Tuesday, February 24, 2015

တရားဥပဒေစိုးမိုးရေး ဆိုရာဝယ် (ခင်မမမျိုး)

တရားဥပဒေစိုးမိုးရေးဆိုတဲ့ သဘောတရားဟာ တစတစနဲ့ နိုင်ငံလုံးဆိုင်ရာနဲ့ နိုင်ငံတကာဆိုင်ရာ သဘောတရားတခုအဆင့်ကို တိုးမြင့်ရောက်ရှိလာခဲ့ပါတယ်။ ဒီသဘောတရားကို ကမ္ဘာတဝှမ်းက ပြည်သူလူထု၊ အစိုးရများနဲ့ အဖွဲ့အစည်းများက လက်ခံကျင့်သုံးလာကြပါတယ်။ နိုင်ငံများရဲ့ နိုင်ငံရေးစနစ်နဲ့ ဥပဒေရေးရာ စနစ်များရဲ့ အခြေခံအုတ်မြစ်အဖြစ်လည်း ယူဆလာကြပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ လိုအပ်ချက်တရပ်အဖြစ်လည်း အသိအမှတ်ပြုလာကြပါတယ်။ 

၂၀၀၅ ခုနှစ်မှာကျင်းပတဲ့ ကမ္ဘာ့ညီလာခံမှာ တရားဥပဒေစိုးမိုးရေးကို နိုင်ငံအဆင့်နဲ့ ကမ္ဘာ့အဆင့်တွေမှာ အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံအကြီးအကဲများစွာက အသိအမှတ်ပြုခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ဆုံးဖြတ်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂက အသိအမှတ်ပြုခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ နိုင်ငံအဆင့်နဲ့ နိုင်ငံတကာအဆင့်ဆိုင်ရာ အဆင့်မြင့်အရာရှိများ တက်ရောက်တဲ့ ညီလာခံများကျင်းပဖို့ ကမ္ဘာ့ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ 


တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားများနဲ့ နိုင်ငံအုပ်ချုပ်သူများမှ တရားဥပဒေကို လေးစားလိုက်နာခြင်းကိုဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရင် တရားဥပဒေစိုးမိုးရေးဟာ အုပ်ချုပ်ရေး ယန္တရားအဆင့်ဆင့်၊ တရားစီရင်ရေးယန္တရားနဲ့ အများပြည်သူများ၊ အစုအဖွဲ့များ၊ ကုမ္ပဏီများအကြားက ဆက်နွယ်ပတ်သက်မှုများကို ဖော်ကျူးပါတယ်။ ဥပမာအားဖြင့် ဥပဒေများကို မည်သို့ပြဌာန်းမည်၊ မှုခင်းကျူးလွန်သူများကို မည်သို့ အရေးယူမည်၊ အခွန်ကောက်ခံမှုများကို မည်သို့စည်းကြပ်ကောက်ခံမည် ဆိုတာတွေ ဖြစ်ပါတယ်။ 

တရားဥပဒေစိုးမိုးရေးဟာ လူ့အဖွဲ့အစည်းအတွင်းက ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များနဲ့လည်း သက်ဆိုင်ပါတယ်။ အိမ်အရောင်းအဝယ်၊ မိုဘိုင်းဖုန်းအရောင်းအဝယ်၊ ကားအရောင်းအဝယ် စတာတွေ၊ လျော်ကြေးကိစ္စတွေ၊ လက်ထပ်ခြင်း၊ ကွာရှင်းခြင်းနဲ့ အမွေဆက်ခံခြင်း စတာတွေအပေါ်မှာလည်း တရားဥပဒေဆိုင်ရာ သက်ရောက်မှု ရှိပါတယ်။ မြေအရောင်းအဝယ်ကိစ္စရပ်များ၊ မြေယာပြုပြင်ပြောင်းလဲမှုရေးရာများကလည်း တရားဥပဒေစိုးမိုးရေးနဲ့ ဆက်နွယ်ပတ်သက်နေပါတယ်။

နိုင်ငံတော်ရဲ့ လုပ်ငန်းတာဝန်ဆိုတာ ငြိမ်ဝပ်ပိပြားရေးကိုပဲဆိုလိုတာ မဟုတ်ပါဘူး။ တရားဥပဒေ စိုးမိုးရေးဆိုတာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုနဲ့လည်း ဆက်နွယ်ပတ်သက်နေတဲ့အတွက် နိုင်ငံတော်ဟာ အခြား လူမှုလုပ်ငန်းတာဝန်များကိုလည်း ထမ်းဆောင်ဖို့ တာဝန်ရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးရှိစေဖို့ ချမှတ်ထားသော တရားဥပဒေဘောင်များနဲ့အညီ စီးပွားရေး၊ လူမှုရေးကဏ္ဍများမှာလည်း ကျင့်သုံးမှု လိုအပ်ပါတယ်။ 

အစိုးရ အာဏာကျင့်သုံးမှုများမှာ တရားဥပဒေစိုးမိုးရေးကို ပေတံတခုအဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ အစိုးရတာဝန်ရှိသူတယောက်က အာဏာကျင့်သုံးမှုမှာ ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာ (legal authority) ရှိရပါတယ်။ ဥပမာအားဖြင့် နေအိမ်ထဲကို ဝင်ရောက်စစ်ဆေးရှာဖွေတဲ့အခါ ရှာဖွေ ဝရမ်းပါဖို့ လိုအပ်ပါတယ်။ ဘယ်လိုအခြေအနေမှာ ဘယ်လိုအာဏာကို ဘယ်သူက ကျင့်သုံးခွင့်ရှိကြောင်း တရားဥပဒေက ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ 

အာဏာများကို ကျင့်သုံးရာမှာ တာဝန်ရှိသူများအနေနဲ့ တရားဥပဒေကို ရိုသေလေးစားဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည်များမှာ လူတယောက်ကို ဖမ်းဆီးအရေးယူဖို့အတွက် ဖမ်းဝရမ်း လိုအပ်သောအမှုနဲ့ ဖမ်းဝရမ်း မလိုအပ်သောအမှုများကို စနစ်တကျ ခွဲခြားထားရှိပါတယ်။ ဖမ်းဝရမ်း လိုအပ်သောအမှုများမှာ ဝရမ်းမပါဘဲ လူတယောက်ကို ဖမ်းဆီး ထိန်းသိမ်းခွင့် မရှိပါဘူး။ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများကိုလည်း အတင်းအကြပ် ရိုက်နှက်နှိပ်စက်ပြီး ဖြောင့်ချက်များ ရယူခွင့် မရှိပါဘူး။ အာဏာ ဘယ်လိုကျင့်သုံးရမလဲဆိုတာကို ဥပဒေက ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံတကာမှာ “due process” အဖြစ် သတ်မှတ် ခေါ်တွင်ကြပါတယ်။ လူတဦးကို မှားယွင်းပြီး အကျဉ်းထောင်ထဲသို့ ပို့ဆောင်ခြင်းမှ ကာကွယ်ပေးထားတဲ့ တရားဥပဒေဆိုင်ရာ အခွင့်အရေးဖြစ်ပါတယ်။ 

တရားဥပဒေစိုးမိုးရေးမှာ သွင်ပြင်လက္ခဏာ သုံးရပ်ရှိပါတယ်။ ပထမသွင်ပြင်လက္ခဏာကတော့ တရားဥပဒေရဲ့ formal ဖြစ်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒုတိယ သွင်ပြင်လက္ခဏာကတော့ ဥပဒေများကို ရွေးကောက်ခံကိုယ်စားလှယ်များက ပြုတာလား၊ ခန့်အပ်ထားသူများက ပြုတာလား ဆိုတာတွေနဲ့ပတ်သက်တဲ့ ဥပဒေပြုခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပဒေပြုမှုနဲ့ ဒီမိုကရက်တစ်နိုင်ငံရေးစနစ်က ယှဉ်တွဲနေပါတယ်။ ဒီမိုကရေစီမရှိတဲ့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိလာဖို့ ခက်ခဲတတ်ပါတယ်။ အရေးကြီးတာကတော့ ဥပဒေပြုသူများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အာဏာများကျင့်သုံးမှုရဲ့ စည်းဘောင်ကို ကျော်မသွားစေရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထိန်းကျောင်းမှု ရှိနေနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းစဉ်မကျတဲ့ တိုင်းပြည်တွေမှာ နိုင်ငံရေးသမားတွေက ဥပဒေကို တလွဲအသုံးပြုတွေ ပေါ်ထွက်လာတတ်ပါတယ်။ ဒီလို အသုံးပြုတွေရှိနေတဲ့ တိုင်းပြည်ကို တရားဥပဒေစိုးမိုးနေတဲ့ တိုင်းပြည်အဖြစ် မသတ်မှတ်နိုင်ပါဘူး။ တရားဥပဒေစိုးမိုးရေး (rule of law) နဲ့ ဥပဒေအသုံးချအုပ်ချုပ်ခြင်း (rule by law) တို့က မတူညီပါဘူး။ 

တတိယ သွင်ပြင်လက္ခဏာကတော့ ဥပဒေထဲမှာပါဝင်တဲ့ အကြောင်းအရာများ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး ဖော်ဆောင်ဖို့အတွက် လူ့အခွင့်အရေးများအပေါ် လေးစားမှုရှိရန် လိုအပ်ပါတယ်။ လွတ်လပ်စွာ ဆွေးနွေးခွင့်နဲ့ အသင်းအဖွဲ့ စုဝေးဖွဲ့စည်းခွင့်တွေကို မလေးစားဘဲ တရားဥပဒေစိုးမိုးရေး လုပ်ကိုင်ဆောင်ရွက်ဖို့ အဆင်မပြေနိုင်ပါဘူး။ 

ဒါကြောင့်လည်း တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး ကဏ္ဍ (၅) မျိုးကို ပညာရှင်များက ရေးသားဖော်ထုတ်ကြရမှာ ဝန်းကျင်အခြေအနေကို ထည့်သွင်းဖော်ပြထားကြတာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးမှာ ပါဝင်တဲ့ အဓိကကဏ္ဍ (၅) မျိုးကတော့ အမိန့်နှင့် လုံခြုံမှု၊ တရားဝင်မှု၊ စစ်ဆေးခြင်းနှင့် ထိန်းညှိမှု၊ တရားမျှတမှုနဲ့ ထိရောက်စွာ အသုံးချမှုတို့ပဲ ဖြစ်ပါတယ်။ ပြစ်မှုများရှိနေတဲ့ ဝန်းကျင် (သို့မဟုတ်) ပြည်သူလူထုက လုံခြုံရေးအတွက် စိုးရိမ်မှုတွေရှိနေတဲ့ ဝန်းကျင် (သို့မဟုတ်) အမိန့်အာဏာ သက်ရောက်မှုမရှိတော့တဲ့ ဝန်းကျင်မှာ တရားဥပဒေစိုးမိုးရေး မရရှိနိုင်ပါဘူး။ အမိန့်အာဏာ သက်ရောက်မှုနဲ့ လုံခြုံမှုရှိမှသာ တရားဥပဒေစိုးမိုးမှု ရှိလာနိုင်တာ ဖြစ်ပါတယ်။ 

ဥပဒေများရဲ့ တရားဝင်ဖြစ်မှုကလည်း အရေးကြီးပါတယ်။ တရားဝင်မှု (legitimacy) ရှိဖို့ဆိုရာမှာ ပွင့်လင်းမှု၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ပြည့်မီမှု၊ ဘာသာရေး၊ ရိုးရာဓလေ့များ ထုံးတမ်းစဉ်လာများ(သို့) အခြားနည်းလမ်းများမှတဆင့် ဆင်းသက်လာမှု စတာတွေအပေါ်မှာ မူတည်ပါတယ်။ သီးခြားလွတ်လပ်သော တရားစီရင်ရေးစနစ်၊ ခိုင်မာသော ရှေ့နေအသင်းအဖွဲ့များရှိခြင်း စတာတွေက တရားဥပဒေစိုးမိုးရေးမှာ တည့်မတ်သော ထိန်းညှိချိန်ခွင်လျှာရှိရေးအတွက် အထောက်အကူပြုပါတယ်။ 

တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုကလည်း အလွန်အရေးကြီးပါတယ်။ တရားမျှတမှုဆိုရာမှာ ဥပဒေကို တူညီစွာ သုံးခြင်း၊ လုပ်ထုံးလုပ်နည်း တရားမျှတခြင်း၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ခြင်းနှင့်  ပြည်သူ့ လွတ်လပ်မှုများရှိခြင်းနဲ့ အခွင့်အရေးများ တန်းတူညီမျှခြင်း စတာတွေနဲ့ ဆက်စပ်ပါတယ်။ ဒါတွေက ဆင်းရဲနွမ်းပါးသူနှင့် အကျိုးခံစားခွင့်မရတဲ့ အမျိုးသမီးများကို စွမ်းအားမြှင့်ရာတွင် အဓိက သော့ချက်များဖြစ်ပါတယ်။ နောက်တခုကတော့ ထိရောက်စွာ အသုံးချနိုင်ခြင်းပဲ ဖြစ်ပါတယ်။ တရားဥပဒေတွေ ပြဌာန်းထားပေမယ့် ပြည်သူလူထုအတွက် အသုံးချမှုမရှိရင် တရားဥပဒေစိုးမိုးရေး မရှိနိုင်ပါဘူး။ 

နိဂုံးချုပ်ဆိုရရင် တရားဥပဒေစိုးမိုးရေးဆိုတာ စကားလုံးအနေနဲ့ ကြီးထွားနေရမယ့် သဘောတရား မဟုတ်ပါဘူး။ နိုင်ငံများရဲ့ နိုင်ငံရေးစနစ်နဲ့ ဥပဒေရေးရာစနစ်များရဲ့ အခြေခံအုတ်မြစ်အဖြစ် အမိန့်နှင့် လုံခြုံမှု၊ တရားဝင်မှု၊ စစ်ဆေးခြင်းနှင့် ထိန်းညှိမှု၊ တရားမျှတမှုနဲ့ ထိရောက်စွာ အသုံးချမှု စတဲ့ ကဏ္ဍအသီးသီးမှာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အရာဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။ ။ 

ခင်မမမျိုး 
(၁၆၊ ၂၊ ၂၀၁၅) 

 

No comments: