Wednesday, August 22, 2012

အတိတ်က လူတွေရဲ့အမှားအတွက် ဝန်ချတောင်းပန်မယ်ဆိုရင် (မောင်ဝံသ)

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်က စတင်စုဝေးလှုပ်ရှားခဲ့တာကို အကြောင်းပြုပြီး ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးလို့ သမိုင်းမှတ်တိုင်စိုက်ထူခဲ့တဲ့ အထိမ်းအမှတ်နေ့ကို လက်ရှိ နိုင်ငံတော်အစိုးရက အသိအမှတ်ပြုတဲ့ အရိပ်လက္ခဏာပြလာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရင်း မကြာသေးခင် လအတန်ကြာက ဘီဘီစီ အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖတ်လိုက်ရတဲ့ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကို ပြန်သတိရမိတယ်ဗျ။

သမ္မတ က ဝန်ချတောင်းပန် 

သတင်းက ဂွါတီမာလာနိုင်ငံကလာတဲ့ သတင်းပါ။ သတင်းမှာ ဂွါတီမာလာ သမ္မတ အယ်လ်မာရိုကိုလွမ်က သူ့နိုင်ငံရဲ့ ပြည်တွင်းစစ်အတွင်း လွန်ခဲ့တဲ့ နှစ်သုံးဆယ်နီးပါးလောက်က ရွာတစ်ရွာမှာ အစိုးရတပ်ဖွဲ့ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ခံခဲ့ကြရတဲ့ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ နှစ်ရာကျော်ကျော်တို့အတွက် တရားဝင် ဝန်ချတောင်းပန်ခဲ့တယ်လို့ ဖော်ပြထားတယ်ဗျ။


‘ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းမှာ အမည်းစက်အဖြစ် စွန်းထင်းပေကျံနေခဲ့တဲ့ အဲဒီဖြစ်ရပ်အတွင်း သေဆုံးသွားခဲ့ကြသူတွေနဲ့ သူတို့ရဲ့ မိသားစုဆွေမျိုးသားချင်းတွေကို နိုင်ငံတော်သမ္မတအနေနဲ့ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ပေါင်းစု အကြီးအကဲအနေနဲ့ နိုင်ငံတော်ကို တိုင်တည်သစ္စာဆိုပြီး ကျွန်တော် ဝန်ချတောင်းပန်ပါတယ်’ လို့ မြို့တော်က ယဉ်ကျေးမှုနန်းတော်မှာပြုလုပ်တဲ့ တရားဝင် ဝန်ချတောင်းပန်ပွဲ အခမ်းအနားမှာ သမ္မတက ပြောဆိုခဲ့တယ်လို့ သတင်းက ဆိုတယ်ဗျာ။

သူနဲ့ ဘာမှပတ်သက်ခြင်းမရှိခဲ့ 

ဒီသတင်းမှာ မိမိရှေ့က အစိုးရတစ်ခုလုပ်သွားခဲ့တဲ့ မကောင်းတဲ့လုပ်ရပ်တစ်ခုအတွက် ထမင်းရည်ပူလာ လျှာလွှဲ ခေါင်းရှောင်တာမျိုး မလုပ်ဘဲ ရဲရဲရင့်ရင့် တာဝန်ယူခဲ့တဲ့ သမ္မတတစ်ဦးရဲ့ လေးစားအားကျဖွယ်စိတ်ထားနဲ့ လုပ်ရပ်ကို မြင်တွေ့နိုင်ကြမှာ ဖြစ်တယ်ဗျ။

ပြောမယ်ဆိုရင် သမ္မတကိုလွမ်ဟာ အဲဒီရာဇဝတ်မှုကြီးကို အစိုးရတပ်ဖွဲ့တစ်ဖွဲ့က ကျူးလွန်ခဲ့ချိန်မှာ အစိုးရနဲ့ ဘယ်လိုမှ ပတ်သက်ဆက်စပ်မှု မရှိခဲ့သူတစ်ဦးဖြစ်တာမို့ သူ သမ္မတဖြစ်လာချိန်မှာ အဲဒီရာဇဝတ်မှုကြီးနဲ့ပတ်သက်လို့ ဘာမှမပြောဘဲ နှာစေးနေလို့ ရတယ်ဗျ။

အဲဒီရာဇဝတ်မှုကြီးအတွက် သူ့အနေနဲ့ တစ်ခုခု လုပ်ပေးဖို့ ဒါမှမဟုတ်ပြောပေးဖို့ သူ့မှာ တရားဥပဒေအရ ဘာ တာဝန်ဝတ္တရား (Legal Duty)မှ ရှိတာမဟုတ်ဘူးဗျ။ ဒါပေမယ့် သူဟာ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ တာဝန်ရှိမှု (Moral Obligation) အရ အခုလို ဝန်ချ တောင်းပန်ခဲ့တာဖြစ်တာကြောင့် ဂွါတီမာလာသမ္မတ အယ်လ်ဗာရိုကိုလွမ်ဟာ လူကြီးလူကောင်း ဆန်သူ၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထားလေးစားသူ နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ဆိုရမှာ ဖြစ်တယ်ဗျာ။

ဆားဘီးယားနိုင်ငံ ဥပမာ 

ဒီနေရာမှာ စကားစပ်မိလို့ နိုင်ငံတစ်နိုင်ငံအကြောင်း နောက်ကြောင်းပြန် ပြောပြချင်တယ်ဗျာ။ အဲဒီနိုင်ငံကတော့ ဆားဘီးယားနိုင်ငံပါ။ နိုင်ငံတကာရေးရာများကို စဉ်ဆက်မပြတ် လေ့လာခဲ့ကြသူတွေအနေနဲ့ အဲဒီနိုင်ငံအကြောင်း ကောင်းကောင်းသိကြမှာ ဖြစ်တယ်ဗျ။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဝါဒ တိုက်ဖျက်ရေးသူရဲကောင်းဖြစ်ခဲ့တဲ့ မာရှယ်တီတိုး ထူထောင်ခဲ့တဲ့ ယူဂိုဆလား ဗီးယားပြည်ထောင်စုမှာ ဆားဗီးယားဟာ အတွင်းသားအမာခံနေရာက ပါဝင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်တယ်ဗျ။

ခွဲထွက်ရေး ကြိုးပမ်းမှုတွေ 

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားခဲ့မှုနဲ့အတူ ကမ္ဘာမှာ ကွန်မြူနစ်ဝါဒရဲ့ သြဇာအရှိန်အဝါ ကျဆင်းလာနေတဲ့ ၁၉၉၀ အစောပိုင်းနှစ်တွေမှာ ကွန်မြူနစ် ယူဂိုဆလားဗီးယား ပြည်ထောင်စုဟာလည်း ခွဲထွက်ရေးလှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဗျာ။ အဲဒီလှုပ်ရှားမှုတွေထဲမှာ လူသိအများဆုံးကတော့ ၁၉၉၂ ကနေ ၁၉၉၅ အထိ ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယားနိုင်ငံရဲ့ ခွဲထွက်ရေး ကြိုးပမ်းမှုဖြစ်တယ်ဗျ။

အဲဒီစစ်ပွဲအတွင်း ဘော့စနီးယား ဆာ့ဘ်တပ်ဖွဲ့တွေဟာ ဘော့စနီးယားမူစလင်တွေရဲ့ ခွဲထွက်ရေးကြိုးပမ်းမှုကို ဟန့်တားဖို့ကြိုးစားရင်း လူမျိုးတုံးသန့်စင်မှု၊ လူသားဖြစ်မှုကို ဆန့်ကျင်မှုလို့ ဆိုနိုင်လောက်တဲ့ ဧရာမစစ်ရာဇဝတ်မှုကြီးတွေကို ကျူးလွန်ခဲ့ကြတယ်ဗျ။ အဲဒီထဲက အဆိုးဆုံးဖြစ်ရပ်ဖြစ်တဲ့ ဆရီဘရင်နီးယားမြို့က ဖြစ်ရပ်မှာဆိုရင် ဘော့စနီးယား ဆာ့ဘ်တပ်ဖွဲ့တွေဟာ ဘော့စနီးယား မူစလင်အမျိုးသားကြီးငယ် ၈၀၀၀ လောက်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တာဖြစ်တယ်ဗျာ။

တိုတိုပြောရရင် ဆာ့ဘ်တပ်ဖွဲ့တွေ အဲသလောက် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေသုံးပြီး ဟန့်တားခဲ့ပေမယ့် ဘော့စနီးယားဟာ နောက်ဆုံးမှာ ယူဂိုစလားဗီးယားပြည်ထောင်စုက ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံတစ်ခု ဖြစ်သွားခဲ့တယ်။ ခရိုအေးရှားခွဲထွက်ရေး လှုပ်ရှားမှု၊ ဘော့စနီးယားခွဲထွက်ရေး လှုပ်ရှားမှုတွေရဲ့ ရိုက်ခတ်မှု ဂယက်အရှိန်တွေကြောင့် ဆားဗီးယားမှာလည်း ဆလိုဘိုဒန်မီလိုစီဗစ် ဦးဆောင်တဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ အစိုးရ ပြုတ်ကျပြီး ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာခဲ့တယ်ဗျာ။

စစ်တရားခံ နှစ်ယောက် 

ဒါပေမယ့် ဘော့စနီးယားစစ်ပွဲမှာ မကြားဝံ့ မနာသာလောက်စရာ စစ်ရာဇဝတ်မှုကြီးတွေကို ဦးဆောင် ကျူးလွန်ခဲ့ကြသူတွေအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သဘောထားခြင်းခံခဲ့ရတဲ့ ဘော့စနီးယားဆာ့ဘ် နိုင်ငံရေး ခေါင်းဆောင် ရာဒိုဗန်ကရာဇစ်နဲ့ စစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရက်ကိုမလာဒစ်တို့ကတော့ အဲဒီစစ်ပွဲပြီးသွားလို့ ဆယ်စုနှစ်တစ်ခုကျော် ကြာလာတဲ့အထိ ဆာဘီးယားနိုင်ငံထဲမှာ လှည့်ပတ် ရှောင်ပုန်းနေနိုင်ခဲ့ကြတယ်ဗျ။

မီလိုစီဗစ်ခေတ်လွန် ဆားဗီးယားအစိုးရ အဆက်ဆက်ဟာ သူတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ဥရောပသမဂ္ဂအဖွဲ့ ဝင်ရောက်ခွင့်ရရှိဖို့ ဆန္ဒပြင်းပြခဲ့ကြတယ်ဗျာ။ ဒါပေမယ့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အဓိကထားတဲ့ ဥရောပသမဂ္ဂက ဆားဘီးယားနိုင်ငံကို သူတို့အဖွဲ့ဝင် ဝင်ခွင့်ပြုရေးအဓိက ခြွင်းချက်အဖြစ် ကရာဇစ်နဲ့ မလာဒစ်တို့ နှစ်ဦးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ရှေ့မှောက်အရောက်ပို့ပေးရေးကို တောင်းဆိုခဲ့ကြတယ်ဗျ။

တစ်နည်းအားဖြင့် လက်ရှိဆားဗီးယား အစိုးရအနေနဲ့ သူ့ရှေ့က အစိုးရတစ်ခု ကျူးလွန်သွားခဲ့တဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူမှုအပြည့်ရှိကြောင်း အဲဒီနည်းနဲ့ သက်သေပြဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်ဗျ။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အဲဒီပုဂ္ဂိုလ်နှစ်ယောက်ကပဲ အပုန်းကောင်းလွန်းတာလား၊ ဒါမှမဟုတ် မီလိုစီဗစ်ခေတ် နောက်ပိုင်း ဆားဘီးယားအာဏာပိုင်တွေကပဲ မျက်စိအမြင် ချို့တဲ့ကြလေသလားတော့ မပြောတတ်ဘူး။ ဆားဘီးယား အီးယူဝင်ခွင့်ရရေးဟာ ‘နီးလျက်နဲ့ဝေး’ ဆိုသလို ဖြစ်ခဲ့တယ်ဗျ။

နောက်ဆုံးတော့ အဲဒီပုဂ္ဂိုလ်နှစ်ယောက်စလုံးကို ဆားဘီးယားက လက်ရဖမ်းဆီးပြီး အိုင်စီစီကို ပို့လိုက်ပြီဗျာ။ ဒီတော့ ဆားဘီးယားဟာလည်း တာဝန်သိ တာဝန်ယူတဲ့နိုင်ငံတစ်ခုအဖြစ် ဥရောပသမဂ္ဂကို ဝင်ရောက်ခွင့်ရရှိတော့မှာ ဖြစ်တယ်ဗျ။

တာဝန်သိဖို့ တာဝန်ယူဖို့ တောင်းဆိုသံတွေ 

ဒီကနေ့ ကမ္ဘာကြီးဟာ ပေါက်ကွဲတိုးတက်နေတဲ့ သတင်းနည်းပညာတန်ခိုးနဲ့ အပြောင်းလဲကြီးပြောင်းလဲနေပြီ။ ဟင်းလင်းပွင့်သွားတဲ့ ကမ္ဘာကြီးမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး စတဲ့ အသံတွေဟာ ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ အိမ်တံခါးဖွင့်လိုက်တာနဲ့ အလုအယက် တိုးဝင်လာကြတဲ့အရာတွေ ဖြစ်နေပြီဗျာ။ တစ်ချိန်တည်းမှာ တာဝန်သိဖို့ တာဝန်ယူဖို့ တာဝန်ခံဖို့ဆိုတဲ့ တောင်းဆိုသံတွေဟာလည်း ဘယ်သူ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်အစိုးရမှ ရှောင်ပြေးလို့ မရနိုင်တော့လောက်အောင် နောက်က တကောက်ကောက်လိုက်နေကြတာ ဖြစ်တယ်ဗျ။

သမိုင်းစာမျက်နှာသစ် ဖွင့်ဖို့ 

ကျွန်တော်တို့ နိုင်ငံမှာလည်း အားလုံးသိကြတဲ့အတိုင်း ခေတ်သစ်တစ်ခုအတွင်းသို့ ချဉ်းနင်းဝင်ရောက်ဖို့ ကြိုးစားနေကြတယ်ဗျ။ တစ်ချိန်ကလို ကမ္ဘာ့တစ်စိတ်တစ်ပိုင်း တစ်ခြမ်းတစ်ဖွဲ့တည်းနဲ့ ဆက်ဆံတာမျိုးမဟုတ်ဘဲ အရှေ့အနောက် တောင်မြောက် ဝဲယာနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ လုံးပမ်းနေတဲ့ကာလ ဖြစ်တယ်ဗျ။ အထူးသဖြင့် ဒီမိုကရေစီပန်းတိုင်ဆီသို့ ဦးတည်ချီတက်နေပြီဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများနဲ့ ဆက်ဆံရေးမှာ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ဖို့ ရည်ရွယ်ကြိုးပမ်းနေတဲ့ကာလ ဖြစ်တယ်ဗျာ။

ဦးဦးဖျားဖျား သတင်းပေးချင်ပါတယ် 

ဧရာဝတီမြစ်ဆုံရေကာတာကိစ္စ ဆုံးဖြတ်ချက်နဲ့အတူ အရင်လူများရဲ့အမှားကို ပြင်ရဲတဲ့ တာဝန်သိ တာဝန်ခံ တာဝန်ယူမှုရှိတဲ့ အစိုးရတစ်ရပ်အဖြစ် ပြည်တွင်းပြည်ပက လက်ခုပ်သံတွေရရှိခဲ့တဲ့ လက်ရှိအစိုးရအနေနဲ့ နောက်ထပ် အဲသလို အမှားမျိုးတွေကို ဘယ်လောက်များများနဲ့ မြန်မြန် ပြင်နိုင်ဦးမလဲဆိုတာကို ပြည်တွင်းကရော နိုင်ငံတကာ မိသားစုကပါ စိတ်ဝင်တစား စောင့်ကြည့်နေကြမှာ သေချာတယ်ဗျ။ ကျွန်တော်တို့ စတုတ္ထမဏ္ဍိုင်သားတွေဆိုတာကတော့ လုပ်ငန်းသဘာဝအရကို နားပါး မျက်စိလျင်ရတဲ့လူတွေဖြစ်တာကြောင့် အဲသလိုလုပ်ရပ်မျိုး ပေါ်လာမယ့်အလားအလာ တွေ့ရရင် ဦးဦးဖျားဖျား ပြည်သူတွေဆီကို သတင်းပေးချင်လှပါပြီဗျာ။

၁၇၊ ၈၊ ၂၀၁၂
maungwuntha@gmail.com

ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာပဲ ဖော်ပြခဲ့တဲ့ မောင်ဝံသရဲ့ ဆောင်းပါး။ 

 

No comments: