Thursday, October 18, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၃

ညိုသည် ရှဥ့်ကလေးများ စွေ့ခနဲ ခုန်သွားသည်ကို မော့ကြည့်လျက် ရင်ထဲပေါ့ပါးရမည့်အစား ချောင်းစပ် ရွှံ့ပြင်ထဲ လျှောက်ရသလို လေးလံခက်ခဲသော ခြေလှမ်းများဖြင့် ဖေသောင်းအပါးမှ ခွာသည်။ ဖေသောင်း လိုက်လိုစိတ်မရှိတော့ ဝါးခုံတန်းလေးပေါ် ကျွီခနဲထိုင်ချရင်း ညို့ကျောပြင်ကို လှမ်းကြည့်ရာ ဆံစရှည်များ တထွေးကြီး ရုပ်ခနဲသိမ်း၍ သူ့ကို လှည့်ကြည့်သည့်ညိုနှင့် အကြည့်ဆုံပြန်၏။

“ဆွမ်းလာပို့ရင်တောင် သင့်ပါမလား ... ငါ့သဘောကတော့ ဖေသောင်း တောပြန်သွားပြီလို့ ကျေညာလိုက်ချင်တယ်။ ဒါမှ မျက်ခြေပြတ်သွားမှာ”

မခင်အေးစကားကို သူတို့ ကန့်ကွက်ပြင်ဆင်နိုင်စွမ်းလည်း မရှိတော့။

ညိုက သူ့အား သောကအပူကြားမှ ကြိုးစားနှစ်သိမ့်သော မျက်ဝန်းများဖြင့် “ညို ပစ်တော့မထားပါဘူး၊ လစ်ရင်ကြည့်ပြီးလာခဲ့ပါမယ်” ဟု ပြောခဲ့၏။

သူ ဟန်မဆောင်စတမ်း ခြေပစ်လက်ပစ်ကျန်ရစ်ခဲ့သသည်။ ငှက်သံတွေက နားငြီး၍ ရှဥ့်ကလေးတွေကို မျက်စိနောက်စရာဟု သူ ထင်သွားပြီဖြစ်သည်။


တိတ်ဆိတ်သော နွေညကို သည်းမခံနိုင်သည့်နှယ် ဒေါ်တင်တင် ယပ်ခပ်ရင်း စကားစ၏။

“မျောက်လွှဲကျော်တကောင်လည်း ပျောက်နေပါလား ... အိမ်က မျောက်ညို ကျွဲမနဲ့ပေါင်းပြီး ကို့ယို့ကားရားတွေ လုပ်တာမမြင်ရတော့ ခပ်ခြောက်ခြောက်ကြီး”

တဝူးဝူး မြည်နေသော ရေဒီယိုလှိုင်းကို ဖမ်းနေရာမှ ဦးခင်ရွှေမှာ ဒေါ်တင်တင်စကားကို “ခြေကုန် လက်ပမ်းကျနေပြီ ထင်တယ်” ဟု ထင်မြင်ချက်ပေး၏။ ခြင်ထောင်ထဲဝင်ပြီး လူးလူးလိမ့်လိမ့် မအိပ်နိုင်သေးသော ညိုမှာ အသာထ၍ အခန်းတွင် ပြူတင်းဝမှာ ထွက်ရပ်သည်။ နွေညသည် လမရှိ၊ ကြယ်များဖြင့်သာ နှစ်သိမ့်အလှဆင်နေရသည်။

သူမ ကြယ်ပွင့်များကိုငေးလျက် တကိုယ်ရည် အသံမဲ့စကား ပြောဆိုမိ၏။

‘ကြယ်တွေမှာလည်း ကြယ်လူကြီး ကြယ်ကလေးတွေရှိတယ်
ဓူဝံကြယ်က အဖိုးကြီးမို့ တနေရာထဲ ငုတ်တုတ်ထိုင် စဉ်းစားနေတာပေါ့
ခုနှစ်စင်ကြယ်က ကလေးတွေမို့ ကုန်းပိုးစီးတမ်းကစားနေကြတာ၊
အခြေမခိုင်ဘဲ လိမ့်ကျသွားတဲ့ ကြယ်တွေ မြင်ဖူးပါတယ်
ဒါပေမယ့် အဲဒီထဲမှာ လူတွေအတွက် အသုံးတဲ့လို့
နာမည်မှည့်ခံထားရတဲ့ ကြယ်တွေ တပွင့်မှ ပါမသွားဘူး
တကယ်တော့ ကြယ်တွေရဲ့ဘဝမှာ အဖော်နီးတာ အဖော်ဝေးတာ
အရေးမကြီးပါဘူး
လောကအတွက် အသုံးဝင်တဲ့ ကြယ်
ဘယ်တော့မှ မကြွေတာ သေချာပါတယ်'

ထိုစကားကို သူမ ဘာကြောင့် ဖေသောင်းအား ပြောချင်နေမှန်း မသိ။ သို့ကြောင့်ပင် စာအုပ်နှင့် ဘောပင်ယူ၍ ထိုအတိုင်း ရေးချမိသည်။

xxxxx xxxxx xxxxxx 

လက်ကမ်းစာစောင်ကို အပြီးသတ်ဒီဇိုင်း ပြင်ဆင်ပြီးပြီ။

ထွန်းသက်နှင့် သူရတို့ပေးခဲ့သော စာမူများအားလုံးထည့်ပြီးသည့်တိုင် သူ့မှာ အလုပ်မရှိဖြစ်နေ၍၊ စာစောင် မျက်နှာစာကို အနားကွပ်ဒီဇိုင်း အကျအန ထပ်ဆွဲနေမိသည်။ စာစောင်အတွက် လိုအပ်သော သင်္ကေတများ ပြည့်စုံပါလျှက် သူထိုင်ရာမှ မထဖြစ်သေး။ နေခြည်နုပြောက်ကြားဝင်နေသော တောရကျောင်း ရှုခင်းကို အညောင်းဆန့်ရင်း ကြည့်နေမိ၏။

အုန်းသိန်းက စိတ်ချရတာ မဟုတ်ဘူး ... နောက်က လိုက်ချောင်းနေလို့ နေရာပါသိသွားဦးမယ်ဟု ညိုပြောခဲ့ဖူးပြီမို့ ဆွမ်းချိုင့်ပို့ရန် မရောက်လာသည့်နေ့များကိုလည်း သူ အပြစ်မတင်မိတော့။

တကိုယ်ထဲ ဧကစရီကျင့်သားရနေပြီးကာမှ သိကြားမင်းလွှတ်လိုက်သော အမ္ဗုလာနတ်သမီးကြောင့် ကျင့်နေသော တရားများပျက်ခဲ့ရသည့် ရသေ့တပါးအကြောင်း သူ ဖတ်ရှုမိရင်း မပြုံးချင်ဘဲ ပြုံးမိသည်။

နားထဲတွင် ကြားယောင်သည်လား။ မှတ်မိနေသော စက်ဘီးခေါင်းလောင်းသံက ချွင်ခနဲ မြည်လိုက်သည်မှာ သူ ကြားဖူးချင်းမရှိသော နတ်စောင်းသံပင် မီမည်မထင်။ တကယ်ပင် ကျောင်းဝင်းထဲ ချိုးကွေ့ဝင်လာသော ခရမ်းနုရောင် ဝတ်စုံဖြင့် ဆံနွယ်များ ဝင့်ခနဲလွင့်လာသည့်အရိပ်ကို လှစ်ခနဲ လှမ်းမြင်လိုက်ရသည်။

သူ စာစောင်မူကို သိမ်းလိုက်ပြီး ရောင်စုံကျောက်တုံးများ မညီမညာပုံနေသည့် ရေမြောင်းနံဘေး ကြိုရပ်လိုက်သည်။ ညိုမှာ သူ့အပါး စက်ဘီးဒေါက်ထောက်ရင်း “ပျင်းနေပြီလား”ဟု ဂရုဏာငွေ့ဆိုင်းသော လေသံဖြင့် မေး၏။

“အဖော်ရှိပါတယ်၊ အထီးကျန်ခြင်းလေ”

မရယ်မပြုံး သူ့အဖြေကို ညို နားလည်လောက်သောမျက်နှာဖြင့် “အခြေအနေအရ လစ်မှလာရတာ” ဟု ပြောသည်။ “ကိစ္စ မရှိပါဘူး။ နားလည်ပါတယ်” ဟု သူပြန်ဖြေရာ ညိုက “ထမင်းကို မျှော်တာထက် အဖော်ကို တမ်းတနေမှာ ညို နားလည်ပါတယ်” ဟု စာနာသံဖြင့်ပြောကာ သူ့အား မော့ကြည့်သည်။

ရေကြည်ကြည်များ ခပ်ပါးပါးစီးနေသော တတောင်ခန့် ကျောက်စရစ် မြောင်းကလေးနံဘေး သူမ လက်နှစ်ဖက် ပုဝါပြာနှမ်းနှမ်းအရောင်ကို စုကိုင်ကာ ရပ်နေသည်။ ချောင်းကမ်းဘက်မှ တက်လာသော လေကပင့်ထူထား၍ သူမ ဆံနွယ်များနှင့် ပုဝါပါးပြာပြာကလေးမှာ ရောထွေးယှက်ယှက် ရုန်းထွက်ချင်နေကြ၏။

“တကယ်လို့ နွယ်မျှင်လေးတွေနဲ့တူတဲ့ မျက်လုံးတစုံသာ အထီးကျန်ခြင်းမှာရှိမယ်ဆိုရင် ကိုယ်တယောက်ထဲ အမြဲနေရဲပါတယ်”

သူမ မျက်ဝန်းများကို လွမ်းဆွတ်စွာ ငုံ့ကြည့်ရင်း ပြောသည့်စကားကြောင့် နီးရာကို တွယ်ရစ်သည့်နွှယ်ပင်လေးများအား ညို မြင်ယောင်လျက် ရှက်ခြင်းမဟုတ်သော သေချာသော ခံစားမှုတခုကို နွေးထွေးစွာခံလိုက်ရသည်။ ကျောက်စရစ်ပုံပေါ်တင်ထားသည့် ဆွမ်းချိုင့်ကို လှမ်းယူရန်ကြံမိပါလျက် မလှုပ်ရှားဖြစ်ဘဲ သူ့စကားကိုသာ ဆက်လာနိုးနိုး မျှော်မိ၏။

“အပြင်မှာ နေပူလှပြီ၊ နေ့ဆွမ်းစားချိန်ဆိုတော့ ညို နေပူထဲလာခဲ့ရတာ ချွေးတွေတောင်စို့လို့ ညို ပင်ပန်းတာကို ကိုယ်စိတ်မကောင်းပေမယ့် ကိုယ်ဝမ်းသာမိတာကိုတော့ ပြောပါရစေ ညိုရယ်”

“အရင်နေ့တွေကလည်း လာချင်ပါတယ်၊ သတိလည်းရနေတာပဲ မဖြစ်သေးလို့ပါ”

“ဟုတ်ပါတယ် လာလာ ဆွမ်းအရင်ကပ်လိုက်ကြရအောင်”

သူတို့ ချိုင့်ဆွဲ ကျောင်းပေါ်တက်မည်အပြု ဆွမ်းစားချိန်သာ ကျောင်းသို့လာ၍ ဝေယျာဝစ္စပြုလေ့ရှိသော ကျောင်းသားလေး ပြေးလာယူရင်း ဆရာတော် ရေချိုးနေတယ်ဟု ပြော၏။ သူတို့ကျောင်းပေါ်မတက်ဖြစ်ဘဲ ရေကြည်မြောင်းနံဘေးသာ ပြန်လျှောက်လာကြသည်။ တောင်ပိန္နဲပင်ကလား၊ ဒူးရင်း သြဇာပင်ကလား မသိ၊ ရနံ့သင်းသင်းဖြင့် မွန်းထုံနေသောနေရာဝယ် “ညိုတို့ အဖေနဲ့ အမေက ဆွမ်းမပို့ခိုင်းဘူးလား” ဟု သူ မေးသည်။

“ခိုင်းတာပေါ့၊ ညိုလည်း အမှန်အတိုင်းပဲ ပြောလိုက်တော့တယ်။ နို့မဟုတ်ရင် ဟိုတယောက် အန္တရာယ်ကို မသိဘဲနေမှာ စိုးလို့”

“အဲဒီတော့”

“အဲဒီတော့ အမေတို့ကလည်း တခါတလေမှ သွားချင်သွားပေါ့တဲ့၊ သိသွားလို့ မဖြစ်ဘူးတဲ့ …”

“အင်းလေ ... ကြောက်ကြမှာပေါ့ ... ကိုယ် နားလည်ပါတယ်”

သူ့စကားကြောင့် ညို ဆတ်ခနဲ မော့ကြည့်သည်။ ညို့မျက်လုံးများ အရောင်မှိန်၍ …

“ဒီလိုမဟုတ်ပါဘူး ... ကိုဖေသောင်းအတွက်ပါ။ ညိုတို့က ရှောင်ပြောရင် ရပါတယ်”

သူက သြော် ဟုသာ မှားမှန်းသိ၍ အားတုံ့အားနာ ဖြစ်မိသည်။ ညို ခြေလှမ်းကိုရပ်၍ ...

“ညိုတို့ စေတနာကို နားမလည်ဘူး၊ ဟိုက စပ်စုနေပြီ၊ ဒီထက်ပို မသင်္ကာဖြစ်ပြီး ဇွတ်စုံစမ်းရင် ဘယ်သူ ဒုက္ခရောက်မှာလဲ ညို ပြောတာလည်း နားမလည်ဘူး။ ဟိုက ဘယ်လောက်တောင် သိချင်နေတယ်မှတ်သလဲ။

ညိုသည် မထူးတော့ပြီဖြစ်၍ အဘမောင်မြင်ခဲ့သော အုန်းသိန်းတယောက် တကောက်ကောက် ချောင်းနေပုံကို ပြန်ပြောပြလိုက်သည်။ သူ အံ့သြပြီး ဟုတ်လားဟုသာ မေး၏။

“ညိုလည်း လာချင်တာပေါ့၊ ညိုတို့နှစ်ယောက်ပေါင်းမှ ပျော်စရာကောင်းတာပါ။ ညိုတယောက်ထဲ အိမ်မှာပျော်နေတယ် ထင်လို့လား” ဟု ဝမ်းနည်းသံဖြင့် မေး၏။

သူသည် ညို့မျက်ဝန်းများကို သေချာကြည့်၍ …

“ဒီမှာညို ကိုယ် မှားသွားပါတယ်၊ ကိုယ်ပြောတာ နားထောင်ပါဦး။ ဟောဒီ ရေကြည်မြောင်းကလေးကိုကြည့် ကြည်လင်ပြီး အောက်က ကျောက်ရောင်စုံတွေကို မြင်နေရတာ … ဟိုမှာ ဟိုမှာ ဒေါင်းငါးလေး တွေ့လား၊ ရေမှော်ပင်ကလေးတွေ စိမ်းလို့ ... ကြားထဲမှာ ဘယ်လောက်ကြည်နူးစရာကောင်းလဲ … ညို့မျက်လုံးလေးက အရင်ကဆို အဲဒီလိုပဲ အမြဲကြည်လင် ကြည်နူးစရာကောင်းတာပါ။ ကိုယ့်ကြောင့်ဖြစ်ဖြစ် ဘယ်သူ့ကြောင့်ဖြစ်ဖြစ် ဟိုချောင်းရေလို မနောက်ကျိသွားစေချင်ဘူး။ ဒါ ကိုယ့်ဆန္ဒအမှန်ပါ ညိုရယ် … ကိုယ်မှားသွားတာ စိတ်ထဲမထားပါနဲ့တော့၊ ညို့မျက်လုံးလေး ဒီရေကြည်မြောင်းလို ကြည်နေတာပဲ တွေ့ပါရစေ ...”

သူ့စကားကြောင့် ညိုမှာ သူ့အား မော့ကြည့်ပြန်၏။ ခရမ်းနုရောင်အင်္ကျီ ခရမ်းပြာရောင် ပွင့်ယှက် ထမိန်နှင့် ညို၏ခန္ဓာမှ အရောင်များဟပ်နေသော ရေကြည်မြောင်းလေးလိုပင်။ ညိုမျက်လုံးများ ခရမ်းပြာလဲ့လဲ့သန်းလာကာ အနည်ထိုင်လာ၍ ကြည်လင်လာသည်ဟု သူ မြင်သည်။

ဖျတ်ခနဲ သူတို့ခြေရင်း ပြုတ်ကျလာသောအရာအား ညို ထိတ်လန့်၍ ခြေကိုရုတ်ကာ လှမ်းကြည့်သည်။ ပုတ်သင်ညို ခေါင်းစိမ်းတကောင် မြေပေါ်ကြပြီး ထွက်မပြေးဘဲ ခေါင်းတငြိမ့်ငြိမ့် လုပ်ပြနေသည်ကို တွေ့ကြရ၏။ သူ ညိုအား လှည့်ကြည့်၍ ပြုံးပြသည်။

ညို့နှုတ်ခမ်းများ မပြုံးခင် မျက်လုံးများ အရင်ပြုံးလာသယောင်ယောင်။

xxxxx xxxxx xxxxx 

ဆက်လက်ဖော်ပြပါမည်။ 


 

No comments: