ကျနော်နေထိုင်ရာ ကျောက်မဲမြို့နယ်ထဲက ရှမ်းရွာကြီးတရွာပေါ့။ ရှမ်းသူပုန်တွေ ကျက်စားသွားလာတတ်တယ်လို့ ကြားဖူးနေကျ။ ၁၉၈၀ မှာ ကျနော် ၁၀ တန်းအောင်တော့ မြို့နယ်လူကြီးတွေက လုပ်အားပေးဖို့ခေါ်တယ်။
ဒါနဲ့ စာရင်းပေးပြီး တောရွာတွေကို ကွင်းဆင်းကြတယ်။ လုပ်ရမယ့်အလုပ်က စီးပွားရေးစစ်တမ်းကောက်ဖို့တဲ့...။
ကျနော်တို့ကို ကွင်းမဆင်းခင် အတွေ့အကြုံရှိတဲ့ တာဝန်ရှိလူကြီးက ရှမ်းတိုင်းရင်းသားတွေ ရွာကိုဝင်မယ်ဆို ရွာသူကြီး (သို့မဟုတ်) ရွာထဲက သြဇာရှိတဲ့ လူကြီးတွေကို အရင်ဆုံး သွားရောက်ဂါရဝပြုမိတ်ဆက်ဖို့ မှာထားတယ်။
ဒါနဲ့ မိုင်းတင်းရွာကို ရောက်တယ်။ ရှမ်းရွာတွေက အိမ်တွေမှာ အိမ်ဦးခန်းဝင်တာနဲ့ ဘုရားစင်ကို အရင်ဖူးရမယ်။ အဲဒီဘုရားစင်အောက်မှာ အခင်းဖုံလေးတခု ရှိတတ်တယ်။ အိမ်ထောင်ဦးစီး(သို့) အိမ်ရှင်က တလေးတစားနေရာပေးတဲ့ လူကြီး သီးသန့်ထိုင်ရတာပါ။ ကျန်ဘယ်သူမှ ထိုင်ခွင့်မရှိ။
မိုင်းတင်းရွာထဲ လက်နက်ကိုင် ပြည်သူ့စစ် လုံခြုံရေးယူပြီး စဝင်ကတည်းက လူငယ်တချို့ ကွက်ကြည့်ကွက်ကြည့်ပေါ့။ မကြာခင် ကျနော်တို့ရောက်တဲ့သတင်း တရွာလုံး ပြန့်သွားပြီ။
ကျနော်နဲ့ လုပ်အားပေးသူငယ်ချင်း ၃ ယောက် သူကြီးအိမ် သွားလည်တယ်။ သားအမိ ၂ ယောက် ရေနွေးအိုးလေးချပြီး ဧည့်ခံတယ်။ သင့်လျှော်တဲ့ နေရာလေးမှာ ထိုင်ခိုင်းထားတယ်။ သူကြီးက ထွက်မတွေ့ဘူး။ နာရီဝက်၊ တနာရီ နီးပါးကြာတယ်၊ ထွက်မတွေ့ဘူး။
နောက်ဆုံး ကျနော်တို့ပြန်ထဖို့ပြင်မှ သူကြီးက သူ့နေရာမှာ ဝင်ထိုင်တယ်။ ကျနော်တို့ကို တချက်လှမ်းကြည့်ပြီး ဘယ်ကလဲလို့ မေးတယ်။ အဲဒါ သူ့ရဲ့ ပထမဆုံးစကားနဲ့ နောက်ဆုံးစကားပဲ။ ကျနော်တို့ပြောတာပဲ နားထောင်ပြီး တခွန်းမှ ပြန်မပြော၊ မေးခွန်းမထုတ်ဘူး။ ဆေးတံခဲပြီး တဖက်ကို မျက်နှာလွှဲနေတာ များတယ်။
နောက်မှ ပြန်သိရတယ်။ သူကြီး စိတ်နာနေတယ်။ ဗမာစကားပြောတဲ့ ဗမာမှန်သမျှအပေါ် စိတ်နာနေတာတဲ့။ တခါတုန်းက သူ့အိမ်ပေါ် စစ်တပ်က အရာရှိတွေ လာတည်းတယ်။ သူကြီးအိမ်က မြင့်တယ်၊ ကြီးတယ်။ ပါလာတဲ့ ဗိုလ်မှူးက သူကြီးထိုင်တဲ့ဖုံလေးမှာ ဝင်ထိုင်တယ်။ သူကြီးကို တရားခံလို ဟိုမေး ဒီမေးနဲ့ သူတို့ရန်သူသတင်း မေးတယ်။ အဖိုးအခမပေးဘဲ ကြက်တွေ သတ်ခိုင်းပြီး ချက်စားတယ်။
ဒီလောက်နဲ့ မပြီးဘူး။ နောက်တနေ့ ရွာထဲက လူငယ် လူကြီးတွေကို ဆင့်ခေါ်ခိုင်းပြီး ပေါ်တာဆွဲသွားတယ်။ သူကြီး အတော်အမျက်ထွက်ပေမယ့် သည်းခံတယ်။ ဒါပေမယ့် စစ်သားမပြောနဲ့ ဗမာစကားပြောသူလာရင်တောင် စကားလက်ခံ မပြောချင်တဲ့အထိ ရွံသွားတယ်။ ထွက်တွေ့လေ့လည်း မရှိတော့ဘူး။
ကျနော်တို့အပေါ် မျက်နှာလာပြတာကပဲ ကျောင်းသား လူငယ်လေးတွေမို့ နည်းနည်း အသိအမှတ်ပြုပေးတဲ့ သဘောဖြစ်လိမ့်မယ်။
+++++
မိုင်းငေါ့...။
ဘွဲရတော့ မိုင်းငေါ့ရွာက တွဲဘက်အထက်တန်း ကျောင်းဆရာ သူငယ်ချင်းတယောက်က သူ့ရွာမှာ စာလာပြဖို့ အတင်းခေါ်တယ်။ ဝါသနာမပါပေမယ့် စေတနာကရှိနေတော့ လိုက်သွားတယ်။ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကလေးတွေကို သမိုင်းနဲ့ မြန်မာစာ သင်ပေးတယ်။
တရက် ရှေ့တန်းက စစ်ကြောင်း ပြန်ရောက်လာတယ်။ ရွာထဲ ညအိပ်နားမှာဖြစ်တယ်။ တညလုံး ခွေးတစီစီနဲ့ ဆူညံနေတယ်။ မိုင်းငေါ့ သူကြီးအိမ်နဲ့ ဘုန်းကြီးကျောင်းဝင်းအပြင် တချို့တပည့်တွေ အိမ်မှာ တည်းကြတယ်။ ၂ ရက်လောက်နေတော့ ပြန်သွားတယ်။
ကိုယ့်တပည့်တချို့ ဖိနပ်မစီးထားတာ တွေ့ရတယ်။ စကားစပ်မိတော့ အိမ်မှာလာတည်းတဲ့ စစ်သားတွေ ယူလဲသွားတာတဲ့။ ကြက်ရိုက်ပြီး ချက်ကြွေးရတဲ့အပြင် အိမ်ရှေ့ဖိနပ်စင်က ကလေးတွေရဲ့ တရုတ် စစ်ကင်းဘတ်ဘိနပ်အကောင်းတွေ စွတ်သွားပြီး သူတို့ဘိနပ်စုတ်တွေ ထားခဲ့တယ်တဲ့။ စစ်ကြောင်းပြန်ရောက်တိုင်း ဒီအတိုင်းပဲတဲ့။
တွေ့တဲ့ပစ္စည်း မျက်စေ့ကျရင် ကောက်မသွားတာပဲ၊ ဘာမှလည်း ခွင့်တောင်းမနေဘူးတဲ့။ အနွေးထည်၊ အင်္ကျီကောက်ဝတ်ယူသွားမျိုး၊ ပိုက်ဆံတောင်းတာမျိုးပေါ့။ အမျိုးသမီးတွေ့ရင် မျက်လုံး ဒေါက်ထောက်ကြည့်တတ်လို့ စစ်သားရှိတဲ့အိမ် မအိပ်ခိုင်းဘူးလို့ ပြောပြကြတယ်။ တပည့်တွေ ပြောချင်တာတွေက အများကြီးပဲဆိုတာ သူတို့မျက်လုံးထဲမှာ မြင်ရတယ်။ ကိုယ်လည်း နားထောင်နိုင်စွမ်းမရှိတော့ပါဘူး။
ရှေ့တန်းမှာ ဆင်းရဲ ငတ်မွတ်ပြီး သေဘေးကနေ ပြန်လာသူတွေကို ကိုယ်ချင်းစာ ဂရုဏာလည်း သက်တယ်။ သူတို့ လုပ်နေတာတွေလည်း ပုံစံမကျ၊ နည်းလမ်းမဟုတ်ဖူးဆိုတာလည်း သိနေတယ်။ နေရာလွဲနေတဲ့ ခေါင်းဆောင်မှု၊ ယိုယွင်းနေတဲ့ စိတ်ဓာတ်၊ ပြန်ပြီး ဆက်လို့မရနိုင်သေးတဲ့ သွေးစည်း ယုံကြည်မှုတွေ၊ ငြိမ်းချမ်းရေးရဲ့ အဓိပ္ပာယ်၊ တိုင်းရင်းသား ပြည်သူတွေရဲ့ ခံစားချက်၊ အတုအယောင် မျက်နှာတွေနဲ့ အရာရာလွဲနေတဲ့ နိုင်ငံတော်ကြီးအကြောင်း ပြန်တွေးမိလို့ပါ...။ ။
ကိုညို (အော်စလို)
ဓာတ်ပုံ၊ ကိုအာကာ
No comments:
Post a Comment