တကယ်က ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာကို အဓမ္မလုယူသိမ်းပိုက်ထားတဲ့ စစ်အုပ်စုကသာ တကယ်က ပြည်ထောင်စုကို ဖြိုခွဲနေသူတွေဖြစ်တယ်။ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ် ဗိုလ်ကျတာတွေကြောင့် ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပြည်ထောင်စုသဘောထားအပေါ် ယုံကြည်သူ လူနည်းစု တိုင်းရင်းသားရယ်လို့ မရှိသလောက် ဖြစ်နေပါပြီ။ ပြည်ထောင်စုဆိုတာ လူတစု၊ လူမျိုးတမျိုးက ကြီးစိုးဗိုလ်ကျ ချယ်လှယ်ပြီး နယ်မြေတွေကို တည်တံ့အောင် အင်အားသုံး စုစည်းထိန်းချုပ်ထားတဲ့နိုင်ငံ မဟုတ်ပါဘူး။ မှီတင်းနေထိုင်ကြတဲ့ ဘာသာဓလေ့မတူကြတဲ့ မျိုးနွယ်စုတွေအကြား အပြန်အလှန် လေးစားအသိအမှတ်ပြုမှု၊ အပြန်အလှန် ယုံကြည်အမှီသဟဲပြုမှုနဲ့ လူတဦးချင်းစီကစလို့ လူမျိုးတိုင်း အခွင့်အလန်းတူမျှတဲ့အခြေခံနဲ့ တည်ဆောက်မှ ပြည်ထောင်စုဖြစ်ပါတယ်။
ပြည်သူကို လူမထင်တဲ့ စစ်အုပ်စု
စစ်အုပ်စုဟာ နိုင်ငံရေး အကြပ်အတည်းကြုံတိုင်း စစ်တပ်ကို အသုံးချ သတ်ဖြတ်နှိမ်နှင်းပြီး ထွက်ပေါက်ရှာတယ်။ လူထုကို လှည့်ဖျားဖို့နဲ့ အသုံးချမယ့်စစ်တပ်ကို မှိုင်းတိုက်ဖို့ လူမျိုးစုတခုခုကိုဖြစ်စေ၊ လူအုပ်စု နိုင်ငံရေးအင်အားစု တခုခုကိုဖြစ်စေ ပြည်ထောင်စုကို ဖြိုခွဲနေသူတွေ၊ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးနေသူတွေလို့ လိုသလို ပုံဖော်ဝါဒဖြန့် ဖန်တီးတတ်ပါတယ်။ တိုင်းရင်းသားတွေ သူတို့ရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်မရလို့ မကျေနပ်တာ၊ မတူညီတဲ့ နိုင်ငံရေးအမြင်ကြောင့် ကွဲပြားတဲ့အယူအဆတွေကို စားပွဲဝိုင်းမှာ ဆွေးနွေးဖြေရှင်းရတဲ့ နိုင်ငံရေးပြဿနာလို့ မမြင်တတ်ပါဘူး။ အဲဒီ လူမျိုးစုအင်အားစုတွေဟာ ပြည်ထောင်စုနိုင်ငံသားတွေ ဖြစ်တယ်၊ သူတို့ရဲ့ မူလအခွင့်အရေး ရပိုင်ခွင့်ရှိတဲ့အတိုင်း တောင်းဆိုတင်ပြနေတယ်လို့ လက်ခံနိုင်စွမ်း မရှိပါဘူး။ အဲလိုကွဲပြားသူ မှန်သမျှကို ပြည်ထောင်စု ဖြိုခွဲမဲ့သူ၊ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးနေသူတွေလို့ တံဆိပ်ကပ်ပြီး အပြတ်ချေမှုန်းဖို့ပဲ တလျောက်လုံး အားထုတ်ခဲ့တယ်။ ဖဆ-ဆိုရှယ်တွေကစခဲ့တဲ့ ဒီအမြင် ဒီအယူအဆ အနုမာနတရား (Doctrine) က ခုထိ ဗမာပြည်ကို ဒုက္ခပေး နှိပ်စက်နေတုန်းဖြစ်ပါတယ်။ သူတို့ ရန်သူလို့သတ်မှတ်ပြီး ချေမှုန်းလိုတဲ့ အင်အားစုတွေကတော့ ပျောက်ကွယ်သွားတာ တခုမှမရှိပါဘူး။ ပုံစံအမျိုးမျိုးနဲ့ ပိုတောင် တိုးပွားလာပါတယ်။
ခုလည်း အထွေထွေ မကျေနပ်မှုတွေနဲ့ ပြည်လျှံနေတဲ့ အခြေအနေမှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ ကျောင်းသားတွေရဲ့ ခရီးရှည်ချီတက် တောင်းဆိုမှုတွေ ပေါ်လာတယ်။ အစပိုင်းမှာ ကျောင်းသားတွေရဲ့ တောင်းဆိုမှုကို အလေးဂရုမပြု လစ်လျူရှုထားခဲ့တယ်။ ချီတက်ပွဲက ရက်တွေကြာ ခရီးတွေပေါက်လာလေ ရောက်ရာမြို့ရွာတွေက ပြည်သူလူထုရဲ့ ဝန်းရံအားပေးထောက်ခံမှုက တိုးလာလေဖြစ်တယ်။ အတိုက်အခံလို့ဆိုတဲ့ နိုင်ငံရေးအင်းအားစုတွေကို ၂၀၀၈ ဖွဲ့စည်းပုံဘောင်ထဲမှာ ရွေးကောက်ပွဲနဲ့ မျောထားနိုင်ပြီလို့ စိတ်ချနေတဲ့ စစ်အုပ်စုဟာ အဲဒီ အခြေအနေတွေကိုမြင်ကာမှ ဒါဟာ တကယ့်အကြပ်အတည်းတခုလို့ သဘောပေါက်သွားခဲ့တယ်။
အမဲလိုက်ခွေးကို သွေးညှီနံ့ပေး တောစိတ်သွင်း
ဒါကြောင့် သူတို့ဟာ ဒီအရေးကို ရင်ဆိုင်ဖြေရှင်းဖို့ အပူတပြင်း လုပ်လာတယ်၊ မျက်နှာစာနှစ်ခုနဲ့ ပြင်ဆင်ချဉ်းကပ်နေတယ်လို့ ယူဆရပါတယ်။ မျက်နှာစာတခုမှာ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အချိန်ဆွဲဖို့ကြိုးစားရင်း တဖက်မှာလည်း သူတို့လုပ်နေကျ ထုံးစံအတိုင်း ဖိနှိပ်သတ်ဖြတ်နှိပ်ကွပ်ဖို့ ပြင်ဆင်နေပါတယ်။ အချိန်ဆွဲထားတဲ့ကာလအတွင်းမှာ သပိတ်နဲ့ပတ်သက်တဲ့ လူထုအမြင်တွေ ရှုပ်ထွေးအောင် သြဇာရှိတဲ့ နိုင်ရာလူပုဂ္ဂိုလ် အသုံးချဖန်တီးသလို နိုင်ရာပိုင်ရာလူတွေကို ငွေကြေးနဲ့ အာဏာသုံးပြီး တန်ပြန်သပိတ်တွေ ဖန်တီးပါတယ်။ ပြည်သူချင်း ရန်တိုက်ပေးတယ်။ တချိန်တည်းမှာပဲ သပိတ်မှာ ပါဝင်နေသူတွေအတွင်းကိုလည်း သပ်လျှိုသွေးထိုးဖြိုခွဲပါတယ်။
တဖက်မှာလည်း ဖိနှိပ်သတ်ဖြတ်ဖို့အတွက် စစ်တပ် (သို့) လက်နက်ကိုင်တပ်ဖွဲ့တွေကို သူတို့ရဲ့ မတရားတဲ့ အမိန့်ကိုနာခံအောင် တောဝင် အမဲမလိုက်ခင် အမဲလိုက်ခွေးကို သွေးညှီနံ့ပေး တောစိတ်သွင်းသလို အမျိုးသားရေး တံဆိပ်၊ နိုင်ငံတော်ကာကွယ်ရေးဆိုတဲ့ တံဆိပ်တွေတပ်ပြီး တိုက်ပွဲဖော်ပါတယ်။ အောက်ခြေ တပ်ဗိုလ်တပ်သားတွေရဲ့ အသက်တွေကိုစတေးပြီး စစ်သားတွေရဲ့ခံစားချက်ကို ထိခိုက်နာကျင်အောင် လုပ်ပါတယ်။ သူတို့ဟာ တိုင်းပြည်အတွက် တကယ်သစ္စာရှိရှိ အသက်ပေးနေသယောင် ထင်မြင်အောင်လုပ်ပြီး ပြည်ထဲက ဆန္ဒပြလှုပ်ရှားနေကြသူ ကျောင်းသားပြည်သူတွေကို အလကား ဆူပူသောင်းကျန်း နှောက်ယှက်နေသူအဖြစ် မှိုင်းတိုက်ပါတယ်။ ဒီစိတ်ဓာတ်စစ်ဆင်ရေးရဲ့ ပစ်မှတ်က လူထုနဲ့ ကျောင်းသားတွေကို လက်တွေ့ ပစ်ခတ်နှိမ်နှင်းရမယ့် အောက်ခြေ တပ်ဗိုလ်တပ်သားတွေ အထူသဖြင့် အသက် (၃၀-၄၀) တန်းအရွယ် တပ်ရင်းမှူး ဗျူဟာမှူးအဆင့်တွေကို အဓိကထားတယ်လို့ ယူဆရပါတယ်။
ကျနော်တို့ ရှစ်လေးလုံး အရေးတော်ပုံကာလက စစ်အုပ်စုဟာ ကေအင်ယူကိုတိုက်ခိုက်ခဲ့ပြီး မဲသဝေါတိုက်ပွဲကို အကျအဆုံး အမြောက်အများပေးပြီး တိုက်ပွဲဖော်ခဲ့တယ်။ ပြီးတော့ အဲဒီစစ်တပ်ကိုသုံးပြီး လူထုအရေးတော်ပုံကြီးကို ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းခဲ့တယ်။ ခုဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းမှာတော့ ကိုးကန့်တွေ အလှည့်ကျသလို ဖြစ်နေတယ်။ ဒီတခါကတော့ တပ်ဗိုလ်တပ်သားတွေတင်မက အထွေထွေ မကျေနပ်မှုတွေ ကြီးထွားနေတဲ့ လူထုကိုပါ အမျိုးသားရေးအမြင်နဲ့ မှိုင်းတိုက်လှုံ့ဆော်ဖို့ လိုနေတာကြောင့်ဖြစ်ပါတယ်။ တိုင်းပြည်ထဲမှာကလည်း ဗိုလ်ချုပ်တွေ လက်ညှိုးထိုး ရောင်းစားခဲ့တာကြောင့် တရုတ်အစိုးရနောက်ခံနဲ့ ကုမ္ပဏီတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျ သွေးစုတ်မှုတွေကို ခံပြင်းဒေါသဖြစ်နေတဲ့ လူများကိုဦးတည်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးဖြစ်ပါတယ်။ လူမှုကွန်ယက်တွေမှာ သူတို့ရဲ့ ဝါဒဖြန်ချိရေး အကောင့်ပုန်းတွေက ကိုးကန့်တွေကို နိုင်ငံခြားသားလိုသတ်မှတ်ပြီး တရုတ်ဆန့်ကျင်ရေး လှုံ့ဆော်နေကြတယ်။
ပြည်ထောင်စုပြိုကွဲသွားနိုင်တဲ့ အကြံမိုက်
“အာဏာရှင်ဟာ မျိုးချစ်စိတ်ဓာတ်နဲ့ အမျိုးသားရေးဝါဒကို အကျယ်လောင်ဆုံး ကြွေးကြော်တတ်ပေမယ့် အမျိုးသားအကျိုးစီးပွားကို ဘယ်တော့မှ ကာကွယ်စောင့်ရှောက်လေ့ မရှိဘူး” ဆိုတဲ့စကားလိုပဲ ဒီနိုင်ငံရေးလုပ်ကြံမှုဟာ သူတို့အာဏာတည်မြဲဖို့အတွက် အမျိုးသားအကျိုးစီးပွား ပျက်စီးနိုင်တဲ့ အခြေအနေကို တွန်းပို့နေတဲ့ မိုက်မဲမှု (သို့မဟုတ်) အမျိုးသား သစ္စာဖောက်မှု ဖြစ်ပါတယ်။ ဒီ ကိုးကန့်အရေးဟာ တရုတ်နဲ့ ဗမာကြားက ကရိုင်းမီးယား ဖြစ်သွားနိုင်ပါတယ်။ ဒီကတဆင့်တက်လို့ ပြည်ထောင်စုကြီး ပြိုကွဲသွားနိုင်ပါတယ်။
အများစုက ကိုးကန့်တွေကို နိုင်ငံခြားလို့ ထင်မြင်ယူဆချက်တွေနဲ့ တဖက်တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေရဲ့ ကျူးကျော်မှုလို ဝါဒဖြန့်နေကြတယ်။ တကယ်လည်း ကိုးကန့်တွေဟာ ဟန်တရုတ်မျိုးနွယ်စုဝင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီဒေသမှာ အခြေချနေထိုင်ခဲ့တာ ရာစုနှစ် သုံး လေး ခုလောက်ရှိခဲ့ပြီ ဖြစ်တယ်။ တရုတ် မင် မင်းဆက်ခေတ်ကစလို့ ခေတ်အဆက်ဆက်က တရုတ်နန်းတွင်းအရေးတွေကနေ ထွက်ပြေးလာသူတွေနဲ့ သူတို့ အဆွယ်အပွား ပြောင်းရွေ့နေထိုင်လာကြသူတွေ ဖြစ်တယ်။ ဒီနယ်မြေတွေကို ရှေးမြန်မာ မှတ်တမ်းတွေမှာ နှစ်ဖက်ကျွန်လို့ ရည်ညွန်းလေ့ရှိပါတယ်။ အကြောင်းကတော့ နှစ်ဖက်လုံးကို သစ္စာခံ အထိမ်းအမှတ် လက်ဆောင်ပဏ္ဍာ ဆက်ရတယ်။
နယ်မြေက တရုတ်နဲ့ကော ဗမာနဲ့ပါ အလှမ်းကွာဝေးပြီး ကူးသန်းသွားလာရေး ခက်ခဲတာကြောင့် တရုတ်-ဗမာ တဖက်ဖက်က အားကောင်းခိုင်မာတဲ့ အခြေအနေဖြစ်နေချိန်တွေကလွဲလို့ ယေဘုယျအားဖြင့် တသီးတခြားလို လွတ်လပ်စွာ နေထိုင်ခဲ့ကြတယ်။ အင်္ဂလိပ်တို့ ဗမာပြည်ကိုသိမ်းပိုက်ပြီးနောက်တော့ ကိုးကန့် လောက်ကိုင်-ချင်းရွှေဟော်ဒေသဟာ ဗြိတိသျှကိုလိုနီ ဗမာပြည်ရဲ့နယ်အဖြစ် နှစ်ဖက်သဘောတူ သတ်မှတ်ခဲ့တယ်။ ၁၉၄၈ လွတ်လပ်ရေးရယူတဲ့အခါမှာ ကိုးကန့်ဟာ ပြည်ထောင်စုဖွဲ့စည်းပုံကို ပထမလက်မှတ်ထိုးသူ (First Signatory) အဖြစ်နဲ့ ပါဝင်ပူးပေါင်းခဲ့တယ်။ ဒါကြောင့် ကိုးကန့်ကို နိုင်ငံခြားသားကျူးကျော်သူလို ထင်မြင်ပုံဖော်ပြောဆိုနေတာဟာ သမိုင်းကြောင်းအရလည်း မှားသလို နိုင်ငံရေးတရားဝင်မှုသဘော (Political Legitimacy) အရလည်း လွဲမှားနေပါတယ်။
လောက်ကိုင် တိုက်ပွဲတွေနဲ့ပတ်သတ်ပြီး လူမှုကွန်ယက်မှာ ကိုးကန့်လူမျိုးတွေကို တဖက်နိုင်ငံ တရုတ်က မြောက်ပေးလို့ လုပ်နေကြတဲ့ နိုင်ငံခြားသား ကျူးကျော်သူတွေလို ပြောဆိုရေးသားကြ၊ သူများရေးထားတာကို ပြန်မျှဝေနေကြသူတွေထဲမှာ ကိုယ့်မိတ်ဆွေ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသမားတွေတောင် ပါပါတယ်။ ကိုးကန့်တွေဟာ တရုတ်အနွယ်ဆိုသော်လည်း အထက်မှာတင်ပြခဲ့သလို သူတို့ဟာ ကိုယ့်နိုင်ငံသား ကိုယ့်တိုင်းရင်းသားဖြစ်နေတာကို သတိမမူမိကြပါဘူး။ လူသားချင်းစာနာလို့ဖြစ်စေ၊ မျိုးနွယ်အရ တူညီတာနေတာကြောင့်ဖြစ်စေ တဖက်နိုင်ငံသားတွေအနေနဲ့ စာနာတာ၊ ကူညီတာတွေ ရှိကောင်းရှိမှာပါ၊ ဒါကို ဟိုစွပ်စွဲ ဒီစွပ်စွဲ လုပ်နေကြတယ်။
ချွတ်ချော်လွန်းတဲ့ လွှတ်တော်
ဒီလို လူထုကြားမှာ သွေးကွဲစရာ သတင်းအချက်အလက်တွေ ဖြစ်နေချိန်မှာ “လောက်ကိုင်ဒေသကို လူအင်အား လက်နက်အင်အားသုံး၍ တပ်မတော်စခန်းနှင့် နယ်မြေလုံခြုံရေး တာဝန်ယူနေသော တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်ခြင်း ပြည်သူလူထုနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများကို တိုက်ခိုက်ခြင်းပြုခဲ့ကြသည့် အဖွဲ့အစည်းများနှင့် ထောက်ပံ့အားပေးကူညီခဲ့သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ရှုတ်ချကန့်ကွက်ရန်နှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေကြသော တပ်မတော်သားများအား ချီးကျူးဂုဏ်ပြုရန် တိုက်တွန်းကြောင်း” ဆိုပြီး နိုင်ငံ့အချုပ်အချာရဲ့ အထွဋ်အခေါင် လွှတ်တော်ကြီးက တညီတညွတ်တည်း ဆွေးနွေးဆုံးဖြတ်ကြတယ်လို့ သတင်းတွေ တွေ့ရပါတယ်။ တော်တော်ကိုတော်တော် အကျည်းတန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အချုပ်အချာနိုင်ငံတခုရဲ့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်က နေ့လွဲညစာ ခိုးစားဖို့ ဝှက်ထားတဲ့ ကြက်ဥပြုတ်ပျောက်တဲ့ မယ်သီလရှင်လို ကိုယ်မရိုးသား မလုံခြုံလို့ ဝိုးဝိုးဝါးဝါးနဲ့ လုံးချ ဆဲရေးသလို ဖြစ်နေတယ်။
လွှတ်တော်ကြီးရဲ့ နိုင်ငံရေးဆုံးဖြတ်ချက် ဘာသာစကားကိုလေ့လာကြည့်တော့ “တိုက်ခိုက်ခြင်းပြုခဲ့ကြသည့် အဖွဲ့အစည်းများနှင့် ထောက်ပံ့အားပေးကူညီခဲ့သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ရှုတ်ချကန့်ကွက်ရန်နှင့်” လို့ ဆိုထားပါတယ်။ ဒါကို ပြည်သူလူထုက ဘယ်လိုနားလည် အဓိပ္ပာယ်ကောက်ပြီး ဘယ်လိုဝိုင်းရံ အကောင်အထည် ဖော်ပေးကြရမလဲ။ လွှတ်တော်တွေရဲ့ နိုင်ငံရေးဆုံးဖြတ်ချက် ဘာသာစကားက တိကျရပါတယ်၊ ရှင်းလင်း ပြတ်သားရပါတယ်၊ အဓိပ္ပာယ်ဝေဝါးနိုင်တဲ့ စကားလုံးတွေအတွက် ထပ်ဆင့် ရှင်းလင်းချက်တွေ ပါရပါတယ်။ လောက်ကိုင်-ကိုးကန့်အရေးလို ကိုယ့်ထက် အင်အားအဆမတန်ကြီးတဲ့ တဖက်အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ဆက်စပ်နေတဲ့ လူမျိုးရေးဆန်ဆန် အငြင်းပွားစရာဖြစ်နေချိန်မှာ ထွက်ပေါ်လာတဲ့ လွှတ်တော်ရဲ့ ဒီဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ချက်ပါ ဘာသာစကားဟာ အင်မတန် အန္တရာယ်ကြီးတဲ့ တာဝန်မဲ့ ချွတ်ချော်မှုဖြစ်တယ်။
လူမှုကွန်ယက်တွေပေါ်က စစ်လော်ဘီတွေပြောသလို တရုတ်တွေမြောက်ပေးလို့ ကိုးကန့်တွေက တိုက်ခိုက်လာတာဆိုရင်၊ ကိုးကန့်တွေထဲမှာ တရုတ်တွေ ဝင်တိုက်နေတယ်ဆိုရင် ဘာကြောင့် ဗမာပြည်က တရုတ်သံအမတ်ကို ဆင့်ခေါ် တရားဝင် ကန့်ကွက်သတိပေးတာ မလုပ်သလဲ၊ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေကို ဘာကြောင့် အကြောင်းမကြားသလဲ။ စစ်အုပ်စုရဲ့လုပ်ရပ်တွေက မယုံကြည်စရာအပြည့်နဲ့ ဖြစ်နေပါတယ်။ အမှန်တကယ် တိုင်းပြည်ရဲ့ အချုပ်အချာနဲ့ နယ်မြေကို ခြိမ်းခြောက်နေတယ်ဆိုရင် ဘာကြောင့် တိုင်းပြည်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကျေညာပြီး မနှိုးဆော်ကြတာလဲ။ ခုကတော့ သူခိုး သံစူးသလို ကြိတ်ညည်းပြီး နိုင်ရာကို ဖိထောင်းဖို့ပဲ လုပ်နေတယ်။
စားကျက်လု စစ်ပွဲ
တကယ်တော့ ဖုန်ကြားရှင်ဟာ ဘယ်သူလဲ ဘယ်သူတွေနဲ့ သင်းပင်းဖွဲ့ပြီး ဘာတွေလုပ်ခဲ့သလဲ လူအများ သိပြီးသားဖြစ်ပါတယ်။ ကူမင်တန် ကျူးကျော်မှုကတည်း ကူမင်တန်နဲ့ ပေါင်းခဲ့တဲ့ ကိုးကန့်စော်ဘွားရဲ့ ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်ငယ်အဖြစ်ကနေ ကိုးကန့်စော်ဘွားမရှိတဲ့အခါ ကိုယ်ပိုင်တပ်ထောင်ပြီး ဘိန်းချတယ်။၊ နောက် အခြေအနေအရ ဗကပတွေနဲ့ ပေါင်းခဲ့ပြန်တယ်။ နောက် ဗကပတွေကို ဦးဆောင်ပုန်ကန်ပြီး စစ်အုပ်စုနဲ့ ပေါင်းခဲ့တယ်။ စစ်အုပ်စုနဲ့ပေါင်းပြီး ဘိန်းလုပ်ငန်းကရတဲ့ ငွေမဲတွေကို ကုမ္ပဏီအမျိုးမျိုးထောင်ပြီး ခဝါချခဲ့တယ်။ နိုင်ငံရေးအရ ကိုးကန့် အုပ်ချုပ်ရေးကို ဆက်ကိုင်ထားသလို စစ်အုပ်စုရဲ့ ညောင်နှစ်ပင် အမျိုးသားညီလာခံ ကိုယ်စားလှယ်ဖြစ်ခဲ့တယ်။ တကယ်တော့ ဒီပြဿနာက လူမှုကွန်ယက်ထဲက တယောက်ရဲ့ မှတ်ချက်အတိုင်းပဲ ဖြစ်တယ်။ သူ့မှတ်ချက်က ရိုင်းပေ ကြမ်းပေမယ့် ဖြစ်နေတဲ့ကိစ္စနဲ့ ကွက်တိပဲ။ သူပြောတာက “လူသတ်ဓားပြတပ်နဲ့ ဘိန်းစားတပ် ဖင်ချင်းပူး စီးပွားရေး အမြတ်ထုတ်နေကြတုန်းက ဘာသံမှ မကြားရဘူး၊ အဝေမတဲ့လို့ တိုက်ကြမှ တိုင်းပြည် ကာကွယ်ရသလေး ဘာလေး အသံထွက်လာတယ်” တဲ့။
သူတို့ အဝေမတဲ့လို့ တိုက်ကြ သတ်ကြတာမှာ တကယ်သေတာ အများစုက နှစ်ဖက်က အောက်ခြေဝန်ထမ်းတွေနဲ့ အရပ်သားတွေ။ ဗကပ ခွဲထွက် တိုင်းရင်းသားအဖွဲအစည်းတွေကို ဖဲသုံးချပ်သမားဉာဏ်လောက်နဲ့ တနပ်စားကြံတဲ့ ငရဲ့မင်းသားခင်ညွန့်ရဲ့ စစ်ဖက် အရပ်ဖက် အောက်ခြေဝန်ထမ်းတွေကို သတ်ကွင်းပို့တဲ့ စီမံကိန်းတွေရဲ့ အကျိုးဆက် ဖြစ်တယ်။ နိုင်ငံရေးအရ ခြေခြေမြစ်မြစ် သဘောတူညီချက်လည်း မရှိ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်ကိုင်ဆောင် လှုပ်ရှားခွင့်ကိုလည်း တိတိကျကျ သတ်မှတ် သဘောတူညီချက်မရှိဘဲ တချိန်က ရန်သူလိုတိုက်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေရဲ့ အင်အားသာလွန်နဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ သူတို့ အုပ်ချုပ်ရေးအာဏာစက် ဘယ်လောက် ပြန့်နေပြီလို့ ကြွားလုံးထုတ်စရာလေးအတွက် အောက်ခြေဝန်ထမ်းတွေ ဗိုလ်ကျနှိပ်စက် သေတွင်းဆင်းခိုင်းခဲ့တာပါ။ ဒါကြောင့် ကိုးကန့်၊ ဝ နဲ့ မိုင်းလားတို့မှာ တာဝန်ကျကြတဲ့ ဝန်ထမ်းတွေဟာ သားမသားပါ မကျန် စစ်သင်တန်းတက်ရ၊ ကင်းစောင့်ရနဲ့ ကျွန်ဝယ်ရာ အဆစ်ပါကြရတယ်။ သေစရာရှိရင်လည်း သူတို့ရှေ့ဆုံးက သေကြရတာ များပါတယ်။
တကယ်တော့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့ဟာ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နှိုင်းစာရင် နိုင်ငံရေးထက် စီးပွားရေးကို ပိုပြီးအာရုံထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီကြားကမှ တိုက်ပွဲတွေပေါ်လာတာဟာ အဝေမတဲ့တာနဲ့ ကျောက်ဖြူ--ကူမင်း ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးနဲ့ ဆက်စပ်နေမယ်လို့ ယူဆရပါတယ်။ လောက်ကိုင်ဒေသထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက် တွေ့ရှိခဲ့ပြီး လုပ်ကွက်နှစ်သတ်မှတ်ထားပေမယ့် ဒီနေ့အထိ ဘယ်သူ့ကို ချထားပေးတယ်လို့ မသိရသေးပါဘူး။ ၂၀၀၉ ခုနှစ်ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ လောလောဆယ် နအဖ စစ်တပ်တွေ ဦးတည်တိုက်ခိုက်နေတာက အဲဒီ လုပ်ကွက်တွေအတွင်းမှာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်က စစ်ပွဲဟာ ဒီလို အကျိုးစီးပွားတွေရှိလာတာကြောင့် စစ်အုပ်စုက လောက်ကိုင်ဒေသကို အပိုင်အနိုင် ထိန်းချုပ်ဖို့ ကြိုးစားလာလို့ ဖြစ်ခဲ့ရတာပါ။ စစ်အုပ်စုရဲ့ထုံးစံအတိုင်း သပ်လျှိုဖြိုခွဲနည်းကိုပဲ သုံးပါတယ်။ ကိုးကန့်လူမျိုးတွေထဲမှာ သြဇာကြီးတဲ့မျိုးနွယ် ၂ ခုထဲက တခုဖြစ်တဲ့ ဖုန်ကြားရှင်တို့ရဲ့ ဖုန်မျိုးနွယ်နဲ့ သူရဲ့ပြိုင်ဖက် ပယ်မျိုးနွယ်ထဲက ပယ်ဆောက်ချန်ကို သွေးထိုးမြောက်ပင့်ပေးပြီး သူတို့ချင်း ပြဿနာဖြစ်တော့မှ ကြားဝင်ဖြန်ဖြေသလိုနဲ့ ဝင်ရောက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ် ထပ်ဖြစ်လာတဲ့ စစ်ပွဲဟာလည်း စီးပွားရေးအကျိုးစီးပွားကို အခြေခံတဲ့ ဒီစစ်ပွဲရဲ့ အဆက်ဖြစ်ပါတယ်။
သွေးစွန်းခဲ့ရင် ပူးတွဲသမိုင်းတရားခံ
ဒါကြောင့် ဒီစစ်ပွဲဟာ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ လုဖော်စားဖက်ဟောင်း ဖုန်းကြားရှင်တို့ရဲ့ စားခွက်လုပွဲသာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် တဆင့်တက်ပြီး နိုင်ငံရေးအရ စဉ်းစား သတ်မှတ်မယ်ဆိုရင်တောင် ဒါဟာ ပြည်တွင်းရေးသာ ဖြစ်ပါတယ်။ အထက်မှာတင်ပြခဲ့သလို ပြည်ထောင်စုဝင်ဖြစ်တဲ့ ကိုးကန့်အမျိုးသားတွေကို တဖက် တရုတ်နိုင်ငံသားတွေနဲ့ မျိုးနွယ်တူတာနဲ့ နိုင်ငံခြားသားလိုရှုမြင်ပြီး တိုင်းတပါး ကျူးကျော်မှုလို ပုံဖော်၊ အမျိုးသားရေးစိတ်ဓာတ်ကို လှုံ့ဆော်နေတာဟာ ပြည်ထောင်စုကံကြမ္မာကို လောင်းကြေးထပ်ပြီး မီးနဲ့ကစားနေတာ ဖြစ်ပါတယ်။ ကိုးကန့်ဟာ ဗမာပြည်ရဲ့ ကရိုင်းမီးယား ဖြစ်သွားနိုင်ပါတယ်။ ခုတောင် ဖုန်ကြားရှင်က ကမ္ဘာတလွှားက တရုတ်တွေကို ကိုးကန့်ဒေသလွတ်မြောက်ဖို့ သူ့ကို ကူညီဖို့ မေတ္တာရပ်ခံစာပို့နေတာ တွေ့ရပါတယ်။
အမျိုးသားအကျိုးစီးပွားကို ကာကွယ်လိုကြရင် လက်ပံတောင်းအရေးလိုကိစ္စတွေမှာ စစ်ဗိုလ်ချုပ်တွေရဲ့ ဦးပိုင်ကုမ္ပဏီနဲ့ပေါင်းပြီး သွေးစုတ်အမြတ်ထုတ်နေတဲ့ အစိုးရနောက်ခံ တရုတ်ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေကို စစ်ဆေးတားဆီး ဟန့်တား ကန့်ကွက်ကြရမှာ ဖြစ်ပါတယ်။ တကယ်တမ်းက လက်ပံတောင်းစီမံကိန်းနဲ့ ဒီနေ့ နှစ်ဖက်သဘောတူညီကို အများပြည်သူတို့ တိတိကျကျ သိခွင့်မရသေးတဲ့ ကျောက်ဖြူ-ကူမင်း ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနဲ့ သူ့ရဲ့နောက်ဆက်တဲ့ ကားလမ်း ရထားလမ်းဖောက်လုပ်ရေး စီးမံကိန်းတွေကသာ အမျိုးသား အချုပ်အချာနဲ့ နယ်မြေတည်တံ့ရေး ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။
နိဂုံးကောက်ချက်ပြုရရင် ကိုးကန့်စစ်ပွဲကို စစ်အုပ်စုက အောက်ခြေစစ်သားတွေကို ထိုးကျွေးပြီး လိုတာထက်ပိုပြီး အမျိုးသားရေးအသွင် ဖန်တီးနေတာဟာ ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကြပ်အတည်းကို အကြမ်းဖက်ဖြေရှင်ရာမှာ အသုံးချဖို့ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေကို စိတ်ဓာတ်ရေးရ ပြင်ဆင်နေခြင်ဖြစ်တယ်လို့ ယူဆပါတယ်။ ခေတ်လူငယ်တွေရဲ့ စကားနဲ့ပြောရရင် စစ်တပ်ကို ဆေးထိုးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုးကန့်စစ်ပွဲနဲ့ ကျောင်းသားများရဲ့ သပိတ်အပေါ် စစ်အုပ်စုရဲ့သဘောထားနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ဖြောင့်ဖြောင့်မတ်မတ် ဝေဖန်ဆန်းစစ်ခြင်းမရှိဘဲ လိုက်ပါဆောင်ရွက်နေကြတဲ့ ရဟန်း လူပုဂ္ဂိုလ်တွေဟာ စစ်အုပ်စု ကျူးလွန်တော့မယ်လို့ ယူဆရတဲ့ နိုင်ငံရေးရာဇဝတ်မှုကြီးကို အားပေးအားမြောက်ပြုရာ ရောက်နေကြောင်း သတိပေးလိုပါတယ်။
ရဲဘော်ကျော်သန်း
No comments:
Post a Comment