(၂)
နေရာ က All Burma Students Democratic Front (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ဗဟို ရုံးခွဲဖွင့်ထားတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆင်ခြေဖုံးဘက်မှာရှိတဲ့ လုံးချင်းအိမ်လေးတခုထဲမှာပါ။ ၁၉၉၀ သင်္ကြန်အလွန် ရက်ပိုင်းကာလပေါ့။ အဲဒီတုန်းက ကျနော်ရော၊ ဇော်ထွန်းရော ဝင်ထားတဲ့ ABSDF ရဲ့ ဥက္ကဋ္ဌ က ကိုမိုးသီးဇွန်။ သူက အခန်းတခုထဲ ကျနော်နဲ့ ဇော်လွင်စိုး (သူက နောက်ပိုင်းမှာ ABSDF တပ်ရင်း (၁၀၂) တပ်ရင်းမှူး ဖြစ်လာခဲ့သူ၊ ကျနော်တို့တော့ သူ့ကို တရင်းတနှီး နာမည်ဖြစ်တဲ့ ကိုပိန် လို့ပဲ ခေါ်ကြတယ်) ကို ဝ နယ်မြေဘက်သွားရေး၊ စည်းရုံးရေး စကားတွေ စပျိုးနေခဲ့ပေါ့။
“ဝ တပ်တွေ က အင်အားကောင်းတယ်။ ၂ သောင်း ကျော်တောင်ရှိတာ၊ သူတို့တွေ နဝတ ကို ပြန်တိုက်လာရင် သိပ်ကောင်းမယ်၊ ပြန်တိုက်အောင်လည်း တို့ လုပ်ရမယ်၊ ဟေ့ရောင်တွေ ငါတို့ ကြိုးစားရမယ် ထင်တယ်ကွ။ အဲဒါ ငါတို့ဘက်က စည်းရုံးရေးအဖွဲ့တွေ လွှတ်တယ်။ သူတို့ပညာရေးဌာနဘက်မှ တို့တွေဆီက အင်္ဂလိပ်စာ သွားသင်ပေးတာမျိုး၊ နောက် သူတို့ ကျန်းမာရေးဌာနမှာလည်း တို့ အခု ၆ လစီမံချက် နဲ့ ဆေးမှူးတွေ လွှတ်ထားတယ်။ သူတို့ဆီမှာ ဆေးမှူးသင်တန်းပေးရင်း သူတို့ ဆေးရုံမှာ ကူရင်းပေါ့။ အခု ဆရာ ဒေါက်တာ ပါကျင် နဲ့ ဇော်ထွန်း ရောက်နေပြီ။ အဲဒါ မင်းတို့လည်း လိုက်သွားစေချင်တယ်”
(အဲဒီတုန်းက ကျနော်တို့အသက်တွေ ၂၄ -၂၅ - ၂၆ လောက်တွေပေါ့) ကိုမိုးသီး ကတော့ သူ့ ထုံးစံအတိုင်း ကျောင်းသားတွေ အခုပဲ သွားစည်းရုံးလိုက်လို့ ဝ တပ်တွေ သေနတ်ပြန်ပေါက်ပြီး မြန်မာပြည် အရှေ့မြောက်တခွင် တော်လှန်တဲ့ သေနတ်သံတွေ ဝုန်းဝုန်းပြန်ညံတော့မယ့်ပုံစံလို အားရပါးရ ပြော၊ ကျနော်လည်း သူပြောတဲ့အထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံး စကားလုံးက ဝ တပ် တွေ ... ဝ တပ်တွေ ... ဆိုတာက ငြင်းမရတော့ သူပြောတဲ့ ရည်မှန်းချက်ကြီး ခဏ ခေါင်းထဲကမေ့ထားရင်း စကားဝိုင်းက သွက်ခဲ့လို့ပေါ့။
ဝ တပ်တွေဆိုတာက ပြီးခဲ့တဲ့ နှစ် (၁၉၈၉) ကမှ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်လိုက်တာ၊ ခွဲထွက်တယ် ဆိုတာထက် ပုန်ကန်ထွက်လိုက်တာဆိုရင် ပိုမှန်မယ် ထင်တယ်။ သူတို့ ပုန်ကန်ပေမယ့် အရင် သူတို့အပေါ် ကျေးဇူးရှိခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက ခေါင်းဆောင်တွေကိုတော့ ကိုယ်ထိလက်ရောက် ထိပါးခဲ့တာမျိုးတော့ မရှိခဲ့။ သူတို့ ဝနယ် သွေးစည်းညီညွတ်ရေးပါတီ (ဝသပ) နဲ့ ဝသပ တပ်ဖွဲ့ကို ထောင်လိုက်ကြတယ်။ ဒါပေမယ့် အဲဒီတုန်းက တန်ခိုးထွားနေတဲ့ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်တို့နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နေတဲ့အချိန်။
သူတို့အခေါ်တော့ ငြိမ်းချမ်းရေးအဖွဲ့တွေထဲက အားအကြီးဆုံး အဖွဲ့ကြီးပေါ့။ သူတို့က ဟိုး မြောက်အရပ်က တရုတ်နယ်စပ် ပန်ဆန်းမှာ ဌာနချုပ်တည်ပေမယ့် ထိုင်းဘက်ကိုလည်း နောက်ကျောတခုထားပြီး Logistics လမ်းတခုဖွင့်ဖို့ ကြိုးစားကြပုံရပါတယ်။ တောင်ပိုင်းကို တပ်ရင်း တချို့ ဆင်းလာတယ်။ သူတို့နဲ့လာပေါင်းတဲ့ တောင်ပိုင်းက ဝ တော်လှန်ရေး အဖွဲ့လေးတွေနဲ့ ဆက်သွယ်ရေး ထိုင်းဘက်လမ်းကို လာဖွင့်တာပါ။ ထိုင်းဘက်ကဆိုရင် သူတို့တပ်တွေဆီ နယ်စပ်ဘက်က ဝင်ပေါက်က ဖန်းမြို့နဲ့ အနီးဆုံး။ တိုက်ပွဲတွေက နဝတနဲ့တော့ မဖြစ်၊ ခွန်ဆာတပ်တွေနဲ့ နယ်မြေလု စစ်ဖြစ်နေ။ ဒါတွေက အဲဒီအချိန်က ကျနော်တို့ သိသလောက် အချက်အလက်။
ဝ တပ်ဖွဲ့က ဘိန်းနဲ့ မူးယစ်ဆေးဝါး ကုန်ကူးတာနဲ့ ပတ်သက်သလားဆိုတာကတော့ အဲဒီ ၁၉၉၀ နှစ်တွေတဝိုက်မှာတော့ ဒီအမေးက မေးစရာ မလိုသေး၊ သူတို့ ဒီကိစ္စနဲ့ပတ်သက်လို့ နာမည်ဆိုးနဲ့ မကျော်သေးပါ။ အမေရိကန်က သူတို့ထဲက သူတချို့ကို ဆုငွေထုတ်တဲ့နှစ်မတိုင်ခင် ၁၀ စုနှစ်ကျော် အဝေးကြီး။
စိတ်ထဲမှာတော့ နယ်သစ်ပယ်သစ်မှာ မိတ်ဆွေသစ်၊ ရဲဘော်ရဲဘက်သစ် တိုးသိလာနိုင်မယ့် ခရီး၊ နောက် ဝ တပ်ဖွဲ့တွေ ဘာလုပ်မှာလဲ၊ ဒီအတိုင်းပဲ အပစ်အခတ်ရပ်နေတော့မှာလား၊ သူတို့အနေအထားတွေက ဘယ်လိုလဲ၊ ဘယ်လိုလဲ... သိချင်... ကိုယ်အာမခံရမှာက ဆေးမှူးအဖြစ် ၃ လ သွားနေဖို့၊ ဆေးသင်တန်းပေးဖို့ဆိုတော့ သိပ်အလေးအပင်ကြီးလည်း မဟုတ်။ နောက် ဆရာ ဒေါက်တာ ပါကျင်နဲ့ဆိုရင် ဆေးပညာတောင် တိုးရနိုင်သေး။
ဒါပေမယ့် ကျနော်ရော၊ ကိုပိန်ရော မဲဆောက်ရောက်နေတဲ့အကြောင်းက ဟိုး ကြာအင်းနယ် မွန်ခွင်က စစ်ကြောင်းအတွက် ရန်ပုံငွေနဲ့ ရိက္ခာငွေ တက်ရှာတာပါ။ အောက်မှာ စစ်ကြောင်း တာဝန်က တန်းလန်း၊ လွှဲမယ်ဆိုရင်လည်း လွှဲလိုတော့ ရပါတယ်။ ဒါပေမယ့် ချိန်ဆရတာက အများသားဆိုတော့ လောလောဆယ် ကျနော် ဘာမှမဆုံးဖြတ်နိုင်ခင် တွေဝေနေတုန်း။ ဒါကိုသိတဲ့ ကိုမိုးသီး က ...
“ဆရာ ပါကျင်က သူ့ မိခင်အဖွဲ့က ကိစ္စရှိလို့ ပြန်ခေါ်တော့ အရင် ၆ လ လောက်ရတယ်ဆိုပေမယ့် အခု ၃ လ အပြည့်လောက်မှာ ပြန်လာရမှာ၊ နောက်ပြီး ပညာရေးအဖွဲ့ကလည်း ပြန်လာခဲ့ပြီ၊ မင်း လိုက်မသွားရင် ဟိုမှာ ဇော်ထွန်း တယောက်တည်း” လို့ အရှိ အရှိအတိုင်းထွက်လာတော့မှ ကျနော်လည်း “အင်း ... သွားမယ်” လို့ ကျသွားတော့တယ်။
ဆက်လက်ဖော်ပြပါမယ်။
ဓာတ်ပုံ - ကိုဇော်ထွန်း နှင့် စာရေးသူတို့ကို ၁၉၉၀ ခုနှစ်က UWSA တောင်ပိုင်းစခန်းတခုမှာ တွေ့ရစဉ်။
No comments:
Post a Comment