ်။
သူ့အဖေကို ဘာကြောင့် ဘယ်လို တရားစွဲတယ်ဆိုတာ ကြားဖူးတော့မှ စပြီး အသေအခြာလေး စားထိုက်တယ်ဆိုတာ သိသွားတယ်။ တကယ်တော့ ဒီအကြောင်းက စာပေမှတ်တမ်းမှတ်ရာ မရှိပါဘူး။
၁၉၈၉ ခုနှစ် …။ ညတစ်ည … မာနယ်ပလောမှာ ဖူးဝါးခို (ဗိုလ်ချုပ်ကြီး တာမလာဘော) ပြောပြတဲ့ အိပ်ယာဝင် ဖြစ်ရပ်မှန်ပုံပြင်ပါ။ အဲဒီတုန်းက မာနယ်ပလောမှာ လှေဆိပ်ကုန်းပေါ်ကို တက်တက်ချင်း ဘယ်ဘက်မှာ အိမ်ကြီးဆိုတာ ရှိတယ်။ သစ်သားအိမ်ကြီးပေါ့။ အဲဒီမှာ ထိုစဉ်က စစ်ရေးချုပ် ဗိုလ်ချုပ် ကစဲဒိုနဲ့ ရုံးအဖွဲ့ရယ်၊ ဗိုလ်ချုပ်ကြီး တာမလာဘော အဖွဲ့ရယ်။ ရုံးလည်း ထိုင်တယ် … နေလည်း နေတယ်။ အဲဒီတုန်းက ည ၉ နာရီဆိုရင် မာနယ်ပလောတစ်ခွင်လုံးရှိတဲ့ မီးစက်တွေပိတ် … ဘုရားရှိခိုး … အိပ်ယာဝင်ကြရတယ်။ စစ်တပ်ထုံးစံအတိုင်းပေါ့။ ဒါပေမဲ့ ဖူးဝါးခိုဟာ ဘယ်တော့မှ ချက်ချင်းမအိပ်ဘဲ မှောင်ထဲမှာပဲ အားလုံးကြားအောင် စကားစမြည်တွေ ပြောနေလေ့ရှိတယ်။ အဲဒီတုန်းက မှတ်သားဖူးတာပါ။ ဇာတ်လမ်းကဒီလိုပါ ... ...။
ခုနှစ်သက္ကရာဇ်၊ အချိန်ကာလ မပါ ပါ။ ဒေါက်တာ စောဘဦးကြီးဟာ အင်္ဂလန်က ဥပဒေပညာဘွဲ့ရပြီး မြန်မာပြည် ပြန်ရောက်၊ သူ့မိဘများနှင့် အတူနေထိုင်စဉ် တစ်နေ့မှာ … လယ်သမားကြီးတစ်ဦးဟာ သူ့အိမ်ပေါ်ကနေ ခေါင်းငိုက်စိုက် မျက်ရည်စက်လက်နဲ့ ဆင်းသွားတာကို အိမ်ရှေ့ဝရန်တာမှာ စာဖတ်နေတဲ့ စောဘဦးကြီးက တွေ့လိုက်တယ်။
ဒါနဲ့ အကြောင်းသိချင်လို့ထင်ပါရဲ့ … ခြံပြင်ရောက်သွားတဲ့ လယ်သမားကြီးနောက်ကိုလိုက်သွားပြီး အကျိုးအကြောင်း မေးတယ်။ လယ်သမားကြီးက စောဘဦးကြီးကို သူ ဆင်းလာတဲ့ အိမ်ပေါ်ကမှန်းမသိတော့ အကျိုးအကြောင်း ရှင်းပြသတဲ့။
ဖြစ်စဉ်က အဲဒီလယ်မားကြီးဟာ သူပိုင်တဲ့လယ်မြေတွေကို စောဘဦးကြီးဖခင်ထံမှာ ပေါင်နှံထားခဲ့တယ်။ အဲဒီနေ့ဟာ နောက်ဆုံးရွေးရမယ့်ရက် ဖြစ်တယ်။ အခက်အခဲအမျိုးမျိုးကြောင့် အဲဒီနေ့ကျမှရွေးနိုင်ပြီး လာခဲ့တဲ့ခရီးကလည်း ခက်ခဲတော့ ညနေပိုင်းမှ ရောက်လာသတဲ့။
ဒါကြောင့် လယ်မြေကိုသွားရွေးတဲ့အခါမှာ နောက်ဆုံးရက်လည်းဖြစ်၊ စာချုပ်ပါအရ ထိုနေ့ ညနေအထိဆိုတော့ ညနေစောင်းသွားပြီဖြစ်တဲ့အတွက် လက်မခံနိုင်တော့ကြောင်း၊ လယ်မြေများ သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း ပြောလိုက်လို့ ဝမ်းနည်းအားငယ်စွာနဲ့ ပြန်လာရတာဖြစ်ကြောင်း၊ မိမိတို့မိသားစု ဘာဆက်လုပ်ရမည်မသိကြောင်း စောဘဦးကြီးကို ရှင်းပြသတဲ့။
ဒီအခါမှာ စောဘဦးကြီးက သူ့လက်က နာရီကိုကြည့်ပြီး “အခု ညနေ ၅ နာရီခွဲပဲရှိသေးတယ် ဦးကြီး သွားပြောတဲ့အချိန်ကဆိုရင် ၅ နာရီ လောက်ပဲရှိမယ်၊ ဒါကြောင့် ၆ နာရီမထိုးသေးရင် အချိန်မီသေးတယ်လို့ ပြောလို့ရတယ် ကျွန်တော် သက်သေပဲ။ ဒီကိစ္စတရားရုံးကို လျှောက်ပါ” ဆိုပြီး လယ်သမားကြီးကို အကြံပေးတယ်။
ဒီအခါမှာ လယ်သမားကြီးက “ဦးကြီးတို့ ဒီအဆင့်အထိ နားမလည်၊ လက်လှမ်းမမီပါဘူးကွယ်။ ရုံးတို့၊ ဂတ်တို့ဆိုတာ ရှေ့နေရှေ့ရပ်တွေနဲ့မှဖြစ်မှာ … ဦးကြီးတို့မှာ ဒီလိုရှေ့နေငှားရအောင်လည်း လက်လှမ်းမမီ … ငွေကြေးမပြည့်စုံပါဘူး ... ဘဝကံအတိုင်းပဲ ရှိပါစေတော့” လို့ ပြန်ပြောသတဲ့။
ဒီအခါမှာ စောဘဦးကြီးက “ဒီမှာ ဦးကြီး ကျွန်တော်ဟာ ရှေ့နေပဲ၊ ဦးကြီးက မတရားခံရတာ။ ဒီအမှုဟာ ရုံးရောက်ရင် နိုင်ကို နိုင်ရမယ်။ ဦးကြီးသာ အမှုတင်ပါ၊ ကျွန်တော်လိုက်မယ်။ ရှေ့နေခ တစ်ပြားမှ ပေးစရာမလိုပါဘူး၊ ကျွန်တော် မတရားမှုကို မကြိုက်လို့ပါ” ဆိုပြီး အားပေးရင်းနဲ့ တရားစွဲဖြစ်သွားခဲ့တယ်တဲ့။
ဒီလိုနဲ့ … စောဘဦးကြီးအဖေက တစ်ဖက်၊ စောဘဦးကြီးနဲ့ လယ်သမားကြီးကတစ်ဖက်။ အဆင့်ဆင့် တရားဆိုင်ကြရင်း … နောက်ဆုံးစီရင်ချက်ချတဲ့နေ့မှာ စောဘဦးကြီးဟာ လက်သီးကျစ်ကျစ်ဆုတ်၊ ခေါင်းငိုက်စိုက်နဲ့ အိမ်ပြန်လာခဲ့ရတယ်။
တရားရုံးက စီရင်ချက်မှာ သူ့ဖခင်ဘက်ကို အနိုင်ပေးလိုက်တယ်လေ။ အိမ်ပြန်ရောက်တော့ ဖခင်နဲ့ မျက်နှာချင်းဆိုင်ရင်း စောဘဦးကြီးက ဒီအမှုမှာ သူ့ဘက်က ဥပဒေကြောင်း လျှောက်လဲချက်တွေ ဘယ်လောက် ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့ကြောင်း၊ ဒါပေမယ့် တရားရုံးကဆုံးဖြတ်ပုံ မမျှတဟုထင်ကြောင်း မကျေမနပ်နဲ့ ပြောသတဲ့။
အဲဒီအခါမှာ စောဘဦးကြီးဖခင်က သူ့သားကို “အေး ... မင်းလျှောက်လဲချက်တွေ အကုန်ပြည့်စုံပေမယ့် မပြည့်စုံတာ တစ်ခုရှိတယ်။ အဲဒါက အဲဒီတရားသူကြီးကို ငါ ကျွေးသလို မင်း ကျွေးမထားနိုင်ခဲ့ဘူးလေ” လို့ ခပ်အေးအေး ပြန်ပြောသတဲ့။
သမိုင်းမဝင်တဲ့ ဖြစ်ရပ်မှန် ပုံပြင်ကလေးကတော့ ဒါပါပဲ။
ဥပဒေပညာရှင် စောဘဦးကြီးဟာ အဲဒီကတည်းက ဥပဒေဆိုတာဟာ တစ်ခါတရံမှာ တကယ်တမ်း ရိုးသား ခံစားရတဲ့သူတွေကို ကာကွယ်ဖို့ထက် နားလည်တဲ့လူလယ်တွေက ဥပဒေ နားမလည်တဲ့၊ ရိုးသားသူတွေကို ပိုပြီးဖိနှိပ်ဖို့ ‘လက်နက်’ သဖွယ် ဖြစ်တတ်တယ်ဆိုတာ နားလည်သဘောပေါက်သွားပုံရပါတယ်။ ဒါကြောင့်လည်း ကရင်အမျိုးသားရေးမှာ ‘လက်နက် အစစ်’ ကိုကိုင်တဲ့ လမ်းစဉ်ကို မရွေးမဖြစ် နောက်ဆုံးရွေးခဲ့ရတာ ဖြစ်ချင်လည်း ဖြစ်မှာပေါ့။
MK
၎. ၈. ၂၀၁၂ (EU)
*မှတ်ချက်။ ။ ဒီအကြောင်းလေးကို ၀၄. ၀၈. ၂၀၁၂ က ဟစ်တိုင် ကို ပေးပို့ထားခဲ့ပါတယ်။ နေရာ အခက်အခဲကြောင့် ထင်ပါရဲ့၊ ယနေ့ထိပေါ်မလာခဲ့လို့ အချိန်မီအောင် ကိုယ့် FB မှာပဲ တင်လိုက်ပါတယ်။ ဖတ်ရတာတော့ ဟိုမှာလို သိတ် … မစမတ် ... ဘူးပေါ့လေ။
No comments:
Post a Comment