မြန်မာနိုင်ငံဘက်ခြမ်းကနေပြီး သံလွင်မြစ်ကြီးထဲကို တသွင်သွင်စီးဆင်းနေတဲ့ အူဝဲချောင်းရိုးလေးအတိုင်း
မိနစ် ၂၀ ကျော်ကြာ လမ်းလျှောက်ပြီးရင်တော့ ကရင်ဒုက္ခသည် ၂၅၀ ကျော် ခိုလှုံနေကြတဲ့ အူဝဲထာ ဆိုတဲ့ ဒုက္ခသည်စခန်းလေးကို ရောက်ပါပြီ။
ဒီစခန်းလေးဟာ ၂၀၀၇ ခု၊ ဇွန်လလယ်လောက်ကမှ စတင်ဖြစ်ပေါ်လာခဲ့တာပါ။ မိုးထဲလေထဲမှာ ကျိုးတိုးကျဲတဲ ဆောက်လုပ်ထားတဲ့၊ ဆောက်လုပ်နေဆဲဖြစ်တဲ့ အသစ်စက်စက် တဲအိမ်လေးတွေကတော့ မိုးမိထားတဲ့ နှံပြီစုတ်ငှက်ကလေးတွေလို ကုပ်ကုပ်ချိချိ။ ခရီးပမ်းလာတဲ့ မျက်နှာတွေ၊ ဖြူဖတ်ဖြူရော် အသားအရေတွေ၊ ချိနဲ့နေတဲ့ ခြေလှမ်းတွေနဲ့ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို အားလုံးလိုလိုဟာ မှုန်စုပ်စုပ်၊ ညစ်ကြေကြေ အဝတ်အထည်တွေကို ဝတ်ဆင်ထားကြပြီး တိတ်ဆိတ်စွာ လှုပ်ရှားသွားလာနေကြပါတယ်။
တဲအိမ်လေးတွေကို မိုးထား၊ ကာထား၊ ခင်းထားတဲ့ ဝါးတွေ၊ ဖက်တွေနဲ့ လောလောလတ်လတ် ခုတ်ထားတဲ့ ထင်းပုံတွေကတော့ သူတို့အားလုံးနဲ့ ဆန့်ကျင်စွာ စိမ်းစိုလတ်ဆတ်လို့။ မိုးစိုထင်းတွေကတော့ တဲအိမ်လေးတွေထဲက မီးခိုးငွေ့တွေ အူထွက်နေအောင် အစွမ်းကုန် တန်ခိုးပြနေပါတယ်။ ‘တဒုတ်ဒုတ်’ နဲ့ အဆက်မပြတ် ကြားရတာကတော့ စခန်းလေးရဲ့ ဘယ်ညာတဝိုက်က သစ်ခုတ်၊ ဝါးခုတ်သံတွေပါ။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago