Friday, February 27, 2015

အဖိုးကြီးအို ခါးကိုင်းကိုင်း... (သစ်ကောင်းအိမ်)

ဂိုဒေါ့တို့
ပိုပေါ့ပ်တို့ကို စောင့်မျှော်နေခဲ့တာလည်း
မဟုတ်ပါဘူး...

ညနေခင်း ခုံတန်းလျားပေါ်မှာ
ငါက ကေခိုင် အိမ်ပြန်လာချိန်ကို
စောင့်နေတာ...

သား ကောင်မလေးက
အဲလက်စ်စစ်တဲ့...


ငါ အိပ်ပျော်လု
အိပ်မက်မှာ
ငါ့ရင်ခွင်ထဲ
ထိတ်လန့်တကြား တိုးဝင်
ငါ့ တွန့်ခေါက်စ အရေးအကြောင်းတွေနဲ့
ငါ့ မျက်နှာပေါ်က အရေပြားတွေကို
ဘယ်ပြန်ညာပြန် ဖက်နမ်း...
မင်း နမ်းတာနော်
ခွန်းချိုသာ

သား ကောင်မလေးက
အဲလက်စ်စစ် တဲ့... ...

မင်းက
ငါ့သားလေးဆိုတော့
မင်းချစ်သူက ငါ့သမီးလေးပေါ့ကွာ... လို့
အသည်းကွဲတဝက်စကား
ငါ ပြန်ပြော...

မျက်ရည်စက်လက်နဲ့
အရုဏ်က
နေကို
နေ့ထဲ တရွတ်တိုက်ဆွဲခေါ်သလို
မင်းရဲ့ချစ်သူ သားအိမ်ထဲက
ငါ့ မြေးလေးကို
တရွတ်တိုက် ဆွဲခေါ်မိတယ်။ ။

သစ်ကောင်းအိမ် 

No comments: