Wednesday, October 24, 2012

ပြည်သူ့ခေတ်ကြီး ရောက်ချိန်နီးမှသာ (မောင်ဝံသ)

ကျွန်တော့်ကျန်းမာရေးနဲ့ပတ်သက်လို့ 

ခုလောလောဆယ်တော့ ကျွန်တော် ရန်ကုန်ကို ပြန်ရောက်နေပါပြီ။ စင်ကာပူမှာ နှစ်ကြိမ် ကီမိုဆေးသွင်းခဲ့ပါတယ်။ ကြားဖူးထားတဲ့အတိုင်း အတော်ကလေးတော့ ခံရပေသပေါ့။ သို့သော် ကျွန်တော် သည်းခံကျော်လွှားနိုင်ခဲ့ပါတယ်။

စင်ကာပူမှာရှိနေတဲ့ သားသမီးများနဲ့ မိတ်ဆွေသင်္ဂဟများရဲ့ ဝိုင်းဝန်း အားပေးမှုကြောင့်လည်း အားရှိခဲ့ပါတယ်။ ယခု အောက်တိုဘာ ၂၅ နဲ့ နိုဝင်ဘာ ၁ ရက်မှာ ရန်ကုန်မှာ ဆေးသွင်းပါမယ်။ ပြီးရင် နိုဝင်ဘာလဆန်းမှာပဲ စင်ကာပူပြန်သွားပြီး ပြန်လည်ဆေးစစ်ပါမယ်။ နောက် ရန်ကုန်ပြန်လာပြီး ဆက်လက်ပြီး ရက်အလိုက် ဆေးသွင်းစရာများ ဆက်လက် ပြုလုပ်ပါမယ်။ ဒီလိုပဲ ဟိုမှာ ဆေးပြန်စစ်လိုက် ဒီမှာ ဆေးပြန်သွင်းလိုက်နဲ့ လာမည့် ဖေဖော်ဝါရီလောက်အထိ လုပ်သွားရဖို့ ရှိပါတယ်။ ဒါ ကျွန်တော့်ကျန်းမာရေးအတွက် အကြမ်းဖျင်း လျာထားချက် လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။


လူနှင့် အပြောင်းအလဲ (နေဘုန်းလတ်)

"အားလုံးဆီက တစ်ခုခု တောင်းဆိုခွင့်ရမယ်ဆိုရင်တော့ ... အားလုံးရဲ့စိတ်ထဲမှာ ငါတို့ကိုယ်တိုင်လည်း အပြောင်းအလဲတစ်ခုခုကို ဖန်တီးဆောင်ယူကြသူတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အောင်စိတ်မျိုးမွေးပြီး ... တိုင်းပြည်အတွက် အပြောင်းအလဲသစ်တွေ၊ အပြောင်းအလဲကောင်းတွေကို ဖန်တီးဆောင်ယူပေးကြပါလို့ ..."

လူနှင့် အပြောင်းအလဲအကြောင်းကို ယှဉ်တွဲပြီးစဉ်းစားကြည့်တဲ့အခါ ... ဆက်စပ်မှုအချို့ကို ကျနော် တွေ့လိုက်ပါတယ် ...။ အချို့အပြောင်းအလဲတွေကို လူတွေက ဖန်တီးတယ် ... အချို့လူတွေရဲ့ဘဝကို အပြောင်းအလဲက ဖန်တီးတယ် ... စသည်ဖြင့် ... လူနဲ့အပြောင်းအလဲဟာ ... ပြုလုပ်သူ (Subject) နေရာနဲ့ ခံရသူ (Object)နေရာတွေကို သူတစ်ခါ ကိုယ်တစ်လှည့် ခွဲဝေယူနေကြတာကို သတိထားမိလိုက်တယ် ...။ အဲဒီ့လိုမျိုးမဟုတ်ဘဲ ... အပြောင်းအလဲနဲ့ လုံးဝ အဆက်ပြတ်နေတဲ့ လူတစ်မျိုးရှိနေတာကိုလည်း ထူးထူးဆန်းဆန်းပဲ တွေ့မိပြန်ပါတယ်။ အဲဒီ့တော့ လူ သုံးမျိုး သုံးစား ထွက်လာပါတယ် ...။

ပထမတစ်မျိုးက အပြောင်းအလဲတွေကို ဖန်တီးတဲ့သူပါ ...။ ဒုတိယတစ်မျိုးက အပြောင်းအလဲရဲ့ ပြုပြင်ဖန်တီးမှုကို အလိုက်သင့်ခံယူလိုက်တဲ့သူမျိုးပါ ...။ တတိယတစ်မျိုးကတော့ ... ပြောင်းလဲလို့ ပြောင်းလဲနေမှန်းတောင်မသိဘဲ ... အပြောင်းအလဲက သက်သက် ကိုယ်က သက်သက်ဖြစ်ပြီး ဟောင်းနွမ်းကျန်ရစ်နေကြသူမျိုးပါ ...။ ကျနော့်စာကိုရှေ့ဆက်မဖတ်မီမှာ ကိုယ်ဟာ ဘယ်လိုလူမျိုးစာရင်းထဲမှာ ပါနေလဲဆိုတာကို ကျနော်တို့ ကိုယ့်ကိုယ်ကို ပြန်မေးပြီး အားမနာတမ်း အဖြေတွေပေးကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ် ...။


ပညာတတ်ရင် … (ကာတွန်း မိုင်ကျော်ခင်း)

Monday, October 22, 2012

ကျွန်တော်နှင့် သတ္တဝါတစ်ခု (မင်းလူ)

ညမှု ညလူ သူခိုးများပူသဖြင့် နိုးနိုးကြားကြား အိပ်ရသည်။ သို့တိုင်အောင် အိပ်ပြီဆိုမှတော့ ပျော်သွားသည်ချည်းပင် ဖြစ်သည်။ တစ်ရေးနိုးသည့်အချိန်ကျမှသာ နားစွင့်နိုင်သည်။ ခုတစ်လော ရပ်ကွက်ထဲမှာ ဟိုအိမ် သည်အိမ်တို့မှ စိန်တံချူမိသွားကြောင်း၊ လူကပ်ကြောင်း စသည်တို့ ကြားနေရသည်။

ကိုယ့်အိမ်မှာ ခိုးစရာပစ္စည်း ကြီးကြီးကျယ်ကျယ်ရှိသည်တော့ မဟုတ်ချေ။ သို့ရာတွင် ဆင်းရဲသားနှင့် လူလတ်တန်းစားကပြားတို့များသော ရပ်ကွက်တွင် လူလတ်တန်းစားအစစ်ဖြစ်သော ကျွန်တော်တို့အိမ်ကို မျက်စိကျကောင်း ကျနိုင်သည်ဟု တွက်ရသည်။ ပုဆိုးတစ်ထည်၊ ထဘီတစ်ကွင်း စိန်တံချူမိသွားလည်း နည်းတာမဟုတ်။

* * * 

တစ်ညသ၌ တစ်ရေးနိုးနေတုန်း အိမ်နောက်ဖေးဘက်မှ အသံတစ်သံကြားရသည်။ ထရံကို တစ်စုံတစ်ခုနှင့်ခြစ်သလိုလို၊ သစ်သားကို လှီးဖြတ်နေသလိုလို တတောက်တောက်၊ တဂျီဂျီအသံ။ ကုတင်ပေါ်မှ အသာလျှောဆင်းသည်။ နံရံမှာ ကပ်ထောင်ထားသော ပျဉ်းကတိုးသားတုတ်ကို ယူသည်။ မီးဖိုဘက်သို့ ခြေသံမကြားအောင် သွားသည်။ သွားရင်းက တစ်ခုစဉ်းစားမိ၏။ သူခိုးကိုတွေ့ပြီဆိုလျှင် တုတ်နှင့်ရိုက်ရတော့မည်။ မတော်တဆ လက်လွန်သွားနိုင်သည်။ နောက်တစ်ခုက သူခိုးဆိုသည်မှာ မှောင်ထဲ၌ မျက်စိကျင့်ရပြီးသား။ ကိုယ်က မမြင်မီ သူက ကိုယ့်ကို အရင်မြင်နိုင်သည်။ ဒါဆို သူက အရင်ဦးအောင်လုပ်ထည့်လိုက်လျှင်။


သွေးစုတ်ဖုတ်ကောင် (ခင်လွန်း)

- လေထဲမှာ သွေးညှီနံ့
နားထဲမှာ တော်လဲသံ
ငါတို့ကမ္ဘာ ဂြိုဟ်ပြာကြီးဟာ
ရန်ဂြိုဟ်ထဲက ရုန်းမထွက်နိုင်တော့ဘူး။

- သေနတ်ကိုပိုက်ရင်း သူ ပုံပြော
စစ်ပွဲများ ရပ်ဖို့လိုပြီ
စစ်ပွဲများ ချက်ချင်းရပ်
စစ်ပွဲများ အလိုမရှိ
သေနတ်မောင်းခလုပ်ပေါ်က လက်ညှိုးမကွေးလိုက်ခင်
သူ ပုံပြော
စစ်ဆန့်ကျင်ရေး
လက်ညှိုးတကွေး
မောင်းခလုပ်ပေါ်က လက်ညှိုးတကွေး ငြိမ်းချမ်းရေး
စစ်ဥဿုံကင်းမဲ့တဲ့ ငြိမ်းချမ်းရေး
ထာဝရငြိမ်းချမ်းရေး တဲ့..။


ထမင်းအိုးကွဲမှာ မကြောက်တဲ့ သတင်းထောက် (ကိုညို)

“သတင်းသမားဆိုတာ ထမင်းစားဖို့လုပ်ရပြီဆိုကတည်းက မဟုတ်တော့ဘူးလေ။ အမှန်တရားထက် ထမင်းအိုးပဲ ကြည့်နေရတော့မှာပေါ့။ ခေတ်ကိုက ထမင်းချက်နဲ့ ထမင်းရှင်တောင် မကွဲပြားတော့တဲ့ကာလကိုး …” 

ဒီနေ့မနက်စောစော ထကွန်ပြူတာဖွင့်လိုက်တာနဲ့ စိတ်မကောင်းစရာ၊ Message သတင်းစကားတွေ၊ သတင်းနဲ့ ဆောင်းပါးတချို့၊ မိတ်ဆွေတချို့ပို့လိုက်တာ ဖတ်လိုက်ရတယ်။ အမေရိကန်အခြေစိုက် သတင်းဌာနတခုက လုပ်ဖော်ကိုင်ဘက်ဟောင်းတွေ အလုပ်ဖြုတ်ခံရတဲ့သတင်းပါ။ သူတို့အထက်၊ ဌာနအကြီးအကဲနဲ့ အယ်ဒီတာတယောက်ရဲ့ လက်အောက်ငယ်သားတွေအပေါ် ဖိနှိပ်တာ၊ မတရားဘိုကျတာ၊ မျက်နှာလိုက်ဆက်ဆံတာ၊ သတင်းသမားကျင့်ဝတ်နဲ့ ဝန်ထမ်းကျင့်ဝတ် ဖောက်ပြားတာတွေကို အထက်အရာရှိတွေဆီ ဦးဆောင်လက်မှတ်ထိုးတိုင်မိလို့တဲ့။

ဟိုး … အစောကထဲက အဲဒီသတင်းဌာနက အယ်ဒီတာတွေရဲ့ မတရားမှုတွေနဲ့ ကိုယ်ကျင့်တရားရော၊ သတင်းသမားကျင့်ဝတ်ရော အပုတ်နံ့ထွက်နေတဲ့ အယ်ဒီတာတယောက်အကြောင်းကို အင်တာနက်သတင်းတွေကနေ ကြားခဲ့ရတယ်။ သက်ဆိုင်ရာအဖွဲ့တွေကလည်း စုံစမ်းစစ်ဆေးသတဲ့။ လူပြောကလည်း များ၊ အဖြစ်အပျက်မှာပါဝင်တဲ့ ဇာတ်ကောင်တွေ၊ မျက်မြင်တွေ၊ ကာအိနြေ္ဒရေ ထိပါးခံရသူ၊ ကာယကံရှင်တွေနဲ့ပါ စစ်ဆေးစုံစမ်းတာဆိုတော့ အရေးယူမှုဟာ ထိထိရောက်ရောက်ရှိလိမ့်မယ်လို့ ထင်ခဲ့တာပေါ့လေ။


ဥပဒေကို လိုက်နာပါ ... (ကာတွန်း အောင်မော်)

Saturday, October 20, 2012

ကျွန်တော့် အိမ်နီးနားချင်း ဗိုလ်ချုပ်ကျော်ဇော - ဖိုးသံ(လူထု)

ကျွန်တော်တို့ မိသားစုနဲ့ ဗိုလ်ချုပ်ကျော်ဇောတို့မိသားစုဟာ ဆွေရင်းမျိုးရင်းလိုပဲ ရင်းနှီးပါတယ်။ ဒါပေမယ့် သူတို့က ရန်ကုန်မှာနေ၊ ကျွန်တော်တို့က မန္တလေးမှာနေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် တွေ့ချင်ရင် မိုင် ၄ဝဝ ခရီးသွားမှ တွေ့ကြရပါတယ်။ ဒါပေမယ့် ကံကြောင့်ပဲ ပြောရမလား၊ ရေစက်ကြောင့်ပဲ ပြောရမလား၊ ဦးလေး (ကျွန်တော်က သူ့ကို အမြဲ ဦးလေးလို့ပဲ ခေါ်ပါတယ်) နဲ့ အိမ်ချင်း ပေ ၄ဝ လောက်အကွာမှာ နေခဲ့ရပါတယ်။

အဲဒါ ‘ဝ’ ဒေသ ပန်ဆန်း (အခုအခေါ် ပန်ခမ်း) မှာပါ။

ကွန်မြူနစ်ပါတီရဲ့ အဲဒီတုန်းက ဗဟိုစခန်းဟာ တရုတ်ပြည်နယ်စပ်၊ နမ့်ခါချောင်း ကွေ့ပတ်စီးဆင်းသွားတဲ့ ချောင်းအကွေ့ က တောင်စောင်း၊ တောင်ထိပ်မှာ တည်ရှိပါတယ်။ နယ်စပ်မျဉ်းက အဲဒီချောင်းရဲ့အလယ် တည့်တည့်မှာ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ ကျွန်တော်နေတဲ့ အခန်းနဲ့ ဦးလေးတို့ ဇနီးမောင်နှံနေတဲ့အခန်းဟာ ခြေလှမ်း ၂ဝ လောက်ပဲ ကွာပါတယ်။ ခေါ်ချင်ရင် အော်ခေါ်ဖို့တောင် မလိုတဲ့ အကွာအဝေးပါ။


ပန်းချီ … နှစ် (ကမာပုလဲ)

ကိုယ့်ရင်ဘတ်တောင်
စွယ်တော်ရွက်လို နှစ်မွှာချိတ်ဆက်ထားရသေးတာ
တဖက်နဲ့ တဖက် မေ့မယ်ကြံရင် ပြန်ပြန် ငဲ့ကြည့်နေရတာမျိုး ...။

စိတ်မချလို့ မဟုတ်ပါဘူး
ဒဏ်ရာနဲ့ စားနေကျ ဝမ်းစာ
ချစ်သူနဲ့ မုန်းသူ
အလွမ်းနဲ့ ဥပေက္ခာ
တလှေတည်း စီးခဲ့ကြပေမဲ့
လမ်းခွဲသွားတဲ့ လားရာကိုယ်စီများ ...။


သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၂ (ကိုညို)

(၁) 

ခြံရှေ့က စစ်ကား ၂ စီးထွက်သွားပြီး တအောင့်ကြာတော့ ကိုယ့်ရဲဘော်တချို့ ခြံထဲပြေးလာတယ်။ ကျနော့်ကိုတွေ့တော့ ဝမ်းသာသွားတယ်။ သူတို့က တဖက်ခြံတွေမှာ အိပ်ကြတာ။ ည ၈ နာရီ အိမ်ပြင်မထွက်ရဆိုတဲ့ ကာဖျူးအမိန့်က တမြို့လုံးကို သင်္ချိုင်းကုန်းလို ငြိမ်သွားတာစေတာကိုး ...။ ကားသံကြားရင် သေချာတယ်၊ စစ်ကားပဲ။ ခြံထဲ စစ်သားတွေ ဝင်လာပြီဆိုကတည်းက ကျနော့်ကို သေချာပေါက်ဆွဲသွားပြီ ထင်တာ။ အဲဒီညတော့ ခြံနဲ့ကပ်ရက် သူငယ်ချင်းအိမ်မှာ အိပ်လိုက်တယ်။ ဒါပေမဲ့ ဘယ်အိပ်ပျော်မလဲ၊ ဘာဆက်လုပ်ရင်ကောင်းမလဲ တွေးနေတာနဲ့ မိုးလင်းခါနီးမှ သတိပြတ်၊ အိပ်ပျော်သွားတယ်။

မနက်လင်းတာနဲ့ ကိုယ်နေတဲ့ (မြောက်ကုန်း) ကနေ မြို့ထဲဆင်းတယ်။ လမ်းဆုံမှာ မမျှော်လင့်ဘဲ အကိုကြီးနဲ့ တွေ့တယ်။ (ကျနော့်အကို၊ ကိုတင်မောင်က ဈေးသပိတ်သမဂ္ဂ ခေါင်းဆောင်တယောက်ပါ၊ နိုင်ငံရေးတက်ကြွတယ်၊ အဟောအပြောကောင်း၊ ဟာသထုတ်တာ၊ အရွှန်းဖောက်တာ သိပ်ကောင်းတယ်၊ မိတ်ဆွေအပေါင်းအသင်း များတယ်၊ နောက်ပိုင်း မြို့နယ် NLD ဒုဥက္ကဋ္ဌ တာဝန်ထမ်းရင်း၂၀၀၂ မှာ ကွယ်လွန်သွားတယ်လို့ သတင်းကြားတယ်)၊ အကိုက ကျနော့်ကိုတွေ့တော့..

“ဘယ်သွားမလို့လဲ … အိမ်ပြန်လာခဲ့ကွာ ...၊ ဘယ်မှလျှောက်မသွားနဲ့၊ ငါ အားလုံးတာဝန်ယူ ပြောပေးမယ်” တဲ့ ... ကျနော့်ကို ညကလာဆွဲတာ သူ သိဟန်မတူဘူး။ ကျနော့်ကို မဖမ်းအောင် တာဝန်ယူမဲ့သဘော သူပြောနေတာ အဝေးထွက်သွားမှာ စိုးရိမ်ဟန်တူတယ်။ ကျနော်ကတော့ အကို့ကိုဘာမှ ရှင်းပြမနေတော့ဘူး။ “ဟုတ်ကဲ့ ... ခဏလေးပါ” လို့ပဲ ကမန်းကတန်း အဖြေပေးပြီး ခပ်သုတ်သုတ် မြို့ထဲဆင်းလိုက်တယ်။ အဲဒီနေ့ဟာ ... ကျနော့်အကို ကို နောက်ဆုံး မြင်ခဲ့တာပဲ။


ပြည်ထောင်စုအဆင့် တဲ့ … (ကာတွန်း အောင်မော်)

ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ ဥရောပခရီးစဉ်

"ကျနော်အနေနဲ့က နိုင်ငံရေးကိုလုပ်မယ်ဆိုတဲ့ကိစ္စကတော့ ကျနော့် ပိုင်းဖြတ်ချက်ပါ ..."

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ထဲမှာ နိုင်ငံရေးပါတီထောင်ဖို့ စတင်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ဒီကိစ္စကို အဖွဲ့ရဲ့ ပြန်ကြားရေးက အတိအကျ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူးလို့ ပြင်သစ်နိုင်ငံမှာ ခေတ္တရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီး က ပြောပါတယ်။

သူ့အနေနဲ့ကတော့ နိုင်ငံရေးကို တစိုက်မတ်မတ် လုပ်ဆောင်သွားဖို့ပဲ ဆန္ဒရှိပါတယ်လို့ ဆိုပါတယ်။ အခု တနင်္ဂနွေနေ့ ချက်သမ္မတနိုင်ငံ Prague မြို့  Forum 2000 (www.forum2000.cz) တက်ရောက်ဖို့ရှိနေတဲ့ ဦးကိုကိုကြီး ကို ဗွီအိုအေသတင်းဌာနမှူး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။


သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (ကိုညို)

နိဒါန်း 

ဒီနေ့ အောက်တိုဘာ ၁၃ ရက်ဟာ ပြည်ပရောက်တာ၂၄ နှစ်တိတိပြည့်တဲ့နေ့။ မြန်မာပြည်ကြီးနဲ့ ခွဲလိုက်ရတာ၂၄ နှစ်တောင် ကြာသွားတယ်။ တကယ်ပါ၊ တရက်မှ ဗမာပြည်အကြောင်းမတွေးတဲ့နေ့၊ မပြောတဲ့နေ့၊ သတိမရတဲ့နေ့ဆိုတာမျိုး မရှိခဲ့ဘူး။ နေ့တိုင်း ဗမာပြည်အကြောင်း တွေးတယ်။ စာရေးတယ်။ ဗမာပြည်နဲ့ပတ်သက်ပြီး တခုခုတော့ အမြဲလုပ်ဖြစ်နေတာပဲ။ သတင်းမရေးဖြစ်တဲ့နေ့မှာတောင် အပျင်းပြေ၊ စာတပိုဒ်ဖြစ်ဖြစ် ရေးလိုက်တာပဲ။ နို့မဟုတ်ရင် ကဗျာရေး မဟုတ်လဲ သီချင်းရေး။ ဒီလိုနဲ့အလွမ်းဖြေခဲ့တာ၊ ဒီလိုနဲ့ ထွက်ပေါက်ရှာနေခဲ့တာ။

၂၄ နှစ်ပြည့်ဆိုတော့ ဘာလုပ်ရင်ကောင်းမလဲ? အမှတ်တရတခုခုတော့ လုပ်မှဖြစ်မယ်။ နိုင်ငံရေးအကြောင်း၊ ရှေးဖြစ်နှောင်းဖြစ်အကြောင်းတွေ ပြန်ဆွေးနွေးဖို့ စကားပြောဖော်လည်း မရှိဘူး။ ရင်းနှီးခင်မင်တဲ့ သူငယ်ချင်း အပေါင်းအသင်း ပြောတာပါ။ အော်စလိုက သိပ်ပျင်းစရာကောင်းတယ်။ မိတ်ဆွေတွေတော့ရှိပါရဲ့ တယောက်နဲ့တယောက်ဆုံဖို့ သိပ်ကို အားထုတ်ရတယ်။ အလုပ်ကိုယ်စီနဲ့ မအားကြဘူး။ ဥရောပ လူနေမှုဝဲဂယက်မှာ အားလုံး လည်ထွက်နေတယ်။ တဝဲလည်လည်ပဲ။


Friday, October 19, 2012

ဒီ စစ်ပွဲပြီးရင် ကျောင်း … တက် … ချင် … တယ် (မင်းခိုက်စိုးစံ)

(၁)

သေမင်းဟာ
ရိုင်ဖယ်ကို ပုခုံးမှာချိတ်
စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ် …။

(၂) 

စာအံသံတွေ ပျောက်ဆုံး
ဗုံးဆံတွေ မိုးချုန်းသလို ရွာချ …၊
အမှန်တရားတောင်ကုန်းကို
လက်နက်ကြီး အင်အားသုံးပြီး
သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ် …။

မျက်ရည်နဲ့ …
အလောင်းကောင်တွေပေါ်က ‘အမှန်တရား’
ဘယ်ပြည့်တန်ဆာကတောင်မှ
လေးစားမှာမဟုတ်ဘူး …။


မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဒဂုန်တာရာ၏ ကန့်ကွက်လွှာ

ကျေးလက်နေ ပြည်သူများခင်ဗျား 
မြို့ပြနေ ပြည်သူများခင်ဗျား 

ကျွန်တော်သည် ခင်ဗျားတို့၏ ကန့်ကွက်သံများကို ကြားနေရပါသည်။ ခင်ဗျားတို့ဒေသသားများ၏ ခံစားချက်အတိုင်း ခံစားနေရပါသည်။

တကယ်က ကျနော်တို့တိုင်းပြည်သည် သယံဇာတ အလွန်ကြွယ်ဝသော တိုင်းပြည်ဖြစ်ပါသည်။ သဘာဝအလျှောက်ရှိနေသော သယံဇာတ အရင်းအမြစ်များကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကိုလည်းကောင်း ပျက်စီးအောင်ပြုလုပ်နေခြင်းက အလွန် အကျည်းတန် အရုပ်ဆိုးသည်ဟု ထင်ပါသည်။ ထို့ကြောင့် သယံဇာတကို ထုတ်ယူမသုံးစွဲဘဲ သဘာဝ မပျက်စီးအောင်ထားရှိခြင်းက အလွန်ကောင်းပါသည်။


ငွေ (ကာတွန်း ဟန်လေး)

Thursday, October 18, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၃

ညိုသည် ရှဥ့်ကလေးများ စွေ့ခနဲ ခုန်သွားသည်ကို မော့ကြည့်လျက် ရင်ထဲပေါ့ပါးရမည့်အစား ချောင်းစပ် ရွှံ့ပြင်ထဲ လျှောက်ရသလို လေးလံခက်ခဲသော ခြေလှမ်းများဖြင့် ဖေသောင်းအပါးမှ ခွာသည်။ ဖေသောင်း လိုက်လိုစိတ်မရှိတော့ ဝါးခုံတန်းလေးပေါ် ကျွီခနဲထိုင်ချရင်း ညို့ကျောပြင်ကို လှမ်းကြည့်ရာ ဆံစရှည်များ တထွေးကြီး ရုပ်ခနဲသိမ်း၍ သူ့ကို လှည့်ကြည့်သည့်ညိုနှင့် အကြည့်ဆုံပြန်၏။

“ဆွမ်းလာပို့ရင်တောင် သင့်ပါမလား ... ငါ့သဘောကတော့ ဖေသောင်း တောပြန်သွားပြီလို့ ကျေညာလိုက်ချင်တယ်။ ဒါမှ မျက်ခြေပြတ်သွားမှာ”

မခင်အေးစကားကို သူတို့ ကန့်ကွက်ပြင်ဆင်နိုင်စွမ်းလည်း မရှိတော့။

ညိုက သူ့အား သောကအပူကြားမှ ကြိုးစားနှစ်သိမ့်သော မျက်ဝန်းများဖြင့် “ညို ပစ်တော့မထားပါဘူး၊ လစ်ရင်ကြည့်ပြီးလာခဲ့ပါမယ်” ဟု ပြောခဲ့၏။

သူ ဟန်မဆောင်စတမ်း ခြေပစ်လက်ပစ်ကျန်ရစ်ခဲ့သသည်။ ငှက်သံတွေက နားငြီး၍ ရှဥ့်ကလေးတွေကို မျက်စိနောက်စရာဟု သူ ထင်သွားပြီဖြစ်သည်။


တကယ်တော့ မင်းကိုနိုင်၏ ရွှေရတု (ကျော်သူ)

တကယ်တော့ …
ခံစားမှုဟာ အာဏာရှင်တွေ ပေါ်ပေါက်လာစေနိုင်သလို
သွေးမျိုးဆက်သစ်တွေ ပေါ်ပေါက်လာစေခဲ့တယ်။

တကယ်တော့ …
ပေါက်ကွဲမှုဟာ စည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံ ဧရာဝတီစိတ်ဓာတ်ကို မွေးဖွားနိုင်စေခဲ့တယ်။


ဓာတ်ပုံတွေရေးတဲ့ ကဗျာများ (၁)

ဘယ်ဘက်ပါးထက်
ကြက်ခြေခတ်သည်
IOC အလိုမရှိ။

ညာဘက်ပါးပြင်
သဇင်ဖူးခက်
အသက်ထက်တောင် ချစ်ကြပုံ။

မိုးလေထဲတွင်
တို့ တွေ့မြင်သည်
ရှင်သာရခိုင်တန်ဆောင်ပ။

မောင်လွမ်းဏီ 
၁၀-၁၀-၂၀၁၂


 

ပြဿနာ … (ကာတွန်း အောင်မော်)

Sunday, October 14, 2012

အားနာခဲ့ကြောင်း မပြောလိုသေးပါ (မောင်ဝံသ)

ပြည်သူ့ခေတ်ဂျာနယ် စထွက်ချိန် ၂၀၁၀ ဇူလိုင်လကစလို့ ကျွန်တော့်ရဲ့ ပြောချင်လွန်းလို့ ကော်လံကိုဖွင့်ပြီး ရေးခဲ့တာ ပင်တိုင်ကဏ္ဍခေါင်းစဉ်နဲ့ လျော်ညီစွာ ကျွန်တော် ပြောချင်လွန်းနေတဲ့ အကြောင်းအရာတွေကိုချည်းပဲ ရေးခဲ့တာ များပါတယ်။ ယခုတစ်ပတ်တော့ မပြောချင်တဲ့စကားကို ဒီကဏ္ဍကပဲ ပြောရပါတော့မယ်။ အခြား မဟုတ်ပါ။ ကျွန်တော့် ကျန်းမာရေးအခြေအနေ ဖြစ်ပါတယ်။ ၃ အောက်တိုဘာ ၂၀၁၂ နေ့မှာ ကျွန်တော့်ရဲ့ Facebook လူမှုစာမျက်နှာမှာ ကျွန်တော်ကိုယ်တိုင်ပဲ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့လို့ Facebook ပရိသတ်များကတော့ သိထားကြပါပြီ။

ကျွန်တော့် ကျန်းမာရေးဆေးစစ်ပြီး အခြေအနေ (မောင်ဝံသ)

မိတ်ဆွေများ ခင်ဗျာ ...

ကျွန်တော် ကျန်းမာရေးဆေးစစ်ဖို့ စင်ကာပူကို စက်တင်ဘာ ၃၀ ရက်က ရောက်ပါတယ်။ အောက်တိုဘာ ၁ နဲ့ ၂ နှစ်ရက် ဆေးစစ်မှုတွေ ပြုလုပ်ပါတယ်။

အောက်တိုဘာ ၃ မှာ အဖြေတွေ ရပါတယ်။ Mt Elizabeth ဆေးရုံက အဆုတ်ပါရဂူ ဆရာဝန်ကြီး Dr Philip Eng က အဆုတ်ကင်ဆာလို့ ဆုံးဖြတ်ပါတယ်။


ဓာတ်ပုံတွေရေးတဲ့ ကဗျာများ (မောင်လွမ်းဏီ)

ဒီမှာ ဆရာမ
ကျုပ်တို့တတွေက
တာဝန်အရ
အာဏာပိုင်ရဲ့ အမိန့်အရ။

အော
ကျွန်မကတော့ ဆရာမပဲ
ဖြိုလှဲမှာက ကျောင်းကိုလား
ငိုပွဲရှာမဲ့ ခလေးတွေလား
ပြိုကွဲကမ္ဘာရဲ့ နှလုံးအိမ်လား။


ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေး (ဟံသာဝတီ ဦးဝင်းတင်)

ဒီရက်ပိုင်းအတွင်း မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ်မှာ ဆန်းဆန်းထူးထူး စာတစ်ပုဒ် ဖတ်လိုက်ရတယ်။ တိုတိုပြောရရင် ဒီလိုဗျာ။ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့စာက ဂျာနယ်တွေထဲ၊ သတင်းစာတွေထဲမှာ ဖတ်ရလေ့ မရှိတဲ့စာဗျ။ ရေးတဲ့သူက ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ‘ကျောင်းသားလှုပ်ရှားမှု’ ဆိုတဲ့ ဧရာမကျမ်းကြီးကို ပြုစုခဲ့သူ။ သူ့နာမည်က ကိုအောင်ထွန်း။

ကိုအောင်ထွန်းကို စစ်အာဏာရှင်အစိုးရက တစ်ချိန်က ဖမ်းဆီးခဲ့တယ်။ ချုပ်နှောင်ခဲ့တယ်။ ပြီးတော့ ထုံးစံအတိုင်းပေါ့။ ညှဉ်းပန်းခဲ့တယ်။ နှိပ်စက်ခဲ့တယ်။ အားလုံးပြီးတော့ ဆိုပါစို့။ ထုံးစံအတိုင်း သံတိုင်နောက်က ထောင်ငရဲခန်းထဲ သွင်းလိုက်တယ်။ ထုံးစံအတိုင်း ထောင်ထဲမှာ နှစ်ပရိစ္ဆေဒတွေ အကြာကြီး ပိတ်လိုက်တယ်။ ထုံးစံအတိုင်း သူ့ကို လူ့ငရဲခန်းထဲ ပိတ်ထားခိုက် စစ်ထောက်လှမ်းရေး ယမမင်းတို့ လုပ်ကြံမှုတွေ စိတ်ကြိုက်လုပ်ကြတယ်။


သူစိမ်းများ (ကမာပုလဲ)

သူစိမ်းဆံလာမှုတွေထဲမှာ
ကိုယ်ရှုရှိုက်နေရတဲ့ ရှင်သန်မှုအသက်လေ
ကိုယ့်ကို သူစိမ်းဆံလာမှုဟာ ဆိုးတယ် …။

သူစိမ်းဆံလာမှုတွေထဲမှာ
တောကြီးမျက်မည်းထဲက တဲအိမ်ငယ်ကလေး
အခြေပျက် အနေပျက်
ကိုယ့်ကို ချစ်ရဲ့နဲ့
ထွေးပိုက်ထားဖို့ ခက်လာတဲ့ အရေးဟာ ဆိုးတယ် …။

သူစိမ်းဆံလာမှုတွေထဲမှာ
တအိုးထဲ စား
ကြမ်းတပြေးထဲ အိပ်
တအိပ်မက်တည်း အတူတူ မက်ခဲ့တဲ့ ဘဝများ
စည်းပျက်ဝါးပျက် ပြိုကွဲနေကြတာဟာ ဆိုးတယ် …။


ပုဒ်မ (ကာတွန်း အောင်မော်)

ရိုးသားသော စစ်ဗိုလ်တစ်ဦး (ဒဂုန်တာရာ)

ဂျပန်ခေတ် စမ်းချောင်းရှိသူ့ အိမ်တွင် ကျွန်တော်နှင့် ဗိုလ်စကြာကို ထမင်းကျွေးဖူးသည်။ ဗိုလ်စကြာနှင့်သူက ခင်မင်သည်။ ကျွန်တော်က ဗိုလ်ကျောဇောနှင့်တော့ မရင်းနှီး။ သူက ကြည့်မြင်တိုင် ဆရာဖြစ်သင်တန်းကျောင်းတွင် နေသူဖြစ်ပါသည်။ ထမင်းစားပွဲတွင် ဗိုလ်စကြာ၊ ဗိုလ်ကျော်ဇောနှင့်အတူ နိုင်ငံရေးအကြောင်းပြောဖြစ်သည်။ ထိုထမင်းစားပွဲတွင် ဗိုလ်စကြာက ကျွန်တော့်အတွက် ခရမ်းရောင် ဘန်ကောက်လုံခြည်တစ်ထည် လက်ဆောင်ပေးသည်။ ဒါကို ဗိုလ်ကျော်ဇောကကြည့်ကာ ငေးမောနေသည်။

ကျွန်တော်က ဗိုလ်ကျော်ဇောထက် သူ့သားတွေ၊ မြေးတွေနှင့် ရင်းနှီးသည်။ သူ့သားတွေ၊ မြေးတွေက ကျွန်တော့် စာဖတ်ပရိသတ်။ သူ့သားအကြီးတစ်ယောက်က ကောလိပ်ကျောင်းသားဘဝကတည်းက ကျွန်တော်နှင့် ရင်းနှီးသည်။ ကျွန်တော်နေသောအိမ်မှာလည်း ကောလိပ်ဂျင်နေဝင်းအိမ်ဖြစ်သဖြင့်လည်းကောင်း၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏သမီးဖြစ်သဖြင့်လည်းကောင်း သူတို့နှင့်ပါ ရင်းနှီးကြသည်။ သူ့သား ကျွန်တော် နာမည်မမှတ်မိတော့၊ အောင်ကျော်ဇောဖြစ်မည် ထင်ပါသည်။ သူ တောမခိုခင်က ကျွန်တော့်ထံလာသွားတာ မှတ်မိနေသည်။ သူနှင့်လည်း ပြန်မဆုံဖြစ်။ အသံလှိုင်းတွေမှာတော့ သူ့အသံ တစ်ခါတစ်ရံ ကြားရသည်။