Saturday, February 28, 2015

မိုးလေထဲက အူဝဲထာ (ခိုင်မာကျော်ဇော)

မြန်မာနိုင်ငံဘက်ခြမ်းကနေပြီး သံလွင်မြစ်ကြီးထဲကို တသွင်သွင်စီးဆင်းနေတဲ့ အူဝဲချောင်းရိုးလေးအတိုင်း မိနစ် ၂၀ ကျော်ကြာ လမ်းလျှောက်ပြီးရင်တော့ ကရင်ဒုက္ခသည် ၂၅၀ ကျော် ခိုလှုံနေကြတဲ့ အူဝဲထာ ဆိုတဲ့ ဒုက္ခသည်စခန်းလေးကို ရောက်ပါပြီ။ 

ဒီစခန်းလေးဟာ ၂၀၀၇ ခု၊ ဇွန်လလယ်လောက်ကမှ စတင်ဖြစ်ပေါ်လာခဲ့တာပါ။ မိုးထဲလေထဲမှာ ကျိုးတိုးကျဲတဲ ဆောက်လုပ်ထားတဲ့၊ ဆောက်လုပ်နေဆဲဖြစ်တဲ့ အသစ်စက်စက် တဲအိမ်လေးတွေကတော့ မိုးမိထားတဲ့ နှံပြီစုတ်ငှက်ကလေးတွေလို ကုပ်ကုပ်ချိချိ။ ခရီးပမ်းလာတဲ့ မျက်နှာတွေ၊ ဖြူဖတ်ဖြူရော် အသားအရေတွေ၊ ချိနဲ့နေတဲ့ ခြေလှမ်းတွေနဲ့ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို အားလုံးလိုလိုဟာ မှုန်စုပ်စုပ်၊ ညစ်ကြေကြေ အဝတ်အထည်တွေကို ဝတ်ဆင်ထားကြပြီး တိတ်ဆိတ်စွာ လှုပ်ရှားသွားလာနေကြပါတယ်။ 

တဲအိမ်လေးတွေကို မိုးထား၊ ကာထား၊ ခင်းထားတဲ့ ဝါးတွေ၊ ဖက်တွေနဲ့ လောလောလတ်လတ် ခုတ်ထားတဲ့ ထင်းပုံတွေကတော့ သူတို့အားလုံးနဲ့ ဆန့်ကျင်စွာ စိမ်းစိုလတ်ဆတ်လို့။ မိုးစိုထင်းတွေကတော့ တဲအိမ်လေးတွေထဲက မီးခိုးငွေ့တွေ အူထွက်နေအောင် အစွမ်းကုန် တန်ခိုးပြနေပါတယ်။ ‘တဒုတ်ဒုတ်’ နဲ့ အဆက်မပြတ် ကြားရတာကတော့ စခန်းလေးရဲ့ ဘယ်ညာတဝိုက်က သစ်ခုတ်၊ ဝါးခုတ်သံတွေပါ။ 


စခန်းရဲ့ညာဘက် တောစပ်ကနေ အူဝဲချောင်းကိုဖြတ်ပြီး ဝါးပိုးဝါးကြီး ၂ လုံးကို မနိုင်တနိုင်သယ်ပိုးလာတဲ့ သားအမိ ၃ ဦးကို မြင်ရတာက ဂျွမ်းဘားပြကွက်တခုကို ကြည့်နေရသလိုလို အသဲတထိတ်ထိတ်၊ ရင်တဖိုဖို။ ၆ နှစ်အရွယ် ကောင်လေးက ဝါးပိုးဝါးကြီးတလုံးကို အရှေ့ဘက်က ထမ်း၊ မိခင်ဖြစ်သူက အနောက်ဘက်ကနေ လက်တဖက်နဲ့ ထိန်း။ အဲ့ဒီမိခင်ရဲ့ ပုခုံးပေါ်မှာလည်း ရွယ်တူ ဝါးပိုးဝါးကြီးတလုံးကို ထမ်းပိုးထားပါသေးတယ်။ သူမရဲ့ နောက်ကျောဘက်မှာတော့ အဝတ်ဟောင်းတစနဲ့ လွယ်ပိုးထားတဲ့ နို့စို့အရွယ်ကလေးငယ်တဦး။ အိပ်မောကျနေတဲ့ နို့စို့ကလေးရဲ့ ဦးခေါင်းကလည်း ဘေးကိုစောင်းကျလို့။ မညီညာတဲ့ ကျောက်တုံး ကျောက်ခဲတွေကို ရှေ့ကသွားတဲ့သားက နင်းလိုက်တိုင်း အနောက်က မိခင်က အထမ်းတဖက်၊ အလွယ်တဖက်နဲ့ လိုက်လိုက်ထိန်းနေတာကို မြင်ရတာကလည်း ရင်တမမ။ အဲဒီသားအမိ သူတို့ တဲအိမ်လေးနားရောက်လို့ ဝါးပိုးဝါးကြီး ၂ လုံးကို တဘုံးဘုံးနဲ့ ပစ်ချတော့မှ ကျမ စိတ်ဒုံးဒုံး ချနိုင်ပါတော့တယ်။ 

စခန်းထဲကိုဝင်လာတဲ့ မျက်နှာစိမ်းတွေကိုတော့ လူကြီးတွေက မျက်လုံးသေတွေနဲ့ လှမ်းလှမ်းကြည့်ကြပြီး ကလေးတွေကတော့ ဝါးကပ်အပေါက်ကလေးတွေကနေ ပြူတစ်ပြူတစ်နဲ့ ချောင်းကြည့်ကြပါတယ်။ ဝါးကပ် အပေါက်ကလေးတွေကနေ ချောင်းကြည့်နေတဲ့ ကလေးတယောက်ကို လက်ပြနှုတ်ဆက်တော့ ဝါးကပ်အပေါက်ကလေးတွေကနေ ဝေးရာကို သူ့မျက်နှာလေး တဖြည်းဖြည်းရွေ့သွားပြီး တအင့်အင့်နဲ့ ငိုပါတော့တယ်။ 

ကလေးငိုသံကြားတော့ အနီးတဝိုက်က တဲအိမ်လေးတွေပေါ်မှာရှိနေကြတဲ့ ယောက်ျား၊ မိန်းမနဲ့ ကလေးတွေက ကလေးငိုသံထွက်ပေါ်ရာကို စူးစမ်းတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်ကြပါတယ်။ သူတို့အားလုံးရဲ့ မျက်နှာတွေက စိုးရိမ်စိတ်တွေ အထင်သား။ 

“ကျမတို့လာတဲ့လမ်းမှာ ကလေးငိုရင် အဲဒီကလေးနဲ့ အမေနားကို ဘယ်သူမှ မကပ်တော့ဘူး။ သူတို့နဲ့ ဝေးရာကို ထွက်ထွက်ပြေးကြတယ်။ ကလေးတွေ ငိုသံကြားရင် နအဖ တပ်တွေက လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းထုတတ်တော့ ကျမတို့ ကြောက်တာပေါ့”။ သူတို့လာရာလမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တခုကို ဒုက္ခသည်အမျိုးသမီးတဦးက ပြန်ပြောပြတယ်။ 

နအဖ တပ်စခန်းတွေနဲ့ နီးတဲ့လမ်းတွေကို ဖြတ်ကူးရတိုင်း ကလေးတွေမငိုအောင် မုန့်ကလေးတွေနဲ့ ချော့သူကချော့၊ မုန့်ပဲသရေစာ မရှိတဲ့လူတွေကတော့ ဘာမီတွန် ဆေးပြားကိုတိုက်ပြီး လမ်းဖြတ်ကူးကြရတယ်လို့ ဒုက္ခသည်တွေက ပြောပြပါတယ်။ 

“၅ နှစ်အထက် ကလေးအားလုံးလိုလို လမ်းလျှောက်ရတယ်။ အဖေတွေ အမေတွေက ငယ်ရွယ်တဲ့ ကလေးတွေ၊ အိုးခွက်၊ အဝတ်အထည်နဲ့ စားစရာတချို့ကို ထမ်းပိုးရတာကိုး။ အဖေတွေ အမေတွေ လွယ်ပိုးထားတဲ့ ကလေးတွေက ငယ်လည်းငယ်တော့ အခြေအနေကို မသိဘူးပေါ့နော်။ အစာလည်း ကောင်းကောင်းမစားရ၊ ရက်တွေကလည်း ကြာတော့ ညောင်းချိပြီး ငိုတာပေါ့။ ကလေးတွေငိုမှာစိုးလို့ လမ်းဖြတ်ကူးရင် မုန့်လေးတွေကြွေးပြီး ချော့တဲ့သူကချော့ တချို့ကတော့ ဘာမီတွန်တွေတိုက်ပြီး ကလေးတွေ အိပ်တဲ့အချိန်တွေမှာ ကားလမ်းဖြတ်ကူးကြရတယ်” လို့ အူဝဲထာ့စခန်းကို ရောက်ရှိလာတဲ့ နော်ရှယ်လေက ပြောပါတယ်။ 

ကလေးလူကြီး ၂၀၀ ကျော်ပါတဲ့ နော်ရှယ်လေတို့အဖွဲ့ဟာ တောင်ငူခရိုင်၊ ထန်းတပင်နဲ့ သံတောင်မြို့နယ်ထဲက ထွက်ပြေးလာကြတာပါ။ သူတို့ ပြေးနေရတာကတော့ ၂၀၀၆ ခုနှစ် နှစ်ဆန်းပိုင်းထဲက ကေအဲန်ယူထိန်းချုပ်ရာ တောင်ငူခရိုင်အတွင်းကို နအဖ တပ်တွေ ထိုးစစ်ဆင်ကတည်းကပါ။ အဲဒီအချိန်တုန်းကတော့ ထိုးစစ်တွေပြီးသွားရင် နအဖ တပ်တွေ ပြန်ဆုတ်သွားမယ်။ သူတို့လည်း သူတို့ရွာမှာ ပြန်လည်နေထိုင်လို့ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တောတွေ တောင်တွေထဲမှာပဲ လှည့်ပတ်ရှောင်တိမ်းနေခဲ့ကြတာပါ။ 

“ကျနော်တို့က ကိုယ့်ရွာကိုယ့်ဒေသကို မစွန့်ခွာချင်ဘူး။ ဒုက္ခသည်စခန်းမှာ သူများပေးမှ စားရသောက်ရတဲ့ ဘဝကိုလည်း မရောက်ချင်တော့ ကိုယ့်ဒေသတဝိုက်မှာပဲ ကုပ်ကုပ်ကပ်ကပ်နဲ့ လိုက်ပုန်းနေခဲ့တာ တနှစ်ကျော်လောက် ကြာတယ်။ စစ်ဆင်ရေးပြီးသွားပေမယ့် တပ်တွေကို ပြန်မဆုတ်ဘဲ ရွာတွေမှာ စခန်းအသစ်တွေ ထပ်ပြီးချလာတော့ ကျနော်တို့ရွာကို ဘယ်လိုမှ ပြန်ကပ်လို့မရတော့ဘူး”လို့ စောကပေါ်ရှီးက ပြောပါတယ်။ 

“ဒါလည်း ကျနော်တို့ ဇွဲမလျော့သေးဘူး။ ကျနော်တို့ ပုန်းနေတဲ့နေရာတွေကနေပြီး ကျနော်တို့ ခြံတွေ၊ တောင်ယာတွေထဲ ခိုးခိုးပြန်ပြီး အသီးအနှံတွေ ပြန်ခူးတယ်။ အစားအစာတွေ ပြန်ရှာစားတယ်။ ဒါကိုသိတော့ သူတို့က တောင်ယာတွေ၊ ဥယျာဉ်ခြံတွေအနှံ့မှာ မိုင်းတွေ ထောင်တော့တာပဲ။ ပြတ်တဲ့လူလည်းပြတ် သေတဲ့လူလည်းသေ။ ကျနော်တို့ သူတို့ကို အတွေ့လည်း မခံရဲဘူး။ တွေ့တာနဲ့ သူတို့က ပစ်တာပဲ”လို့ သူက ပြောပါတယ်။ 

ဒုက္ခသည်အဖြစ် မခံလိုတဲ့စိတ်၊ ဇာတိရပ်ရွာကို မက်မောတွယ်တာတဲ့ စိတ်တွေက စောကပေါ်ရှီးရဲ့ရင်ထဲမှာ အပြည့်ပါ။ ဒီစိတ်ကြောင့်ပဲ ၂၀၀၆ ခုနှစ်က သူတို့ရွာကနေ အီတိုးထာ့ ဒုက္ခသည်စခန်းကို ထွက်ပြေးလာတဲ့ ရွာသားတွေနဲ့ခွဲပြီး တောတွေ တောင်တွေထဲမှာပဲ သူတို့မိသားစု နေရစ်ခဲ့တာပါ။ 

“အခြေအနေတွေက တော်တော်ဆိုးတယ်။ နေရာ ၂ ခု၊ ၃ ခုကို ကျနော်တို့ လှည့်ပတ်ရှောင်တိမ်းနေတာ စားဝတ်နေရေးက အရမ်းခက်ခဲလာတယ်။ ကြာရင် ချောင်ပိတ်မိပြီး သေရင်သေ၊ ဒါမှမဟုတ်လည်း အစာရေစာငတ်ပြတ်ပြီး သေကုန်မှာပဲ။ ဒါကြောင့် ကျနော်တို့ဖောက်ထွက်ပြီး ပြေးလာကြတာ၊ မိုးတွင်းခရီးဆိုတော့ ရက် ၂၀ ကျော်လောက် ကြာတယ်။ ရိုးရိုးလမ်းလည်း မသွားရဲဘူး။ သတင်းပေါက်ပြီး စစ်တပ်က ဖြတ်ပိုင်းမှာစိုးလို့ ကိုယ့်လမ်းကိုယ်ဖောက်ပြီး လာကြတာ” လို့ သူက ပြောပါတယ်။ 

နအဖ တပ်တွေက ကျန်းမာရေးမကောင်းလို့ အိပ်ယာထဲလဲနေတဲ့ ယောက်ျားဖြစ်သူကိုသတ်ပြီး အိမ်နဲ့ တပါတည်း မီးရှို့လိုက်တဲ့အဖြစ်ကိုတော့ ဇနီးဖြစ်သူ နော်ခူးမုက အားပျော့နေတဲ့ မျက်လုံးတွေနဲ့ ပြန်လည်ပြောပြပါတယ်။ အဲဒီနေ့က ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ပါ။ နောခူးမု တောင်ယာကအပြန်မှာ နအဖ တပ်တွေရွာထဲဝင်နေပြီဆိုတာကို ရွာသားတွေက သတင်းပေးလို့ ကလေးတွေနဲ့အတူ ခြေဦးတည့်ရာပြေးခဲ့လို့သာ သူတို့သားအမိတွေ အသက်ပေးက လွှတ်မြောက်ခဲ့ပေမယ့် အိပ်ယာထဲလဲနေတဲ့ ယောက်ျားကိုတော့ မကယ်နိုင်ခဲ့ပါ။ 

“ကျမမှာ ကလေး ၅ ယောက်ရှိတယ်။ သူတို့အဖေဆုံးသွားတုန်းက အခု အငယ်ဆုံးလေး ကိုယ်ဝန်နဲ့။ ကျမလည်း မလုပ်နိုင်မကိုင်နိုင် အစားအစာတွေလည်း စားမလောက်၊ ကလေးတွေလည်း တယောက်မှ ကျောင်းမနေရဘူး။ အခက်အခဲအမျိုးမျိုးကြောင့် ဒီကိုရောက်လာတာပါ” လို့ နော်ခူးမုက ပြောပါတယ်။ 

ရေချောင်းကြီးတွေ၊ မြင့်မားမတ်ဆောက်တဲ့ တောင်စဉ်တောင်တန်းကြီးတွေကိုဖြတ်။ ရောက်တဲ့နေရာမှာ ဖြစ်သလိုအိပ်။ လမ်းမှာတွေ့တဲ့ အသီးအရွက်တွေကို မကျက်တကျက် ချက်ပြုတ်စားသောက်ပြီး နေ့ရောညပါ ခရီးပြင်းနှင်ခဲ့ရတဲ့ သူတို့အားလုံးဟာ အခုအချိန်ထိ အမောပြေသေးဟန် မတူပါ။ သူတို့အကြောင်းကို ပြန်လည်ပြောပြနေတဲ့ သူတို့ ရင်ခုန်သံတွေက နိမ့်တုန်မြင့်တုန်နဲ့ အရှိန်ပြင်းစွာ ခုန်နေဆဲပါ။ 

သူတို့ ကြားသာကြားဖူးပြီး မမြင်ဖူးတဲ့ သံလွင်မြစ်ကြီးကို မျက်ဝါးထင်ထင် မြင်ရတွေ့ရတော့လည်း သူတို့ ရင်တုန်ပမ်းတုန်ဖြစ်ရတယ်လို့ ဆိုပါတယ်။ သံလွင်မြစ်ကြီးထဲ ကော်ဖီရောင်ထနေတဲ့ရေတွေ ခေါင်းတထောင်ထောင်နဲ့ အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေတာကိုမြင်တော့ ငါတို့ဆက်ပြီး ပြေးလို့မရအောင် ဒီမြစ်ကြီးက စည်းခြားထားလိုက်ပြီဆိုတဲ့အတွေးနဲ့ သူတို့ရင်လေးခဲ့ရတယ်လို့လည်း ဒုက္ခသည်တချို့က ပြောပါတယ်။ 

ရှန်သားအပြာရောင် အပွင့်နှုတ်နှုတ်ကလေးတွေပါတဲ့ အမျိုးသမီးဝတ်အင်္ကျီကို ကောက်စွပ်ထားတဲ့ အူဝဲထာ့ စခန်းတာဝန်ခံကို တွေ့လိုက်တော့ ငိုရမလို ရီ(ရယ်)ရမလို။ အသက် ၅၀ ကျော်အရွယ် အူဝဲထာ့ စခန်းတာဝန်ခံ စောဆာ့မောကဲက မှုန်ရီဝေဝါးနေတဲ့ မျက်လုံးတွေနဲ့ စခန်းလေးရဲ့အခြေအနေကို ဖြေးဖြေးမှန်မှန် ပြောပြပါတယ်။ 

“တချို့အိမ်တွေကတော့ ဆောက်တုန်းပဲ။ သြဂုတ်လထဲမှာရောက်လာတဲ့ မိသားစု ၆ စုလည်း ရှိတယ်။ ဆန်၊ ဆီ၊ ငါးပိ၊ ဆားတို့တော့ ကျနော်တို့ကို ထောက်ပံ့တယ်။ ဘယ်လိုပဲပြောပြော ပြေးလွှားနေရတာထက်တော့ အများကြီးတော်တာပေါ့။ ဒီမှာ ကလေးတွေလည်း စာသင်ရတယ်။ ဟိုမှာဆို တချိန်လုံးပြေးလွှားနေရတော့ စာသင်မယ့် ကလေးလည်း မရှိ၊ သင်ပေးမယ့်ဆရာလည်း မရှိ” လို့ သူက ပြောပါတယ်။ 

စခန်းလေးရဲ့အရှေ့ဘက်မှာ ဝါးကပ်တွေကာရံပြီး ခပ်အုပ်အုပ်ကလေးဆောက်ထားတဲ့ မူလတန်းကျောင်းလေးထဲမှာတော့ ကျောင်းသူကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေဟာ ကြက်ခြင်းသေးသေးလေးထဲ စုထည့်ခံထားရသလိုပဲ ကြပ်ကြပ်ညှပ်ညှပ်။ တဖွဲဖွဲရွာနေတဲ့ မိုးနေ့စာသင်ခန်းထဲကိုဝင်သွားတော့ သေးနံ့၊ ချွေးနံ့၊ ခံတွင်းနံ့၊ ငါးပိနံ့၊ ဓညှင်းသီးဆားရေစိမ်နံ့အပြင် တချက်တချက် လေဝေတဲ့အခါ ချီး(ချေး)နံ့စူးစူးလေးကိုပါ အဆစ်ရူရှိုက်ရပါသေးတယ်။ 

ကလေးအားလုံးရဲ့ မျက်နှာတွေကတော့ အပြုံးအရယ်(ရီ)ကင်းမဲ့စွာ အေးတိအေးစက်။ ကျောင်းလေးကိုရောက်လာတဲ့ ကျမတို့ ကို လှမ်းကြည့်လိုက်တဲ့ သူငယ်တန်းကျောင်းသားလေးတဦးရဲ့ မျက်နှာလေးကတော့ ကျနော်တို့ကို ပစ်မထားကြပါနဲ့လို့ ပြောနေသလိုလို။ တောင်ငူမြို့မှာ ၉ တန်းအောင်ခဲ့တဲ့ ဆရာမလေးကတော့ သူတတ်ထားတဲ့ ပညာလေးနဲ့ ကလေးတွေကို စေတနာထား အခမဲ့ သင်ကြားပေးနေတာလို့ ပြောပါတယ်။ 

မူလတန်းလွန်ကလေးတွေကတော့ အထက်တန်းကျောင်းရှိတဲ့ အီတိုးထာ့ဒုက္ခသည်စခန်းက အသိတွေ၊ ဆွေမျိုးတွေအိမ်မှာနေပြီး ပညာသင်ကြားကြသလို ရောဂါဝေဒနာခံစားရတဲ့သူတွေကလည်း အီတိုးတာ့စခန်းကိုပဲ သွားရောက်ကုသကြပါတယ်။ အဲဒီစခန်း ၂ ခုဟာ စက်လှေစီးရင် တနာရီကျော်ကြာပြီး ကြားမှာ နအဖ တပ်ဖွဲ့တဖွဲ့ စခန်းချထားတာမို့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးအရ ကူးလူးသွားလာရာမှာ သူတို့ သတိကြီးစွာ ထားနေရတယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။ 

စခန်းလေးရဲ့ လုံခြုံရေးအတွက် ကရင်စစ်သားတွေက တာဝန်ယူပေးတယ်ဆိုပေမယ့်လို့ ကရင်ပြည်နယ် သံလွင်မြစ်ကမ်းတလျှောက်မှာ နအဖ တပ်တွေနဲ့ ကရင်တပ်တွေဟာ ဘတပြန် ကျားတပြန် နေရာယူထားကြတာပါ။ သံလွင်မြစ်ကမ်းဘေးက ဟိုကေ၊ ပေါ်ကားဒဲ၊ အူးဒါး၊ မယ်နူထာ့ဆိုတဲ့ ရွာပုန်းရွာရှောင်တွေနေထိုင်ရာ နေရာတွေကိုလည်း အဲဒီ နအဖ တပ်တွေက မကြာခဏ မီးဝင်ရှို့တာတွေ ရှိပါတယ်။ 

ကရင်ပြည်နယ်အတွင်း ထိုင်းနဲ့ မြန်မာတို့ ပူးပေါင်းပြီးဆောက်လုပ်ကြမယ့် သံလွင်ရေကာတာ စီမံကိန်းဟာလည်း အခုဒုက္ခသည်တွေ ယာယီခိုလှုံနေကြရတဲ့ စခန်းတွေနဲ့ အလွန်နီးကပ်တာမို့ ဒီစခန်း ၂ ခုရဲ့ ရှေ့ရေးကလည်း ရင်လေးစရာပါ။ နေရပ်ဒေသတွေကနေ ပြေးပြီးရင်းပြေးနေရတဲ့ သူတို့ကတော့ အခုရောက်ရှိနေတဲ့ နေရာလေးကို သူတို့ရဲ့ ခိုလှုံရာနေရာလေးတခုလို သဘောထားပြီး ငြိမ်သက်စွာနဲ့ မျက်စိဖွင့်နားစွင့်လို့။ 

အားပြတ်နေတဲ့ မိခင်တဦးက မွေးထုတ်လိုက်တဲ့ မီးတွင်းထဲက မွေးကင်းစ ကလေးလေးတယောက်နဲ့တူတဲ့ အူဝဲထာ့ စခန်းလေးရဲ့ကံကြမ္မာဟာ မသေချာ မရေရာပါ။ သံလွင်မြစ်ထဲ နေလုံးကြီး ဝင်ရောက်ပျောက်ကွယ်သွားတာနဲ့ တပြိုက်နက်တည်း မှောင်မဲသွားတဲ့ စခန်းလေးထဲက ဒုက္ခသည်တွေကတော့ အူဝဲချောင်းရေစီးသံကို နားစွင့်ရင်း မနက်ဖြန်များစွာကို မျှော်လင့်လို့နေပါတယ်။ ။ 

ခိုင်မာကျော်ဇော 

 

No comments: