Tuesday, August 28, 2012

နှစ်ငါးဆယ် ... ဆောင်းနှင်းမှုန်များ၊ စစ်ပွဲအသစ်များနှင့် ကမ္ဘာကြီး (ကမာပုလဲ)

“အရေးကြီးတာက ကိုယ့်ကို၊ ကိုယ့်ပြည်သူကို အဓမ္မ ဖိနှိပ်နေတဲ့ နိုင်ငံရေးစနစ်ဆိုးကြီးကို သွေးအစားထိုး ကုသပေးနေရာမှာ ကိုယ်တိုင်အလှူကြီး ဝင်မပေးမိလိုက်ဖို့ပါပဲ …” 

ဆောင်း၏ ရနံ့ကို ရနေသည်။ မြောက်ပြန်လေမှ တဆင့် ...။

သြော် ... ဘဝ၏ ငါးဆယ်ကြိမ်မြောက် ဆောင်းသည် ရောက်ရှိလာတော့မည်။ ဆောင်းငါးဆယ် ... နွေငါးဆယ် ... မိုးရာသီ ငါးဆယ် ...။

နှစ်ပေါင်းငါးဆယ်သည် မနေ့တနေ့ကလိုပင် ဖြစ်နေသည်။ တကယ်တော့ နှစ်ပေါင်းငါးဆယ်သည် မနည်းလှသည့် နှစ်ကာလများ ဖြစ်သည်။ ကလေးတယောက်၏ မိုးကောင်းကင်များ၊ ရှက်တတ် ကြောက်တတ်စ ကျောင်းတက် ခေါင်းလောင်းသံများ၊ လိုချင်တောင့်တမှုများနှင့် စိတ်လိုကိုယ်ကျ ဖြစ်ခွင့်မရသော ဆန္ဒ၏ မွန်းကြပ်မှုများ ...။

‘အို ... လှေကလေးရယ် ... မင်း တော်တော်လည်း အမှတ်မရှိပါလားကွယ် ... ကျောက်ဆူးလည်း ချထားရက်နဲ့ ... မင်းဟာ ပင်လယ်ဘက်ကို ခဏ ...ခဏ မျောနေတယ်’


ကွယ်လွန်သူ အဆိုတော်လွှမ်းမိုး၏ သီချင်း အစအန (ရာဘင်ဒြာနတ် တဂိုး၏ ကဗျာတစ)ဖြင့် နှစ်ငါးဆယ်ဆောင်း၏ ကြိုဦးရနံ့မှာ ငယ်ဘဝကို လွမ်းပါသည်။ အဆော့မက်သည့် ကလေးတယောက်၏ အသားရေပေါ်တွင် ဆောင်းသည် နေရာမရရှိခဲ့။ လူကြီးသူမတွေ၏ ဆောင်းကို ခုခံခဲ့သော မီးဖိုကလေးများသည် ကလေးတယောက်၏ ဥပေက္ခာတွင် မလှမပ ကျဆုံးခဲ့ရသည်။ ခုတော့ ဆောင်းသည် နှစ်ပေါင်းငါးဆယ်ကို ဖြတ်သန်းခဲ့သော လူသားတယောက်အား ကြိုတင် စိန်ခေါ်မှုများဖြင့် ရောက်ရှိလာတော့မည်။

‘အမုန်းသည် ချစ်ခြင်း၏ နောက်ကွယ်တွင် ကပ်လျက် တည်ရှိနေတတ်ပါသလား’

တကယ်ဆို အမုန်းဖြင့် လမ်းခွဲရမယ့် ဇာတ်သိမ်းခန်းတွေကို ဘဝမှာ မကြုံတွေ့ချင်၊ မဖြတ်သန်းချင်၊ မခံစားရချင်။ အမုန်းသည် အမုန်းခံရသူအတွက်သာမက မုန်းနေရသည့်သူအတွက်ပါ ငြိမ်းမရသည့် ခံစားချက် မီးတောက်မီးလျှံပင် ဖြစ်သည်။ ဘာသာတရားတွေ ... နီတိအဆုံးအမတွေ ... တရားစာတွေကို ဖတ်ရသည်။ စာက စာ၊ စကားက စကား၊ တရားက တရား၊ လူသား၏ လက်တွေ့မှာ အမုန်းများ၊ မတရားအနိုင့်အထက် ပြုကျင့်မှုများ၊ ဘဝ၏တိုက်ပွဲများ၊ ပဋိပက္ခများဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပျက်နေသော ပတ်ဝန်းကျင်များ ... နှစ်ပေါင်း ငါးဆယ် ...။

‘အတိတ်ကာလသည် ကတ္တီပါ မြက်ခင်းစိမ်းမဟုတ် ... ဆူးခက် ကန္တာရများဖြင့်သာ ...’

ကလေးတယောက်သည် ကြီးနိုင်ငယ်ညှဉ်း ပြုကျင့်ခံခဲ့ရသော စာသင်ခန်းကလေးကို နာကျင်မှုဖြင့် အမှတ်ရနေတတ်သည်။ ဆင်းရဲ ချမ်းသာ ခွဲခြားဆက်ဆံတတ်သော လူမှုပတ်ဝန်းကျင်တွင် တင်းမာ ခက်ထန်နေသော မျက်နှာများသည် သူ၏ ခြောက်ညအိပ်မက်ဆိုးများ ...။ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေနေသော ကျောက်သင်ပုန်းကလေးတချပ်ပေါ်မှာ ကျခဲ့ရသော မျက်ရည်စများဖြင့် ကလေးတယောက်၏ စာသင်ခန်းသည် ...။

အရွယ်ရောက်သူ၏ အထီးကျန်ခြင်းသည် သူ့အတွက် ဖြေရှင်းရန် နည်းလမ်းများစွာ ရှိနေသည်။ ကလေးတယောက်၏ သိမ်ငယ်စိတ်သည် နုနယ်သည့် သူ့နှလုံးသားကလေးအပေါ် သူမသိသည့် အမုန်းတရားတို့ဖြင့် စွန်းထင်းနေပါလိမ့်မည်။ စွဲမြဲထင်ကျန်သွားတော့မည်လည်း ဖြစ်သည်။ မတရားမှုများကို ကိုယ်တိုင် ကြုံတွေ့ရသည့်အခါ ဆတ်ဆတ်ခါ နာတတ်သည့် ခံစားမှုအကျင့်သည်လည်း သေရာပါမည့် လောကအမွေ ဖြစ်သွားတတ်ပါသည်။

ကလေးတယောက်၏ ငယ်ဘဝသည် သူငယ်ချင်းမိတ်ဆွေများဖြင့် အတိပြီးသင့်သည်။ အကစားဖက်ခဲ့ရသည်မှာလည်း လမ်းပေါ်မှာပင် မဖြစ်သင့်။ ကိုယ်က ခင်မင်မှုဖြင့် လှိုက်လှဲအားရ နှုတ်ဆက်အခေါ်ကို မနှစ်မြို့ ရွံရှာမုန်းတီးသည့် မျက်လုံးများဖြင့် အပြစ်ပေး အရေးယူခံနေရသောအခါ ကလေးငယ်၏ ကမ္ဘာသည် တကယ့်ကို မှေးမှိန် သေးငယ် သွားတော့သည်။ စုတ်ပြဲနွမ်းရိနေသော ကျောင်းသုံး ပြဌာန်းစာအုပ်များသည် သူ့အဖော်၊ သူ့သူငယ်ချင်း၊ သူ့ကစားကွင်း၊ သူ၏ လောက နိဗ္ဗာန်ဘုံ ...။ ဤသို့ ကလေးတယောက်၏ ကြီးပြင်းမှုသည် ကလေးသဘာဝနှင့် မလျော်ညီတော့။ ထိခိုက်ခံစားလွယ်တတ်သောဉာဉ်သည် သူ၏ လူကြီးဘဝ ဖော်ပြဆက်ဆံမှုအပေါ် စိတ်ရောဂါတခုနှယ် လွမ်းမိုး ကျင့်သားပါနေတော့မည်လား။

ဒီလို ကိုယ့်စိတ်အခံကို ကိုယ်သိခွင့်ရခဲ့သည်မှာ မိသားစုဘဝ နေထိုင်ခဲ့ပုံများကြောင့်သာ ဖြစ်သည်။ မည်သို့ဆိုစေ မိဘ၊ ညီအကို မောင်နှမတို့၏ တန်ဖိုးထား ဆက်ဆံမှုစည်းသည် သူ့ကို ခံစားမှုအဓိက ဆက်ဆံရေးသမားအဖြစ် အစွန်းသို့ တွန်းမပို့နိုင်ခဲ့။ နားလည်ခံစားတတ်သည့်အကျင့်သည် သူတို့နှင့် ရှင်ကွဲ၊ သေကွဲလမ်းပေါ်ကို ရောက်ရှိလာတော့မှ ပို၍ သဘောပေါက် ပြုမူလာနိုင်ခဲ့သည်။ သို့သော် သူ၏ ကလေးဘဝ အထီးကျန် အိပ်မက်ဆိုးများသည် သူ့စိတ်ကို လွှမ်းမိုး ခြောက်လှန့်လို့နေဆဲပင် ...။

ဖတ်ခဲ့ရသော စာအုပ်များ၊ သူငယ်ချင်းကောင်း မိတ်ဆွေ အနည်းငယ်များ၊ တန်ဖိုးဖြတ်မရသည့် ဘဝအတွေ့အကြုံများဖြင့် လေးစားအတုယူထိုက်သော အမှောင်ခေတ်၏ ကြယ်စင်ပွင့်နှယ် လူသားများ၊ ကိုယ်တိုင် ဖြတ်သန်းခဲ့ရသည့် နှစ်ငါးဆယ် အတွေ့အကြုံများ ...။

ဘဝ ဘဝမျိုးစုံကို ရင်းနှီးစေ့ငုခွင့် ရခဲ့သည်။ ကိုယ့်ဘဝထက် နှိုင်းယှဉ်မရအောင် ဆိုးဝါးသိမ်ငယ်လှသော ဘဝများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။ ထိုအခါ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြု ခံစားချက်များအပေါ် ကိုယ်တိုင်အရှက်ရ ဆင်ခြင်မှုလမ်းစကို တွေ့ခဲ့သည်။ တဆက်တည်းမှာ လူတယောက်၏ သူလုပ်နိုင်သည့် အလုပ်ထက် သူ၏လိုချင်တပ်မက်မှုများ တထပ်တည်း မကျနိုင်ပုံကိုပါ မှတ်မထင် ထိတွေ့ခံစားလိုက်ရသည်။

ပေးဆပ်နေပါသည်ဟု စကားလုံးအားဖြင့် ကြီးကြီးကျယ်ကျယ်တွေ မပြောလိုတော့၊ မပြောရဲတော့ပါ။ ပြောရမှာလည်း ရှက်ပါသည်။ တကယ်ဆို ကိုယ်လုပ်ချင်တဲ့အလုပ်အတွက် ကိုယ့်ဘဝကို ကိုယ်တိုင်ရွေးချယ်ခဲ့တာသာ ဖြစ်ပါသည်။ မည်သူတဦးတယောက်ကမျှ တွန်းအားပေး လှုံ့ဆော်ခဲ့သည် မဟုတ်။ မိသားစုဘဝကလေးကို မိသားစု အလွမ်း၊ မျက်ရည် ... စိတ်သောကများဖြင့် လဲလှယ်ကာ ကိုယ်ယုံကြည်ရာကို ခေါင်းမာမာ ရွေးချယ်ခဲ့သည်ပဲ။ သေချာတာကတော့ ဒီလမ်းဟာ မှားယွင်းသွားဖို့ထက် တာဝန်မကျေ ဖြစ်သွားနိုင်တာကိုပဲ ထိတ်လန့်စိတ်ဖြင့် အသိကို ခိုင်မာစေခဲ့ပါသည်။

‘အချစ်ဖြင့် စွဲနစ်နေသော ဘဝလမ်းကလေး ... မည်သို့ပင် ခက်ခဲကြမ်းတမ်းနေပါစေ သည်လမ်းကလေးကို တိုးလို့ တိုး၍ ဆက်ကာ ချစ်လို့နေရဦးမည်သာ ဖြစ်သည်’

အမုန်းဖြင့် စစ်ပွဲတွေဖြစ်နေသည်။ ယုံကြည်ချက်ဖြင့် စစ်ပွဲတွေဖြစ်နေသည်။ ခုခံရေးအတွက် စစ်ပွဲတွေ ဖြစ်နေသည်။ စစ်မဖြစ်သည့် နိုင်ငံကြီးတချို့က အကျိုးစီးပွားအတွက် စစ်လက်နက်များ၊ စစ်ပွဲများကို အရောင်းသွက် နည်းပညာများဖြင့် ထုတ်လုပ်နေကြသည်။ လူသည် စစ်ပွဲတွေကို မုန်းသင့်သည်။ လူသည် စစ်ပွဲတွေအစား ငြိမ်းချမ်းရေး တရားဓမ္မများဖြင့် မွှေ့လျော်နေသင့်သည်။

ငြိမ်းချမ်းရေး၏ ရန်ဘက်အကျိုးစီးပွားသည် ‘ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး’ ဟု လူကြားကောင်းရုံ အော်ဟစ်ကာ စစ်ပွဲအသစ်တွေအတွက် ဦးနှောက်မှတ်ဉာဏ်ထဲမှာ ဒေသနာ အချက်အလက်များဖြင့် အလုပ်ရှုပ်နေကြသည်။ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ဘဝများဖြင့် စစ်ပွဲအသစ်တွေကို ဖန်တီးနေကြသည်။ ဒါကိုပဲ ကမ္ဘာ့ လူ့ယဉ်ကျေးများက အဆိပ်ပင်ကို ရေဝိုင်းလောင်းပေးနေကြသည်။ အကြောက်တရားသည် အဖြစ်မှန်ကို မျက်ကွယ်ပြုထားသလို၊ နှုတ်၏ ဆွံ့အမှုများဖြင့် စိတ်ကူးယဉ် လောကနိဗ္ဗာန်ကို တည်ဆောက်နေကြသူများသည် ယနေ့ကမ္ဘာ၏ ခေတ်အစားဆုံး ဇာတ်ကောင်များ ဖြစ်နေကြသည်။ ကမ္ဘာ့ပြည်သူများမှာ မျက်ရည်နှင့်မျက်ခွက်။ လူညွှန့်တုံးနေသည့် ပစ္စုပ္ပန်တည့်တည့်ဖြင့် အနာဂတ်သည် မွေးဖွား မလာမီကပင် တစပြင်သင်္ချိုင်းအဖြစ် တင်ကြိုပြဌာန်းပြီး ဖြစ်နေသည်။

‘မတရားတာကို မတရားဘူးလို့ ပြောပစ်လိုက်စမ်းပါ။ မမှန်တာကို မမှန်ဘူးလို့ သတ္တိရှိရှိ ရပ်တည်ပြလိုက်စမ်းပါ။ ရန်လိုနေတဲ့ မြွေတကောင်ကို မေတ္တာသုတ်တွေ ရွတ်ပြနေခြင်းဖြင့် သူ့အဆိပ်စွယ် ကျိုးမသွားနိုင်ပါ ...။ ရန်သူဟာ သူ့ ရန်လိုဖျက်ဆီးနေမှုကို အကျိုးစီးပွားအားဖြင့် အောင်မြင်အနိုင်ရရှိနေသရွေ့ ဘယ်တော့မှ ငြိမ်းချမ်းရေးရဲ့ မိတ်ဆွေ ဖြစ်မလာနိုင်ပါ။ အရေးကြီးတာက ကိုယ့်ကို၊ ကိုယ့်ပြည်သူကို အဓမ္မ ဖိနှိပ်နေတဲ့ နိုင်ငံရေးစနစ်ဆိုးကြီးကို သွေးအစားထိုး ကုသပေးနေရာမှာ ကိုယ်တိုင်အလှူကြီး ဝင်မပေးမိလိုက်ဖို့ပါပဲ’

နွေပေါင်း ငါးဆယ် ...၊ မိုးရာသီ ... ငါးဆယ်၊ ဆောင်းရာသီ ငါးဆယ်တို့သည် တခုနှင့်တခု မတူ။ တူသည်ဆိုလျှင်လည်း အဓိပ္ပာယ် သက်ဝင်နေမည်မဟုတ်။ ခပ်ဆင်ဆင်တော့ တူကောင်းတူမည် ဖြစ်သည်။ ဆရာမြ၏ ‘အက်ဆစ်မိုး၊ ခရမ်းလွန် နွေဦးနှင့် နြူကလီးယား ဆောင်း’ ကို သတိရသည်။ စစ်ပွဲတွေကို မမြင်ချင်၊ မကြားချင်၊ မတွေ့ကြုံချင်သော စကားလက် အိုဟာရာ၏ သေနတ်သံကို ကြားယောင်နေမိသည်။ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲတွေကို ဝေသာလီ အခင်းအကျင်းနဲ့ ချန်ရစ်ပြီးနောက် စစ်မျက်နှာ အသစ် အသစ်တွေဟာ ကမ္ဘာကြီးရဲ့ အခြားသော မျက်နှာစာတွေကို လှည့်လို့လာနေသည်။

ယနေ့ စစ်ပွဲအသစ်များသည် လူမြင်နိုင်သည့် လက်နက်ကိရိယာများအပြင် နူးညံ့သိမ်မွေ့သော ကြောက်မက်ဖွယ် ကိုယ်ကျိုးစီးပွား လက်နက်များဖြင့် အပြစ်မဲ့ ကမ္ဘာ့ပြည်သူများကို မေတ္တာရိ နှိပ်စက် သတ်ဖြတ်နေသည်။ ကျည်တတောင့် ဗုံးတလုံးထက် အဆပေါင်းများစွာ သေကြေပျက်စီးစေပါသည်။ မေတ္တာတရားသည် ထိုထိုသော လက်တွေ့ စစ်ပွဲများအောက်တွင် မျက်ရည်စက်လက် သေဆုံးလျက် ...။ တရားသော ခုခံစစ်ပွဲများနှင့် သမိုင်း၏ လိုအပ်ချက်အရ ဖြစ်ပေါ်နေသော တိုးတက် ပြောင်းလဲရေး ရုန်းကန်လှုပ်ရှားမှုများကလည်း ခေတ်ပြိုင် ...။

‘ဆောင်းဦးကို ကြိုတင်အသိပေးနေသည့် ... နှင်း ... ခင်ဗျားရဲ့ အေးတိအေးစက် အထိအတွေ့တွေမှာ စစ်ပွဲ အသစ်တွေရဲ့ ရနံ့ကို ကျနော်တို့ ရရှိနေပါတယ် ...’

ကမာပုလဲ 
၂၈၀၈၂၀၁၂


 

No comments: