Wednesday, February 18, 2015

စက်သေနတ် (မင်းသိုက်)

အမှတ်တရပါပဲ၊ ဘဝမှာ စက်သေနတ်ကို တစ်ကြိမ်တိတိသာ ကိုင်ကြည့်ဖူးခဲ့သည်။ တစ်မိနစ်တောင်မပြည့် လေးလို့ ပြန်ချထားမိသည်။ “ကာဘိုင်” 

အမှတ်တရပါပဲ၊ ဘဝမှာ ပထမဦးဆုံး တပ်မတော်သားမိတ်ဆွေကား ဒု တပ်ကြပ် လှမွန်ခိုင် (စာကြည်တိုက်မှူး၊ ဗဟိုပြည်သူဆက်ဆံရေးတပ်)၊ အိမ်က တပ်ချုပ်မကြီးနဲ့ ကျွန်တော့်ကြား အောင်သွယ်လုပ်ပေးခဲ့ဖူးသူ။ 

လှမွန်ခိုင်က ကျွန်တော့်ထက် အသက်ကြီးတယ်။ အရပ်သားတွေကို ပိုခင်တယ်။ တပ်ထဲမှာ ဘော်ဒါ သိပ်မထားဘူး။ ဘယ်လောက် ဘော်ဒါ ခင်သလဲဆိုရင် တပ်စည်းကမ်းဖောက်ပြီးတော့ကို အရပ်သားဘော်ဒါတွေကို ခင်တာ။ ၁၉၈၈ မတိုင်ကာလတွေတုန်းက ကမ္ဘာအေးဘုရားလမ်း ချော်တွင်းကုန်းမီးပွိုင်နဲ့ ပြည်လမ်း အေဒီလမ်း မီးပွိုင့်ကြားလမ်းက အခု လူသိသူသိများတဲ့ ပါရမီလမ်းပိုင်း မဟုတ်သေးဘူး။ မညီမညာ မြေနီလမ်း၊ ချော်တွင်းကုန်းဘက်ကနေတက်ရင် စိုက်ခင်းတွေ စိမ်းစိမ်းစိုစိုနဲ့ ဗဟိုပြည်သူ့ဆက်ဆံရေး တပ်ဂိတ်ကျော်တာနဲ့ လမ်းက ကြပ်သွားပြီ။ 


+++++

ကျွန်တော်တို့ ဘော်ဘော်တစ်စု ဗဟိုပြည်သူ့ဆက်ဆံရေးတပ်ထဲ ညညခိုးဝင်ပြီး လှမွန်ခိုင် လိုက်ဗရီထဲမှာ အရက်ခိုးသောက်ကြသည်။ ဆေးခြောက်ရှုကြသည်။ လှမွန်ခိုင်ကြီးက အဲသလိုမျိုးကို စွန့်စားပြီး အရပ်သား ဘော်ဘော်တွေကို ချစ်တာ။ သူ့တပ်ဂျူတီကျချိန်ဆို သူ့ ကာဘိုင်သေနတ်ကြီးကို အရပ်သား ဘော်ဘော်တွေ ကိုင်ဖူးသည်ရှိအောင် ပေးကိုင်ကြည့်တယ်။ နောက်တော့ ဘော်ဒါတွေ ချစ်စိတ်နဲ့ တပ်စည်းကမ်း အကြီးကြီးဖောက်ဖျက်မိလို့ စစ်ထောင်ကျ ၊ ထောင်ထဲမှာတင် ဘဝကူးသွားရှာလေသည်။ 

+++++

အပေါ်က အတောက ကျွန်တော် သေနတ် စကိုင်ဖူးခြင်း အဖွင့်။ နောက် သေနတ်သံ။ သေနတ်သံကို စကြားဖူးတာ ဦးသန့်အရေးအခင်းကာလ၊ သေနတ်သံဆိုတာ ... ဒိုင်း ဒိုင်း ဒိုင်းဒိုင်း ... ဒက်ဒက် ဒက်ဒက် လို့သာ ငယ်စဉ်ကလေး ဘဝကတည်းက သိမှတ်ထားတာ။ ၆ နှစ်သားအရွယ်ကျမှ သေနတ်သံဆိုတာ ဖေါက် ဖေါက် ဖေါက်ဖေါက်သံပါလားလို့ စ သိတာ။ ဦးသန့်အရေးအခင်းတုန်းက ကျွန်တော် ဖ.ဆ.ပ.လ ဇာတိချက်မြုတ်မှာ၊ အောင်ဆန်းကွင်းထဲ စစ်တပ်တွေ ချထားတယ်။ တင့်ကားကြီးတွေလည်း ပါတယ်။ နေဝင်မီးငြိမ်း၊ ဗမာစစ်တပ်ဆိုပေမယ့် တိုင်းရင်းသားစစ်သားတွေချည့်ပဲ။ ရပ်ကွက်ထဲက ခွေးတွေ အကုန် ပြောင်ကုန်တယ်။ ဘက်နက်နဲ့ထိုး အကုန် သတ်စားကြတာ။ အဲဒီကာလက စစ်တပ် အတော်ချာတူးလန်ခဲ့တာ၊ ဦးသန့်အရေးအခင်းကြောင့် အသားစားရပုံရှာကြတယ်။ နောက် အရွယ်ရောက်တော့ ထပ်ကြားဖူးပြန်တဲ့ သေနတ်သံက တဖြန်းဖြန်းနဲ့ ... ၁၉၈၈၊ နောက်တစ်ကြိမ် ၂၀၀၇။ 

+++++

Non linear video editor ဘဝရောက်တော့ တည်းဖြတ်ခြင်း အနုပညာအကြောင်း လေ့လာမှတ်သားရင်း နောက်ခံအသံတွေရဲ့ အတိမ်အနက် အဝေးအနီး အရောင်အဆင်းတွေကို သေချာ လေ့လာမှတ်သားရင်း သေနတ်သံအမျိုးမျိုးအကြောင်း တစေ့တစောင်း လေ့လာဖူးတယ်။ အရုပ်က ဘာသေနတ်အမျိုးအစားနဲ့ ပစ်ထာလဲ၊ ပစ်တဲ့သူပြန်ကြားရတဲ့ အသံလား၊ တစ်ဖက်ရန်သူက ကြားနေရတဲ့အသံလား အစရှိသဖြင့်တွေကအစ မှတ် ဖတ်ပေါ့။ ကိုယ်တွေက စစ်ကား edit ဆက်တာ ဝါသနာမပါဘူး။ လက်ပေါက်ကပ်ပြီး ပိုက်ဆံလည်း သိပ်ရတာမဟုတ်၊ အချစ်ကားဆို ပန်းခြံထဲ လျှောက်ပတ်ပြေးနေတာ ၃ မိနစ်လောက် ဟီရွှမ်ဆက်ပေးလိုက်ရင်ပြီးတာပဲ ... ထားပါတော့။ 

+++++

မနေ့က လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြား ရက်ခရော့စ် တံဆိပ်တပ် စစ်ပြေးဒုက္ခသည်တွေကားကို ဘယ်သူလက်ချက်မှန်း မသိ (ဘယ်ကောင်ကမှလည်း ငါတို့ ပစ်တာပါလို့ မကြေငြာရဲ)၊ သေနတ်နဲ့ပစ်တဲ့ DVB က ဗီဒီယိုဖိုင် ဒီမနက် ကြည့်လိုက်ရတယ်။ တစ်ချို့မီဒီယာတွေက ကိုးကန့်က ပစ်တာ၊ တစ်ချို့ကတော့ အမည်မသိ လက်နက်ကိုင်အဖွဲ့၊ တစ်ချို့ကတော့ ဗမာစစ်တပ်ကတောင်တွေပဲ ပစ်တာနေမှာ စသဖြင့် စသဖြင့် ဝေဖန်ကြတာ တွေ့ရပြန်တော့ သေနတ်သံအကြောင်း ပိုစိတ်ဝင်စားလာတယ်။ ကျွန်တော် ဉာဏ်မီသလောက်တော့ တိုက်ပွဲဖြစ်နေတဲ့ကြားမှာ ဒုက္ခသည်တွေ လူနာတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းကို ၂ ဖက်က ပစ်ခွင့်မရှိသလို၊ လမ်းကြောင်းဖြတ် မယ်ဆိုတဲ့အကြောင်းကိုလည်း တိုက်ပွဲဝင် ၂ ဖက်စလုံးကို ကြိုတင် အသိပေးထားရမယ်။ 

+++++

မြန်မာစစ်တပ်က နောက်တမ်းထိုင် ကီးဘုတ်သမား စစ်သားတွေကလည်း ... မအလ မီဒီယာတွေ ဘယ်ကောင်ပစ်ထာလဲ သေနတ်သံ နားထောင်ကြည့်ပါလား၊ ဘာလားနဲ့ တုတ်ကုန်ပါလေရော။ ဒါနဲ့ ကျွန်တော်လည်း အွန်လိုင်းပေါ်က Sound clip တွေ ရောင်းစားနေတဲ့ Site တွေထဲ မွှေနှောက်ပြီး AK 47 အသံ (အနီးအဝေး)၊ M16 အသံ (အနီးအဝေး) ဒါတွေကို လိုက်မွှေနှောက်ရှာ အားအားယားယား သုံးသပ်နားထောင်လေ့လာ။ တစ်ချို့ကတော့ အဲဒီ အွန်လိုင်းပေါ်က သေနတ်သံတွေက မမှန်ဘူးတို့ ဘာတို့ပေါ့။ ပရော်ဖက်ရှင်နယ်လုပ်စား ရောင်းစားနေတဲ့ site တွေမှာ မမှန်စရာအကြောင်း မရှိဘူး။ Audio Codec ကြောင့်သာ အသံကွာလတီ လျော့ကောင်းလျော့မယ်။ ဒါပေသိ ခက်နေသဟာက မြန်မာ့တပ်မတော်ကသုံးတဲ့ မိတ်အင်ဘားမား ရိုင်ဖယ် MA 1 နဲ့ MA 2 အသံတွေ ဘယ် Site မှာမှ မရှိတော့ ... ယှဉ်ချိန်ထိုး သုံးသပ်ရမှာခက်တယ်။ နီးနီးစပ်စပ် ဖြစ်နိုင်ချေရှိတာတော့ လောက်ကိုင်၊ ချင်းရွှေဟော် တောင်ကြားမှာ ပစ်သွားတဲ့သူတွေသုံးတာ M16 ဖြစ်ဖို့ များတယ်။ စစ်သဘော စစ်အကြော နားလည်တတ်ကျွမ်းသူတွေလည်း စက်သေနတ် ဗဟုလေးများ မျှဝေ ရေးသားပေးကြပါရန်။ 

+++++

ဒါက AK 47 အသံ၊ လဖုန်ကြီးတို့အဖွဲ့က ဝ က ထုတ်တဲ့ AK 47 Copy တွေ အသုံးများတယ်။ 

+++++

ဒါက M 16 အသံ၊ ကရင်က M 16 အသုံးများသလို အခြား တိုင်းရင်းသားလက်နက်ကိုင်တွေလည်း သုံးတာရှိတယ်။ မြန်မာစစ်တပ်ကလည်း သိမ်းရတာတွေ ထုတ်သုံးတာရှိတယ်။ 
  
+++++


အခင်းဖြစ်တဲ့နေရာက တောင်ကြားဆိုတော့ ပဲ့တင်သံတော့ ရှိမပေါ့။ ။ 

No comments: