လောက်ကိုင်တိုက်ပွဲမစမီ တရက်အလိုမှာ အစီအစဉ်မရှိဘဲ ဝအထူးဒေသ ပန်ဆန်းကို အလုပ်တခုနဲ့ ရောက်သွားပါတယ်။
လားရှိုး-တန့်ယန်းလမ်းကနေ သံလွင်မြစ်တံတားကျော်ပြီး မကြာခင် မြန်မာစစ်တပ်ဂိတ်ကို ရောက်တယ်။ ဘာမှ သိပ်မစစ်ဘူး၊ အလှူငွေထည့်ပါဆိုလို့ ငါးထောင် ပေးခဲ့တယ်။ ခဏဆက်သွားတော့ မြန်မာရဲဂိတ် ရောက်တယ်။ ပြတ်ပြတ်ပဲ၊ ငါးထောင်ပေးပါ တဲ့။ ဘယ်ရမလဲ ပေးလိုက်တာပေါ့။
နည်းနည်းဆက်သွားတော့ ဝ လုံခြုံရေးဂိတ်။ ကားပေါ်က တယောက်မကျန် အောက်ဆင်းခိုင်းတယ်။ ဂိတ်နောက်မှာ ဘန်ကာထဲက စက်သေနတ်ကြီးက အသင့်ချိန်ထားတယ်။ ဝ လို မေးတယ်။ ဘယ် ဖြေတတ်မှာလဲ၊ တရုတ်လို မေးတယ်။ အတူပါသူတွေက ဖြေပေးတယ်။ မရဘူး၊ မဝင်ရဘူး တဲ့။ တော်သေးတယ်။ ပန်းဆန်းက ဖုန်းဆက်ပြီး ကားနံပါတ်ပေးထားလို့ အရာရှိတယောက်လာပြီး ဝင်ခွင့်ပေးလိုက်တယ်။
အော် ... နယ်စပ်ဝင်ကထဲက MPT Oredoo ဘာမှ မရတော့ဘူး။ တရုတ်ဖုန်း ရတယ်။ Telenol တချက် တချက် ရတယ်။ ဒါပေမယ့် Oversea charge။
ဝနယ်ထဲ ဝင်ကာစ မြေလမ်းကြီး ဖုန်တထောင်းထောင်းနဲ့။ ဆက်သွားတော့ ကျောက်လမ်း၊ ပြီးတော့ ကွန်ကရိလမ်း။
ပြီးတော့ နိုင်လွန် ကတ္တရာလမ်း။ တောင်ပေါ်လမ်းတွေက နေပြည်တော်လမ်းထင် ပိုကျယ် ပိုကောင်းနေတယ်။ မေးကြည့်တော့ တရုတ်က လာဖောက်တာတဲ့။
နေရာတိုင်းမှာ လျှပ်စစ်မီးနဲ့။ မေးကြည့်တော့ စစ်သားအငယ်တွေက ရေအားလျှပ်စစ် ကိုယ်ပိုင်ထုတ်တာတဲ့။ နောက်တော့ အဲဒီ ရေအားလျှပ်စစ်နေရာကို ဖြတ်သွားတယ်။ သိပ်လည်း မကြီးဘူး။ တကယ် အလုပ်လုပ်ပုံလည်း မရဘူး။ သူ့တို့အရာရှိတွေကို ထပ်မေးတော့ ရယ်ပြီး တရုတ်ပြည်က လိုသလောက်ပေးတယ် တဲ့။
လမ်းဘေးတလျှောက် ရော်ဘာခြံတွေ မျက်စိတဆုံး။ အပင်တွေ ကြီးပြီ။ အသေအချာကြည့်တော့ တပင်မှ အစေး မခြစ်ထားဘူး။ လက်ဖက်ခြံတွေလည်း ရှိတယ်။ အားလုံး For show တွေ။
ပန်ဆန်းမရောက်မီ မြင်ကွင်းထဲမှာ ဘာမှမသုံးတဲ့ ကွန်ကရိ ကွင်းကျယ်ကြီးတွေ တွေ့တယ်။ တိုက်လေယာဉ်တွေ ကောင်းကောင်း ဆင်းလို့ရတယ်။ ဘာအတွက်လဲမေးတော့ ပုခုံးတွန့်ပြတယ်။
တောင်တွေကို ဧရာမစက်ကြီးတွေနဲ့ဖြိုပြီး Tipper ကားအကြီးစားတွေနဲ့ မြေကြီးတွေတင်ပြီး တရုတ်ပြည်ဘက်
တတန်းကြီး မောင်းထွက်နေတယ်။ ဘာပါလို့လဲ မေးတော့ ခဲသတ္တုလို့ ပြောတယ်။ ခဲလောက်နဲ့ မြေရိုင်းတွေကို သယ်ရတာ ကိုက်သလား? Geologists တွေတော့ သိမှာ။
နောက် ကျွန်းသစ်တင်တဲ့ကားတွေ သစ်လုံး မဟုတ်ဘူး၊ လေးထောင့် ပါးပုတ်ထားပြီးသား လမ်းဘေးမှာ တန်းစီရပ်ထားတာ။ အစီး ၄၂ နောက်ပိုင်း ဆက်မရေဖြစ်တော့ဘူး။
ပန်ဆန်းရောက်ပြီ။ မြန်မာ ရဲ၊ စစ်သား၊ ရဲစခန်း၊ စစ်တပ်၊ လဝက၊ ထွေအုပ်ရုံး၊ အခွန်ဦးစီး၊ ဆေးရုံ၊ ကျောင်း ဘာမှမတွေ့။ မြန်မာပြည်လို့ပြောနိုင်တဲ့ အထောက်အထား တခုမှ မရှိ။ တရုတ်စာ ဆိုင်းဘုတ်၊ တရုတ်စကား၊ တရုတ်ငွေ၊ တရုတ် TV လိုင်း။ မေးကြည့်တော့ မြန်မာမှတ်ပုံတင် မသုံး၊ ဝ ကိုယ်ပိုင် မှတ်ပုံတင် တဲ့။
လူငယ်အားလုံး စစ်ဝတ်စုံနဲ့ Pistol ခါးချိတ်လို့။ ဝတ်စုံ၊ လက်နက်အားလုံး သစ်သစ်လွင်လွင်ပဲ။ ရာထူးအဆင့် တံဆိပ် မရှိဘူး။ မြို့ထဲမှာ ကားအများစုက Lexus 570 တွေ၊ Hummer တွေ များတယ်။ စက်သေနတ်တင်ထားတဲ့
4x4 pickup တွေလည်း တွေ့တယ်။ ဓာတ်ဆီထည့်တုန်း ဘေးကဆိုင် ဆိုင်းဘုတ်ကိုကြည့်ပြီး တရုတ်စာတတ်သူတွေ ရယ်နေလို့ မေးကြည့်တော့ ကျည်ဆံ၊ ယမ်း၊ လက်ပစ်ဗုံး၊ မိုင်း၊ လက္ကားရောင်းတာ တဲ့။ နှစ်ညအိပ် နေခဲ့တယ်။ မြန်မာ့ အချုပ်အချာအာဏာကို တစိမှ မတွေ့ခဲ့ဘူး။
ထပ်သိချင်လို့ Googling လုပ်တော့ ဝ အထူးအုပ်ချုပ်ခွင့်ရဒေသက 17,000 sq. km. တဲ့။ Singapore က 718 sq. km.။ Singapore ထက် ၂၃ ဆ ပိုကျယ် တဲ့၊ ဘာသယံဇာတတွေ ရှိနေမှန်းမသိတဲ့ နယ်မြေတခုကို တရုတ်က သေနတ်တချက်မဖောက်ဘဲ ယူသွားပါပြီ။
လောက်ကိုင်ကို ဘာကြောင့် ထိုးကျွေးလဲဆိုတာ အပေါ်က မြေပုံကြည့်ရင် သဘောပေါက်မှာပါ။ အစိမ်းရောင်က ကိုးကန့်၊ လိမ္မော်ရောင်က ဝ အထူးဒေသ။ ဖုန်ကြားရှင်ရယ်၊ တရုတ်နဲ့ မြန်မာအာဏာရှင်တို့ရဲ့ ထိုးဇာတ်လေးထဲမှာ မျောပါသူတွေက အများသား။
ကိုးကန့်ကို မီးမောင်းစွတ်ထိုးထားတော့ ဝ အထူးဒေသ၊ လက်ပံတောင်းတောင်နဲ့ တခြား သယံဇာတတွေ၊ စစ်ရေး၊ စီးပွားရေးအရ အရမ်းအရေးပါတဲ့ India Ocean ထွက်ပေါက်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း မြန်မာပြည်ကို ခါးဖြတ်တဲ့ ရေနံ ဓာတ်ငွေ့ပိုက်လိုင်း၊ ဒါတွေအားလုံး မှေးမှိန်သွားရပြီပေါ့။
အပိုဆုအနေနဲ့ စစ်အုပ်ချုပ်ရေးနယ်မြေတခု စပေါ်လာပြီ။ ရွေးကောက်ပွဲ မတိုင်မီ ဘယ်နှစ်ခု ထပ်ဖော်ဦးမှာလဲ။ အားလုံးရဲ့ Master Mind က China ပါ။ အာဏာရှင်တွေကတော့ ကိုယ်ကျိုးစီးပွားပေါ့။ အားလုံးမြင်ကြဖို့ ဘက်တဖက်ထဲမှာ ရပ်ကြဖို့
အရေးတကြီး လိုနေပါပြီ။ ။
အောင်ဟိန်း
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment