အဖျား မြန်မြန်ကျတော့
အမိုးတို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးရတော့မယ်။
မင်းတို့အဖိုးတွေကတော့
လက်မှတ်ထိုးပြီး သူတို့ကြမ္မာ သူ့တို့ဖန်တီးတယ်
အမိုးတို့ကတော့
ဓားမ ကိုင်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြမယ်။
သူတို့ စစ်မတိုက်တော့ဘူး ဖိုးခွား
သူတို့ ချမ်းသာသွားပြီ။
ဒါဆို... ရွာကို ပြန်မယ်ဟုတ်လား
ဘယ်ရွာကို ပြန်မှာလဲ ဖိုးခွား
အမိုးတို့ရွာတွေဟာ
သူတို့ပြောပြောနေတဲ့
နေပြည်တော်ဆိုတာကြီး ဖြစ်သွားပြီ။
သူတို့ ပြောပြောနေကြတဲ့
ကစားကွင်းကြီးတွေဆိုတာကလည်း
အမိုးတွေရဲ့ ဥယျာဉ်ခြံကြီးတွေပဲပေါ့ကွယ်။
ဒါဆို ဘယ်မှာနေကြမလဲ ဟုတ်လား
ကိုယ့်ရောက်တဲ့နေရာ ကိုယ့်ရွာပေါ့ ဖိုးခွား
အမိုးက တောင်ယာခုတ်
ဖိုးခွားက ကြက်တအုပ်မွေး
အခြေအနေပေးရင်
မင်းတို့အဖိုးတွေကို ထမင်းစားဖိတ်ကြွေးရမယ်။
သူတို့ လာပါ့မလား
မပူပါနဲ့ ဖိုးခွားရယ်
ဘာမှမတော်တဲ့ ဟိုး နေပြည်တော်က
မသူတော်တွေကြွေးတဲ့ ထမင်းကိုတောင် သူတို့စားခဲ့ကြသေးတာပဲ
အမိုးတို့က အမျိုးအရင်းကြီးတွေပဲလေ
သူတို့လာရင် မေးချင်တာတွေ မေးရတယ်။
အဖိုးတို့ နှစ် ၆၀ ကျော် စစ်တိုက်ကြတာ ဆင်းရဲလို့လား
စစ်သားတွေ သေနတ်ကိုင်တာ ဆင်းရဲလို့လား
စစ်သားတွေ မိုင်းထောင်နေတာ ဆင်းရဲလို့လား
စစ်သားတွေ ရွာမီးရှို့တာ ဆင်းရဲလို့လား
စစ်သားတွေ ပေါ်တာဆွဲတာ ဆင်းရဲလို့လား
စစ်သားတွေ မုဒိမ်းကျင့်တာ ဆင်းရဲလို့လား
စစ်သားတွေ ရွာသားတွေကို သတ်ဖြတ်နေတာ ဆင်းရဲလို့လား
စစ်သားတွေ ရမ်းကားချင်တိုင်း ရမ်းကားနေတာ ဆင်းရဲလို့လား။
အဖိုးတို့ရော ...
လက်မှတ်ထိုးတာ ဆင်းရဲလို့လား။
ကျောင်းတက်ချင်တဲ့ ဖိုးခွားကတော့
ကျောင်းတွေအကြောင်းမေးပါ ဖိုးခွား။
အခုတော့...
အဖျားကျအောင် မြန်မြန်လုပ်
အမိုးတို့တောင်ယာခုတ်ရအောင်။
ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
No comments:
Post a Comment