(၁)
ဆေးတက္ကသိုလ် (၂) စာသင်ခန်းခန်းမ တခုထဲမှာ တာဝန်ကျဆရာ လာတော့မယ့်အချိန်လည်း နီးလာတာနဲ့အတူ ကျောင်းသားတွေ အတော်စုံနေပေပြီ။ စုစုပေါင်းမှ တရာကျော်ကျော်လေးလောက်ရှိတဲ့ အတန်းမို့ လူကလည်း သိပ်မများ၊ ဝင်းကျယ်တဲ့ ကျောင်းကိုယ်တိုင်ကလည်း လူရာချီလောက်သာရှိတတ်တဲ့ ကျောင်းမို့ တိတ်ဆိတ်ခြင်း၊ ငြိမ်းအေးခြင်း၊ ပုံမှန်လှုပ်ရှားမှုတွေနဲ့သာ သက်ဝင်တတ်ခြင်းတို့က ဒီ ကျောင်းရဲ့ပြယုဂ်တွေလို့ ဆိုနိုင်ပါတယ်။
စာသင်ခန်းထဲက ဖိုင်နယ်တန်း ကျောင်းသားတွေ ထိုင်နေရာနေရာတွေအလိုက် အစုဖွဲ့ရင်း ခပ်တိုးတိုး စကားတီးတိုးဖွဲ့နေကြတဲ့ အသံတွေနဲ့အတူ ကျောင်းရဲ့နာရီက အပြင်ကနေ တချက်တချက် ခပ်သဲ့သဲ့လွင့်လာတဲ့ ပုစဉ်းရင်ကွဲသံတချို့ အရင်နေ့တွေကထက် တိုးလာနေတာကလွဲလို့ အရင်နေ့တွေကအတိုင်း။ လူက နည်း၊ ဒီကြားထဲ အများစုက အဆောင်တွေမှာနေရင်း ကျောင်းတက်ကြတာဆိုတော့ တို့ထဲက တယောက် (ပုံမှန်မဟုတ်တာ) ဘာလုပ်နေတယ်ဆိုတဲ့သတင်း တတန်းလုံးပျံ့ဖို့က အလွန်ဆုံးကြာလှ တရက် နှစ်ရက်ပေါ့။
စာသင်ခန်းဝင်ပေါက်မှာ လူရိပ်တွေ့တော့ အားလုံးလည်း အသံတွေ တိခနဲ ဖြတ်အချ၊ ဆရာလာပြီလားဆိုတဲ့အကြည့်နဲ့ မျက်လုံးတွေအရွေ့မှာ ဝင်လာတာက ဇော်ထွန်းနဲ့အတူ မောင်ကျောင်းသား ၂ ယောက်၊ အဲဒီမှာ နောက်တန်းဘက်က မောင်ကျောင်းသားတယောက်က တတန်းလုံးကြားရလောက်တဲ့အသံနဲ့ First MB (ပထမနှစ်) က အကိုကြီးတွေလို့ ဟစ်လိုက်တဲ့နောက်မှာတော့ တတန်းလုံး ဝါးခနဲ ရယ်သံက ညံစီထွက်သွားပါတော့တယ်။
အခုလပိုင်းတွေကမှ ကျောင်းကိုရောက်လာတဲ့ ဖရက်ရှာ First MB အတန်းဘက် သွား လျှောက်ပြန် သံပေးလုပ်နေရာကနေ သူတို့ ၃ ယောက် အတန်းမီအောင် ခပ်သုတ်သုတ် ပြန်လာတာ လူမိသွားသလိုပေါ့။ ဒီကြားထဲ အခုမှ ဆက်စပ်သတင်းစုံစမ်းရတဲ့ မိန်းကလေးတချို့က သူများတွေရယ်ပြီးမှ တခိခိ လုပ်နေကြလို့ တတန်းလုံး ထပ်ရယ်ကြရသေးတယ်။ သူတို့ ၃ ယောက်လုံးလည်း ခံလိုက်ရပြီလို့ တွေးပုံရပါတယ်။ ပြုံးစိစိ နဲ့၊ အမြဲတမ်း သူများကို လက်ဦးအောင် စတတ် နောက်တတ်တဲ့ ဇော်ထွန်းက အခုန သတင်းထုတ်အော်တဲ့ အတန်းဖော် သူငယ်ချင်းနားအရောက် ဟဲဟဲ လုပ်ထားဦးပေါ့ကွာဆိုရင်း သူ့ ထုံးစံအတိုင်း အပြုံးနဲ့ တုံ့ပြန်လို့။
မျက်မှောင်ကြုတ်တာ နည်း၊ စကား အေးဆေးစွာပြောရင်း မျက်နှာမှာ အမြဲတမ်း အပြုံးချိတ်တတ်တဲ့ ဇော်ထွန်းနဲ့ ကျနော်တို့ ကျောင်းမှာ နေတိုင်းဆုံ၊ တနှစ်တခါမှ သွားပြေးကန်ကြတဲ့ ကျောင်းတွင်း အတန်းလိုက် ဘောလုံးပွဲတွေမှာ အသင်းသားတွေအဖြစ် ဆုံ၊ စာမေးပွဲနီးလို့ စာဝန်ထုပ် ဘယ်လိုပိပုံတွေငြီးရင်း ကန်တင်းမှာ ဆုံ၊ ဒီလိုနဲ့ ၁၉၈၀ နှောင်းပိုင်းနှစ်တွေကို အတူဖြတ်သန်းကြစဉ်တုန်းက သူရယ်၊ ကျနော် ရယ် ၈၈၈၈ ဒီမိုကရေစီလမ်းမတွေပေါ်မှာ ဆုံ၊ မြန်မာပြည် အရှေ့ပိုင်းက တောင်တန်းတွေမှာ အတူပြန်ဆုံကြရလိမ့်မယ်လို့ ကျနော် စိုးစဉ်းမျှ မတွေးခဲ့ပါပေ။ သူကော အဲဒီလို ပြန်ဆုံရမယ်ဆိုတာကို ကြိုတွေးထားနိုင်မယ်လို့ မထင်ပါ။
ဒီထက်မက ……
သူ ကျနော်တို့အားလုံးနဲ့ ထာဝရ မဆုံနိုင်တော့မယ့်အဖြစ်ကိုကော၊ သူရော ကျနော်ရော ကျနော်တို့အားလုံးရော မတွေးမိခဲ့ကြပေ။
………………………………………………….
ဆက်ရေးမယ်
(၁၄၊ ၀၂၊ ၂၀၁၅)
ဝင်းနိုင်ဦး (ဆေး-၂)
ဓာတ်ပုံ - ကိုဇော်ထွန်း နှင့် စာရေးသူတို့ကို ၁၉၉၀ ခုနှစ်က UWSA တောင်ပိုင်းစခန်းတခုမှာ တွေ့ရစဉ်။
No comments:
Post a Comment