Wednesday, February 25, 2015

ယူဂျီ (စမ်းစမ်းတင်)

လန်ဒန် တရက်မှာ ဆရာဂျွန်ကဲလ်နဲ့ အိမ်တအိမ်သွားဖို့ မြို့ထဲမှာ ချိန်းပါတယ်။ ဂျွန်အိုကဲလ်ဆိုတာ လူမမြင်ဘဲ သူ့စကားပြောသံကြားရရင် ဗမာတယောက်လို့ပဲ ထင်ရလောက်အောင် ဗမာစာ ဗမာစကားကျွမ်းတာပါ။ နိုင်ငံခြားသားတွေ ဗမာစာသင်ရင် သူ့စာအုပ်ကို လက်ကိုင်ထားတာ။ ကွန်ပျူတာ ပေါ်ဦးပေါ်ဖျားကာလက မြန်မာစာလုံးဖောင့်ကို သူ အရင်ဆုံး ရေးတာပါပဲ။ ထုံးစံအတိုင်း မြန်မာဖောင့်အမျိုးမျိုးပေါ်လာတော့ သူ့ဖောင့်ကို သိပ်မသုံးတော့ဘူးလည်း ထင်ပါတယ်။ 

ကမ္ဘာ့စာကြည့်တိုက်ကြီးတွေမှာ ကက်သလောက် တညီတည်းဖြစ်အောင် အက္ခရာနဲ့ရေးကြတော့ ဗမာစာအတွက် ဆရာဂျွန်ပဲ တာဝန်ယူပြီး သူ တီထွင်ထားတဲ့အတိုင်း ကက်သလောက် ရေးကြပါတယ်။ နည်းနည်း ရှင်းအောင်ပြောရရင် ဗမာစာ တတ်တတ် မတတ်တတ်၊ ဗီယက်နမ်စာ တတ်တတ် မတတ်တတ်၊ ကက်သလောက်ကိုကြည့်ရင် စာကြည့်တိုက်မှူးတွေ ဖတ်တတ်အောင် စာကြည့်တိုက်မူ တမူတည်းထားတာပါ။ 

လူထုဦးလှရဲ့ ထောင်နဲ့လူသား စာအုပ်ကက်သလောက် ဆိုပါတော့။ အမေရိကန်၊ လန်ဒန်၊ သြစတေးလျ၊ နယ်သာလန်၊ ဂျပန် စတဲ့နိုင်ငံတွေက စာကြည့်တိုက်ကြီးတွေက စာကြည့်တိုက်မှူးတွေ မှန်သမျှ မြန်မာစာ မဖတ်တတ်ပေမယ့် လူထုဦးလှ ထောင်နဲ့လူသား... ဆိုတာ အသံထွက်လည်း ဖတ်နိုင်၊ တယောက်ယောက်က စာအုပ်လာငှားရင်လည်း ရှာပေးနိုင်အောင် တညီတည်း လုပ်ထားတာ။ 


ဗမာလူမျိုး စာကြည့်တိုက်မှူးတယောက်ဟာ သီရိလင်္ကာစာနဲ့ စကား မတတ်ပေမယ့် စာအုပ်နဲ့ စာရေးဆရာနာမည်ကို ဖတ်နိုင်တဲ့ စနစ်၊ တနေရာနဲ့ တနေရာ တနိုင်ငံနဲ့ တနိုင်ငံ ရေခြား မြေခြားဖြစ်ပေမယ့် တညီတည်းဖြစ်အောင် ထွင်ထားတဲ့ စနစ်။ 

ဆရာဂျွန်ဆိုတာ ဘယ်သူပါဆိုပြီး မကြားဖူးတဲ့လူတွေကို မိတ်ဆက်ပေးနေတာနဲ့ လိုရင်း မရောက်တော့ဘူး၊ ခွင့်လွှတ်ပါ။ သူတို့ လန်ဒန်ကလည်း မြေအောက်ရထား အားကိုးရတာပဲလေ။ မြေအောက်ရထားလိုင်းကို တနိုင်ငံနဲ့တနိုင်ငံ ခေါ်ပုံက မတူပါဘူး။ အမေရိကန် တနိုင်ငံတည်းမှာတောင် မတူပါ။ နယူးယောက်က ခေါ်တော့ Sub Way၊ ဆန်ဖရန်စွကိုက BART၊ ဝါရှင်တန်ဒီစီကတော့ METRO တဲ့။ လန်ဒန်ကတော့ Under Ground အတိုကောက်ကတော့ ယူဂျီ။ 

အဆရာဂျွန်နဲ့ လန်ဒန်မြို့ထဲ ဆုံပြီး တနေရာသွားတော့ ဆိုင်းမဆင့် ဗုံမဆင့် ပြောလိုက်ပါတယ်။ ဆရာတို့ဆီမှာမှ ယူဂျီ တကယ်ပေါတာ လို့။ ဆရာသမားက ချက်ချင်း အထာပေါက်သွားပြီး တဟားဟား ရယ်လေရဲ့၊ ဘေးကအတူပါလာတဲ့ ဗမာတွေကတော့ ဇဝေဇဝါပုံစံ။ ဆရာဂျွန်နဲ့တွေ့တဲ့ကာလတုန်းက စစ်အစိုးရကို နည်းနည်းလေးမှ မဆန့်ကျင်လိုက်နဲ့ မြေအောက်အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ယူဂျီ တံဆိပ်တပ်လိုက်တာပဲ။ 

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့သမီး စီးပွားရေးတက္ကသိုလ်ဆရာမ ဒေါ်စန်းကျော်ဇော သူ့အလုပ်နဲ့သူ သူ့မိသားစုနဲ့သူ နေလည်း ယူဂျီဆိုပြီး ဖမ်း။ မြန်မာစာဌာန ဆရာဦးဌေးသိန်း မှတ်စုစာအုပ်ထဲမှာ နာမည်ပါလို့ဆိုပြီး တဌာနတည်းက ဆရာမ ဒေါ်အေးမြင့်ကိုလည်း ဖမ်း၊ ရေကြည်အိုင်ပို့။ ဦးဌေးသိန်း မှတ်စုစာအုပ်မှာ ကျပ်လေးဆယ်ရေးပြီး နောက် ဒေါ်အေးမြင့်ပေးရန် လို့ ရေးထားမှုနဲ့။ သူ ရေးထားတာက ၄၀ ဒေါ်အေးမြင့်ပေးရန်၊ ငွေခဏလှည့်ယူထားတာ ပြန်ပေးဖို့ မှတ်ထားတဲ့ ကိစ္စ။ 

သူတို့နှစ်ယောက်စလုံး ပြန်လွှတ်လာပေမယ့် သစ်ရွက်တရွက် ခူးမိလည်း မြူနီစပယ် ဥပဒေနဲ့ ငြိ။ သူငယ်ချင်းကို ဘွတ်ဖိနပ်ငှားမိလို့၊ တောခိုရန်ကြံစည်သူအား ဘွတ်ဖိနပ်ငှားတယ်ဆိုပြီး ထောင်ချတဲ့ကာလမို့ ဘာတွေ ဘယ်လိုဖြစ်မလဲဆိုပြီး ဘယ့်လောက် စိတ်ဆင်းရဲမလဲနော်။ 

အမလေးနော်... ၈၈ မှာ တနိုင်ငံလုံး အုံကြွတာ ယူဂျီတဲ့လား။ တခုခုဆို ခြေခြေမြစ်မြစ် စဉ်းစားပြီး ဒါ ဘာကြောင့်ဖြစ်ရသလဲ အဖြေမထုတ်၊ ပြေပြေလည်လည် မဖြေရှင်း။ ဟိုလူ့ အပြစ်ပုံချ၊ ဒီလူ့ အပြစ်ပုံချ။ စီမံခန့်ခွဲတာတွေ အချိုးမပြေတာ သွားမပြောနဲ့၊ ပြောရင် ယူဂျီ။ ဘတ်စ်ကားကျပ်တာသွားမပြောနဲ့၊ ပြောရင် ယူဂျီ။ တချိန်လုံး ယူဂျီယူဂျီ စွပ်စွဲနေတာ...။ ဒါကြောင့် ဆရာဂျွန်က ဒက်ခနဲ တန်းသိတာ။ 

မသိသူက ကာနယ်ချစ်ကောင်း ကတော်။ ပြောရရင် ဗိုလ်မှူးချစ်ကောင်းဇနီး ဒေါ်ခင်မျိုးညွန့်။ အနှစ်နှစ်ဆယ်မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက် ကျနော်သည် ကိုယ့်ကိုယ်ကို ပြန်၍ ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲသို့ ရောက်နေသည်ကို တွေ့ရလေသည်ဆိုပြီး အနှစ်နှစ်ဆယ် ဆိုတဲ့ စာအုပ် ရေးထားတဲ့ ကာနယ်ချစ်ကောင်းပါ။ ဗကပ ကာနယ်ချစ်ကောင်း ကတော် ဒေါ်ဒေါ် ခင်မျိုးညွန့်ဟာ အင်မတန် စိတ်ဓာတ်ကြံ့ခိုင်ပါတယ်။ စိတ်ဓာတ်လည်း အင်မတန်ကောင်းပြီး အတော့်ကို ဖြောင့်မှန်သူပါ။ 

တရက်တော့ ဒေါ်ဒေါ်က မေးပါတယ်။ သမီး... ဒေါ်ဒေါ် မသိလို့ သူတို့တချိန်လုံးပြောနေတဲ့ ယူဂျီဆိုတာ ဘာလဲတဲ့။ ဒေါ်ဒေါ့်ကို သနားလည်း သနားသွား၊ ရယ်လည်း ရယ်ချင်ချင်နဲ့။ အဲဒါ ဒေါ်ဒေါ်တို့ကိုပြောတာ ဆိုတော့ ဘာဆိုဘာမှ နားမလည်တဲ့မျက်လုံးနဲ့ ကြည့်နေတာမို့၊ ဒီလို ဒီလိုပါလို့ ပြောပြတော့မှ အော်... တဲ့။ အဲဒီလို ယူဂျီဆိုတာ ဘာဘာညာညာ ရိုးရိုးသားသား မသိတဲ့ လူက တမျိုး။ 

နောက်တမျိုးကတော့... သတင်းစာတိုက်က အလုပ်သမားတွေပြောတဲ့ ယူဂျီ။ အဲဒီတုန်းက အယုံအကြည်မရှိလို့ဆိုပြီး ဘယ်သတင်းစာမှာမှ တာဝန်မကျဘဲ တိုက်သွား၊ လက်မှတ်ထိုး၊ အိမ်ပြန်လုပ်နေရာက ဂါဒီးယန်း မဂ္ဂဇင်းတာဝန်ခံ ပင်စင်ယူသွားလို့ သူ့နေရာ ဝင်ရပါတယ်။ အယ်ဒီတာဌာနဟာ စစ်တပ်စခန်းဖြစ်နေပြီး စာအုပ်စာတမ်းတွေ၊ ကိုးကားစရာတွေ၊ အဘိဓာန်စာအုပ်တွေ၊ သတင်းစာဖိုင်တွေ မရှိတော့ပါ။ အယ်ဒီတာဌာနကို သတင်းစာတိုက်က မပိုင်တော့လို့ ပုံနှိပ်အရာရှိထိုင်တဲ့ အထပ်ခိုးမှာ အလုပ်စားပွဲ ချထားပေးပါတယ်။ ကြည့်ရတာက စာပြင်ဆရာတွေ အခန်းဖြစ်ပါလိမ့်မယ်။ ပုံနှိပ်အရာရှိလည်း ဘုံပျောက်ပြီး အဲဒီအထပ်ခိုး ရောက်နေတာပဲ တူပါရဲ့။ 

စာစီတွေ၊ စာပြင်တွေ၊ ဖောင်ပြင်ဆရာတွေ၊ စက်ကိုင်ဆရာတွေနဲ့ တထပ်တည်းမှာလုပ်ရတော့ အလုပ်သမားတွေနဲ့လည်း မျက်မှန်းတန်းမိရုံမက တရင်းတနှီးပါဖြစ်လာပါတယ်။ 

နာရီပေါင်းများစွာကြာတဲ့ မိန့်ခွန်းတွေ၊ သတင်းစာရှင်းလင်းပွဲတွေကို စာအုပ်ပြန်ထုတ်တော့ ယူဂျီတွေ အလီလီ တွေ့နေကြတာပေါ့။ ဒါနဲ့ အလုပ်သမားတွေက ပြောတယ်။ ယူဂျီဆိုတာ ဝန်ထမ်းတွေ တဲ့။ အစိုးရပေးတဲ့ ဆန်တွေ၊ ဆီတွေ စတာတွေလည်း ယူတယ်။ ဂျီလည်း ကျတယ်တဲ့။ 

ယူလည်း ယူတယ်၊ ဂျီလည်း ကျတယ်၊ ယူဂျီ။ 

စမ်းစမ်းတင် 
၂၀၁၅၊ ဖေဖော်ဝါရီ ၂၅ 

 

No comments: