Saturday, October 20, 2012

သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၂ (ကိုညို)

(၁) 

ခြံရှေ့က စစ်ကား ၂ စီးထွက်သွားပြီး တအောင့်ကြာတော့ ကိုယ့်ရဲဘော်တချို့ ခြံထဲပြေးလာတယ်။ ကျနော့်ကိုတွေ့တော့ ဝမ်းသာသွားတယ်။ သူတို့က တဖက်ခြံတွေမှာ အိပ်ကြတာ။ ည ၈ နာရီ အိမ်ပြင်မထွက်ရဆိုတဲ့ ကာဖျူးအမိန့်က တမြို့လုံးကို သင်္ချိုင်းကုန်းလို ငြိမ်သွားတာစေတာကိုး ...။ ကားသံကြားရင် သေချာတယ်၊ စစ်ကားပဲ။ ခြံထဲ စစ်သားတွေ ဝင်လာပြီဆိုကတည်းက ကျနော့်ကို သေချာပေါက်ဆွဲသွားပြီ ထင်တာ။ အဲဒီညတော့ ခြံနဲ့ကပ်ရက် သူငယ်ချင်းအိမ်မှာ အိပ်လိုက်တယ်။ ဒါပေမဲ့ ဘယ်အိပ်ပျော်မလဲ၊ ဘာဆက်လုပ်ရင်ကောင်းမလဲ တွေးနေတာနဲ့ မိုးလင်းခါနီးမှ သတိပြတ်၊ အိပ်ပျော်သွားတယ်။

မနက်လင်းတာနဲ့ ကိုယ်နေတဲ့ (မြောက်ကုန်း) ကနေ မြို့ထဲဆင်းတယ်။ လမ်းဆုံမှာ မမျှော်လင့်ဘဲ အကိုကြီးနဲ့ တွေ့တယ်။ (ကျနော့်အကို၊ ကိုတင်မောင်က ဈေးသပိတ်သမဂ္ဂ ခေါင်းဆောင်တယောက်ပါ၊ နိုင်ငံရေးတက်ကြွတယ်၊ အဟောအပြောကောင်း၊ ဟာသထုတ်တာ၊ အရွှန်းဖောက်တာ သိပ်ကောင်းတယ်၊ မိတ်ဆွေအပေါင်းအသင်း များတယ်၊ နောက်ပိုင်း မြို့နယ် NLD ဒုဥက္ကဋ္ဌ တာဝန်ထမ်းရင်း၂၀၀၂ မှာ ကွယ်လွန်သွားတယ်လို့ သတင်းကြားတယ်)၊ အကိုက ကျနော့်ကိုတွေ့တော့..

“ဘယ်သွားမလို့လဲ … အိမ်ပြန်လာခဲ့ကွာ ...၊ ဘယ်မှလျှောက်မသွားနဲ့၊ ငါ အားလုံးတာဝန်ယူ ပြောပေးမယ်” တဲ့ ... ကျနော့်ကို ညကလာဆွဲတာ သူ သိဟန်မတူဘူး။ ကျနော့်ကို မဖမ်းအောင် တာဝန်ယူမဲ့သဘော သူပြောနေတာ အဝေးထွက်သွားမှာ စိုးရိမ်ဟန်တူတယ်။ ကျနော်ကတော့ အကို့ကိုဘာမှ ရှင်းပြမနေတော့ဘူး။ “ဟုတ်ကဲ့ ... ခဏလေးပါ” လို့ပဲ ကမန်းကတန်း အဖြေပေးပြီး ခပ်သုတ်သုတ် မြို့ထဲဆင်းလိုက်တယ်။ အဲဒီနေ့ဟာ ... ကျနော့်အကို ကို နောက်ဆုံး မြင်ခဲ့တာပဲ။


သပိတ်ကာလ အရေးပေါ်ဆုံနေကျ ဈေးထိပ်က ကိုမြင့်လွင်စာအုပ်ဆိုင်ကို ကျနော် ချက်ချင်းသွားတယ်။ မျှော်လင့်ထားတဲ့အတိုင်း ဆိုင်နောက်ဖေးစားပွဲမှာ လက်ဖက်ရည်သောက် စကားပြောနေတဲ့ ရဲဘော်ကြီးတွေကို တွေ့ရတယ်။ သူတို့က သတင်းကြိုရပြီးပြီ။ သူတို့အားလုံး ကျနော့်ထက် အသက်ကြီးတဲ့ စီနီယာသမားတွေ။ ရှေ့နေ၊ ဆရာဝန်နဲ့ ဝန်ထမ်းအရာရှိတချို့လည်း ပါတယ်။ အားလုံး ငြိမ်ငြိမ်သက်သက်ပဲ၊ ကျနော့်ကိုမြင်တော့ နေရာတခုံပေးတယ်။ အားလုံးက ကျနော့်ကိုပဲ ကြည့်နေတယ်။ စောစောကတည်းက ကျနော်နဲ့ပတ်သက်ပြီး တခုခု ကြိုတင်ဆွေးနွေးထားပုံ ရတယ်။

ရှေ့နေ ကိုအုန်းကြိုင်ကပဲစပြီး “ဘယ်လိုဖြစ်တာလဲ” လေသံအေးအေးနဲ့ မေးတယ်။ ကျနော် ရှင်းပြတယ်။ “မင်း ဘာဆက်လုပ်မယ် စဉ်းစားလဲ”

“ကျနော် ဒီမှာဆက်နေလို့မဖြစ်ဘူး ထင်တယ်”

“အဲဒီတော့ ဘယ်သွားမယ် စဉ်းစားထားလဲ၊ ဘာလုပ်ပေးရမလဲ”

ကျနော့်ခေါင်းထဲမှာ ဆရာထူးမှာထားတာ သတိရတယ်။

ဆရာထူးဆိုတာ (ဆရာဦးရွှေထူး၊ မန္တလေး၊ ပြီးခဲ့တဲ့လကမှ တောင်ကြီးထောင်ကနေ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား၊ ဆရာထူးအကြောင်း အဲဒီလင့်မှာ ရေးထားတယ်။

http://www.kaungkin.com/index.php?option=com_content&view=article&id=707:2012-01-25-02-49-38&catid=35:2009-04-17-01-29-53&Itemid=61)

ကျနော်တို့ အထက်တန်းကျောင်းသားဘဝက ကျောင်းဆရာဆရာထူး၊ မန္တလေးပြောင်းသွားတာကြာပြီ။ သပိတ်ကာလက ကျနော် မန္တလေးဆင်းပြီး သပိတ်အဖွဲ့သမဂ္ဂတွေ၊ ရဟန်းပျိုတွေနဲ့ အချိတ်အဆက်တွေသွားလုပ်တော့ မန်းတက္ကသိုလ် အထွေထွေသပိတ်ကော်မတီ ဒုဥက္ကဋ္ဌ ဦးရွှေမှူး (အင်္ဂလိပ်စာကထိက၊ ကွယ်လွန်၊ ဆရာဦးရွှေထူးအကို) အိမ်မှာ ဆရာနဲ့ ပြန်ဆုံတယ်။ ကျောက်မဲက ကျနော်တို့လှုပ်ရှားနိုင်ဖို့ ရန်ကုန်၊ မန္တလေး နိုင်ငံရေးအခြေအနေနဲ့ ပြောင်းလဲနေတဲ့ ကြွေးကြော်သံ၊ တောင်းဆိုချက်တွေကို ဆရာထူးက နေ့စဉ်သတင်းပေးနေတာပါ၊ ဆရာက ကျနော့်ကို သေချာမှာထားတယ်။

“အခြေအနေက သိပ်တော့မကောင်းဘူး၊ စစ်တပ်က လူထုဘက်မှာ ပြောင်ပြောင်တင်းတင်း မရပ်သေးဘူး။ အဲဒီတော့ တခုခုဖြစ်ရင် မန္တလေးသာ ဆင်းလာခဲ့၊ ဟိုဟိုဒီဒီ အဖွဲ့တွေဆီမသွားနဲ့ ဒီပဲလာခဲ့” တဲ့၊ ကျနော့်ခေါင်းထဲမှာ အဲဒါ ရှိနေတယ်။ ဒါနဲ့ပဲ ...

“ကျနော် မန္တလေးဆင်းမယ်” လို့ အဖြေပေးလိုက်တယ်။ ရဲဘော်ကြီးတွေက ... လိုအပ်တဲ့ငွေ ထုတ်ပေးတယ်။

“ဒီကနေ စခန်းသာမြို့အထိ တောလမ်းအတိုင်း ခြေကျင်နဲ့သွား၊ စခန်းသာအဝင်မှာ ကားတစီးစောင့်နေမယ် ကဲသွားတော့ ငါတို့ စီစဉ်ထားလိုက်မယ်”

တကယ်လို့ ကျနော့်ကို စစ်တပ်ကမိရင် ကျနော့်နောက်ကွယ်မှာ တိတ်တဆိတ်ရှိနေတဲ့ သူတို့ အန္တရာယ်လည်းရှိတာမို့ ကျနော်လွတ်မြောက်နေတာ အကောင်းဆုံးလို့ ကျနော်လည်း စဉ်းစားထားပါတယ်။ ဒါနဲ့ ... သူငယ်ချင်း တိုးမြင့်သိန်း အိမ်ကို သွားတယ်။ သူက လမ်းပြအဖော်တယောက် ရှာပေးတယ်၊ သူ့အဖေ ရှမ်းဘောင်းဘီ အဟောင်းတထည် ထုတ်လာပြီး ဝတ်ခိုင်းတယ်၊ တိုးမြင့်အမေက အောက်ထပ်ကတက်လာပြီး ရှမ်းခမောက်တလုံး လာပေးတယ်။

“ကျနော် သွားတော့မယ် ဒေါ်ဒေါ်၊ ကျနော့် မိဘတွေလိုသဘောထားပြီး ကန်တော့ခဲ့ပါတယ်”

ကျနော် ထိုင်ကန်တော့လိုက်တယ်၊ ဒေါ်လေးပါးစပ်ကနေ အသံထွက်ပြီး ဆုတောင်းပေးတယ်၊ မျက်ရေလည်နေတာလည်း သတိထားမိတယ်။ တခါမှ မဆောင်းဖူးတဲ့ ရှမ်းခမောက်နဲ့ မဝတ်ဖူးတဲ့ ရှမ်းဘောင်းဘီဝတ်ပြီး ကျနော့်ကို လိုက်ပို့ပေးမယ့် သူငယ်ချင်း ညီထွေးနဲ့အတူ လမ်းကြားတခုကနေ လမ်းပြကို စောင့်နေတယ်။ စခန်းသာမြို့အထိ ဖြတ်လမ်းကသွားဖို့ လမ်းပြလိုတယ်။

ကျနော့်နားကို စက်ဘီးတစီးနဲ့ လူငယ်တယောက် ကပ်လာတယ်။ တိုးတိုးလေးကပ်ပြီး ...

“ကိုညို ... ကျနော်တို့ ဘာဆက်လုပ်ကြမလဲ” တဲ့။

ငါ့နှယ် ... သေလိုက်ပါတော့ ...၊ ရှမ်းဘောင်းဘီ၊ ရှမ်းခမောက်နဲ့ ရုပ်ဖျက်ထားပါတယ်ဆိုမှ မှတ်မိနေတဲ့ကောင်က ရှိသေးတယ်။

“အင်း ... လောလောဆယ် ... ဝပ်နေကြအုံး ...၊

“တခုခုတော့ ဆက်လုပ်ရမယ် ... အားလုံးကို အဲလိုပဲ ပြောပြထားအုံး” ခပ်တည်တည်ပဲ မှာလိုက်တယ်။

တကယ်တော့ ဘာမှမရေရာဘူး၊ ဘာမှလည်း မပြင်ဆင်ထားဘူး၊ တနေ့ စစ်အာဏာသိမ်းလိမ့်မယ်လို့ ထင်ထား၊ တွက်ထားတာရှိပေမယ့် ကျနော်တို့တတွေ၊ တပါတီအာဏာရှင်စနစ်ကို အကြမ်းမဲ့နည်းနဲ့ ဖြိုဖျက်နိုင်မယ်လို့ပဲ ခပ်လွယ်လွယ် ယုံကြည်ခဲ့ကြတယ်။

စစ်တပ်ရဲ့ရပ်တည်ချက်ကို သိပ်မကြိုက်လှပေမယ့် အဲဒီအတွက် ဘာမှကြိုတင်ကာကွယ်တဲ့ အစီအစဉ်တွေ မလုပ်ခဲ့ဘူး။ တပ်ကိုလည်း မစည်းရုံးခဲ့ဘူး၊ စစ်တပ်ကလည်း အကပ်မခံဘူး။ ပြောမယ့်သာ ပြောတယ်၊ တကယ်တမ်းဆို အဲလိုပြင်ဖို့ လုံလောက်တဲ့ အချိန်လည်း မရှိခဲ့ပါဘူး၊ ရှစ်လေးလုံးတိုက်ပွဲဟာ စုစုပေါင်းရက် ၄၀ ပဲ ရှိခဲ့တာပါ။ နယ်စပ်က တိုင်းရင်းသား သူပုန်တွေသတင်းလည်း ဘာမှ မကြားရဘူး၊ ကျနော်တို့ ကျောင်းသားတွေကို ဆက်သွယ်ဆွေးနွေးလာတာလည်း မရှိခဲ့ဘူး။ ကျနော်တို့ကလည်း သပိတ်အောင်ပွဲအရှိန်နဲ့ သိပ်ကိုအဟုတ်ထင်နေတာလည်း ပါလိမ့်မယ်။

အဲဒီ သပိတ်အောင်ပွဲဆိုတာကလည်း ၈၈ မတ်လနဲ့ ဂျွန်လကျောင်းသားတိုက်ပွဲက ပေးဆပ်မှုတွေ၊ အသေခံမှုတွေပြီးတော့ တပြည်လုံး သည်းခံအောင့်အီးလာခဲ့တဲ့ ဆင်းရဲမွဲတေမှုတွေက စီးဆင်းလာတယ်ဆိုတာ ကျနော်တို့တတွေ သိကြပေမယ့် ၂၆ နှစ်လောက်တည် ဆောက်ထားတဲ့ အာဏာရှင် စစ်ခေါင်းဆောင်တွေကို ဒီလောက်ပေးဆပ်ရုံနဲ့ မလုံလောက်သေးဘူးဆိုတာ ကျနော်တို့ သဘောမပေါက်ခဲ့ဘူး။ လေးလေးနက်နက် နှလုံးသွင်းပြီး မကာကွယ်နိုင်ခဲ့ကြဘူး။

(၂) 

ချောချောမောမောပဲ၊ စခန်းသာကနေ နောင်ပိန်အထိ အသင့်စောင့်နေတဲ့ကားနဲ့ စီးသွားပြီး နောင်ပိန်မှာ တညအိပ်တယ်။ နောက်တရက် နောင်ပိန်ကနေ မေမြို့အထိ ဘတ်စ်ကားတစီးနဲ့ ထွက်တယ်။ အရင်က မန္တလေးအထိ တိုက်ရိုက်ကားတွေ ရှိပေမယ့် အာဏာသိမ်းပြီး ရက်အတော်ကြာထိ လားရှိုး၊ ကျောက်မဲ၊ သီပေါကားတွေ မေမြို့ (ပြင်ဦးလွင်) အထိပဲ သွားခွင့်ရတယ်။ မန္တလေးကိုသွားချင်ရင် (စစ်ဆေးရေးဂိတ် အထပ်ထပ်နဲ့) ကားငယ်လေးတွေပဲ ဝင်ခွင့်ရှိတယ် မေမြို့ကနေ ခရီးသည်တင်ဂျစ်ကား စီးသွားရတယ်။

အရင်ကတော့ အဲဒီဂိတ်တွေမှာ ရဲနဲ့အကောက်ခွန်က စောင့်တယ်။ သပိတ်ကာလတုန်းကတော့ ခေါင်းစီးနီ၊ လက်ပတ်နီတွေနဲ့ လူငယ်တွေကို တွေ့ရပြန်ပြီး၊ အာဏာသိမ်းတော့ စစ်သားတွေ စောင့်နေပြန်တယ်။ တရုတ်-မြန်မာ မှောင်ခိုလမ်းလို့ ပြောကြတယ်။ တရားမဝင်ကုန်တွေ ဖြတ်သွားဖြတ်လာပေါ့၊ နောင်ချိုနဲ့ မေမြို့ကြား တောလမ်းအတိုင်း တပ်မတော်စစ်ဆေးရေးဂိတ်တွေဖြတ်ရင်း သတိရနေတာလေး ပြောရမယ်။

သပိတ်ကာလ ကျနော် မန္တလေးကနေတက်လာတော့ တောင်ကြားလမ်းအကွေ့တခုမှာ လည်ပတ်အနီစီးပြီး လက်နက် အပြည့်အစုံနဲ့ တပ်မတော် တပ်စိတ်တစိတ်နဲ့တွေ့ပြီး လက်ပြတားလို့ ဒရိုင်ဘာက ကားရပ်ပေးတယ်။ စီးလာတဲ့ ဒတ်ဆန်းကားလေးနောက်ခန်းမှာ ကျနော် ထိုင်တယ်။ သူတို့ထဲက တပ်ကြပ်လို့ထင်ရတဲ့သူတယောက်က ပြုံးပြုံးရွှင်ရွှင်နဲ့ ကားနားကပ်လာပြီး “စာစောင်တွေ၊ သတင်းစာတွေပါလား၊ ရှိရင်ပေးခဲ့ပါလားဗျာ” လို့ တောင်းတောင်းပန်ပန်လေး တောင်းနေတာဗျ။ ဘယ်သူမှ မပါဘူးလို့ ငြင်းနေတယ်။ ကျနော်အိတ်ထဲမှာ မန္တလေးတက္ကသိုလ် သပိတ်ကနေ ဆွဲလာတဲ့ စာစောင်တွေ၊ သတင်းစာတွေ၊ ကြေငြာချက်တွေ၊ မှတ်တမ်းဓာတ်ပုံတွေ အများကြီးပဲပါလာတာ။ ကားခေါင်မိုးပေါ် အိတ်က တင်ထားတာ။ အဲဒီ စစ်သားတွေကြည့်ရတာ တကယ်လိုလိုလားလား တောင်းနေတဲ့ပုံစံပဲ။ “တကယ်ဖတ်ချင်လို့ပါဗျာ၊ ပါရင်ပေးခဲ့ပါ” ဆိုပြီး လိုလိုလားလားနဲ့ တောင်းနေတာ။

ကျနော် ပေးချင်တဲ့စိတ်ဝင်လာတယ်။ ဒါပေမယ့် တချိန်တည်း ဖြတ်ခနဲသတိတခုကလည်း ဝင်လာတယ် သူတို့ အကွက်ဆင်ပြီး သက်သေပစ္စည်းနဲ့ဖမ်းဖို့ လုပ်တာလား ... ဆိုတဲ့ အသိပါ။ ကျနော် ကြံဖန်တွေးပြီး အကြောက်လွန်သွားတာပါ။ အဲဒီအချိန် တိုင်းပြည်မှာ ဘာအုပ်ချုပ်ရေး ယန္တရားမှမရှိဘူး။ ကျောင်းသားတွေ၊ ရဟန်းတွေ၊ ပြည်သူတွေက အာဏာသိမ်းထားတာ။ သတိလွန်တော့ အကြောက်ဆိုသလို၊ ကျနော့်ဆီက စာစောင်တွေ မပေးဖြစ်ဘူး။ ကျနော် နောက်မှတွေးမိပြီး အတော်လေး စိတ်မကောင်းဖြစ်သွားတယ်။

သူတို့ သတင်းငတ်ပြတ်နေတာပဲ။ ဘယ်က ပြောင်းလာတဲ့တပ်တွေလဲ မသိဘူး။ သိပ်ကြမ်းကြမ်းတမ်းတမ်းပုံစံလည်း မပေါက်ပါဘူး။ သူတို့ တပ်ရင်းအရာရှိကပဲ သတင်းစာတွေ့ရင် တောင်းခဲ့၊ ယူခဲ့လို့ အမိန့်ပေးထားတာလား? တိုင်းပြည်ရဲ့လက်ရှိနိုင်ငံရေးအနေအထားကို တကယ်သိချင်လို့တောင်းတာ မဖြစ်နိုင်ဘူးလား? စတဲ့ မေးခွန်းတွေ နောက်မှတွေးမိတယ်။ ကျနော် သတ္တိကြောင်ပြီး အရေးကြီးတဲ့အလုပ်တခု မလုပ်မိခဲ့တာကို ဒီနေ့အထိတွေးမိတိုင်း စိတ်မကောင်းဘူး၊ နောင်တရလို့ မဆုံးဘူး။

(၃) 

အင်း … တဆက်တစပ်တည်း အရေးတော်ပုံကာလ ကိုယ်လုပ်ခဲ့တာလေးလည်း နည်းနည်းပြောရင် ကောင်းမယ်၊ ဒါမျိုးက လူတိုင်းပြောချင်ကြတာ။ မြန်မာပြည်ရဲ့သမိုင်းတကွေ့ဆိုတော့ မေ့လို့မကောင်းတဲ့အရာလေ။ ရှစ်လေးလုံး အရေးတော်ပုံ မဖြစ်ခင်ကတည်းက ဦးအောင်ကြီးစာတွေ၊ ရန်ကုန်တက္ကသိုလ် သတင်းတွေက ကျနော်တို့နယ်မှာတော့ ထိပ်တန်း သတင်းတွေပေါ့။

ဘီဘီစီ နားထောင်ပြီး လက်ဖက်ရည်ဆိုင်မှာ ပြန်အာရတာကိုက အလုပ်တခု။ နိုင်ငံရေးဆိုတာ ဘာမှန်းမသိဘူး၊ ဒါပေမယ့် စိတ်ဝင်စားနေတယ်။ ကိုယ်ကြားတာတွေ ဖောက်သည်ချချင်တယ်။ တခုခုလည်း လုပ်ချင်နေတယ်။ ဒါပေမယ့် ဘာမှဖြစ်မလာဘူး။ ရှစ်လေးလုံးဆန္ဒပြပွဲကြီး ရန်ကုန်၊ မန္တလေး၊ မုံရွာတောင်ကြီး မြို့ကြီးမြို့ငယ် တော်တော်များများမှာ ဖြစ်တယ်။ ကျနော်တို့မြို့က ငြိမ်နေတာပဲ။ ကျနော်တို့ သူငယ်ချင်းတွေ မနေတတ် မထိုင်တတ်။ ၁ ရက်ကုန်၊ ၂ ရက်ကုန်၊ တပတ်ကုန်ပြီ။ မြို့ကလေးက အေးဆေးတုန်း။ ဘယ်သူတွေလည်းမသိ၊ ဟိုနားဒီနား စာကပ်တာကလွဲလို့ ဆန္ဒမပြကြဘူး။

ကျနော်တို့ ရှက်နေတယ်။ မရတော့ဘူး။ တခုခုတော့လုပ်မှ ဖြစ်မယ်။ ကိုယ့်မြို့ကလည်း အေးဆေးတယ်ဆိုပေမယ့် ရှမ်းသူပုန်တွေ ထတတ်တယ်။ ပွဲလမ်းသဘင်ဆို ဗုံးကွဲတတ်တယ်။ အကြမ်းဖက်မှုတခုခုဖြစ်မှာ စိုးရိမ်နေဟန်တူတယ်။ လူတွေအားလုံးစိတ်မှာတော့ ဆန္ဒပြချင်နေတာ သေချာတယ်။ ဘယ်သူဦးဆောင်မလဲ၊ ဘယ်သူတွေ စလုပ်မလဲ ဒါပဲလိုတယ်။ မထူးဘူး၊ လက်ဖက်ရည်ဆိုင်ထိုင်နေကျ ကိုယ့်ဘော်ဒါတွေနဲ့ တိုင်ပင်တယ်။ ဆန္ဒပြမယ်ဆို ကိုယ်က ဦးဆောင်တာထက် သြဇာရှိတဲ့ သံဃာတော်တွေ၊ ဆရာဝန်၊ ဆရာမတွေပါရင် ပိုကောင်းမယ်။ ဒါဆို ပွဲထိန်းနိုင်မယ်ပေါ့။

ဒါနဲ့ ကျနော်တို့ သူငယ်ချင်း ၇ ယောက် ရှမ်းကျောင်းကြီး ဘုန်းကြီးကျောင်းကို အရင်သွားတယ်။ ရှမ်းကျောင်းကြီးသွားရတာ အကြောင်းရှိတယ်။ ကောလဟလသတင်းတွေက ရှမ်းသူပုန်နဲ့ အဆက်အသွယ်ရှိတယ်၊ ဆရာတော်က နိုင်ငံရေး ထက်သန်တယ်၊ မန္တလေးက ဘုန်းကြီးတွေနဲ့ အဆက်အသွယ်ရှိတယ် ဘာညာပေါ့။ ကျနော်တို့ ဘုန်းကြီးကျောင်းထဲ ဝင်တော့ ဆရာတော်က ရှိနေတယ်။ ဆရာတော့ကို ဦးခိုက်ပြီး “တပည့်တော်တို့ ကျောင်းသားတွေပါ” … လို့ အစချီကာ ရန်ကုန်၊ မန္တလေးနဲ့ တပြည်လုံးမှာ ဆန္ဒပြပွဲတွေဖြစ်ကုန်ပြီ၊ တပည့်တော်တို့မြို့မှာလည်း တပါတီစနစ်ဖျက်သိမ်းရေး ဆန္ဒပြသင့်ကြောင်းနဲ့ အစိုးရဖိနှိပ်သတ်ဖြတ်လို့ ကျောင်းသားတွေ သေဆုံးရပုံကို ကျနော်ကပဲ ဦးဆောင်ပြီး ဆရာတော်ကို ရှင်းပြတယ်။

ဆရာတော်က သေချာနားထောင်တယ်၊ ကျနော် လေကြောရှည်ရှည်ရှင်းပြတာကို ဆုံးတဲ့အထိ စိတ်ရှည်ရှည် နားထောင်တယ်။ တချက်တချက် အင်း … အင်း ... နဲ့တောင် သံယောင်လိုက်ပေးနေသေးတယ်။

ပြီးတော့မှ ... “မင်းက ဘယ်ကလဲ ... ငါ မမြင်ဖူးပါဘူး” လို့ မေးတယ်။ ကျနော်က “ဒီမြို့ကပါပဲ ...၊ မန္တလေးမှာ ကျောင်းတက်နေလို့ပါ” လို့ ဖြေတယ် (အမှန်က ကျနော် ကျောင်းပြီးတာ ၁၉၈၆ က မိုင်းငေါ့မြို့လေးမှာ တွဲဖက်အထက်တန်းကျောင်းဆရာ တနှစ် လုပ်ပြီး ၁၉၈၇ ငွေစက္ကူ အရေးအခင်းတွေဖြစ်တော့ ကျောင်းထွက်ပြီး အလုပ်လက်မဲ့ဖြစ်နေတာ) ဆရာတော်က ကျနော်တို့အားလုံးကို သေချာကြည့်တယ်။ ပြီးတော့ ကျနော်တို့ ပါးစပ်ဟောင်းလောင်းဖြစ်သွားအောင် အခုလို မိန့်တယ်။

“ငါတို့မြို့က အညိုရောင်နယ်မြေ ဖြစ်တယ်၊ ဆူဆူပူပူဖြစ်မှာ စိုးရိမ်တယ်”

“မင်းတို့ဆန္ဒပြမှ ဒီမိုကရေစီရမှာ မဟုတ်ပါဘူး ... ရန်ကုန် ဒီမိုကရေစီရရင်၊ မန္တလေး ဒီမိုကရေစီရရင် ကျောက်မဲလည်း ရမှာပါကွာ”

ကျနော်တော့ အရမ်းရှက်သွားတယ်။ လာမိတာမှားပြီဆိုပြီး နောင်တတွေ ကြိတ်ပြီးရနေတယ်။ ဘုန်းကြီးရှေ့မှာ အမြန်ဆုံး ကိုယ်ပျောက်ချင်စိတ် ပေါက်နေပြီ။ ကိုယ့်နောက်မှ ကျုံ့ကျုံ့လေးတွေထိုင်နေတဲ့ သူငယ်ချင်း ချိုကြီး၊ အေးမင်းနဲ့ အောင်ကျော်တို့ကို မသိမသာကြည့်လိုက်တော့ မျက်နှာတွေနီပြီး ပျက်နေတယ်။

“မင်းတို့ဆန္ဒပြမယ့်အစား ငါ့ကျောင်းဝင်းမှာ မြက်လာပေါက်စမ်းပါ ငါ ထမင်းကျွေးပါ့မယ်”

ဒါတော့ ဘုန်းကြီးလွန်ပြီ။ ကျနော် ရှက်တာထက် ဒေါသကထွက်နေပြီ။ ဒါနဲ့ ပြောထည့်လိုက်တယ်။

“တပည့်တော်တို့က ဆရာတော်ပြောသလို ဆူဆူပူပူမဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း ထိန်းသိမ်းနိုင်စေဖို့ ဆရာတော့်ကို မေတ္တာရပ်ခံတာပါ၊ ဆရာတော် လုပ်နိုင်မယ်လို့လဲ မျှော်လင့်ထားလို့ပါ”

“ဆရာတော်က မစွမ်းဘူးဆိုလည်း တပည့်တော်တို့ဖာသာ လုပ်ကြမှာပါ”

“ဘယ်သူပါပါ မပါပါ ... ကိုယ်လုပ်စရာရှိတာ လုပ်မှာပါ၊ ဒါပါပဲ”

ကျနော် ပြောပြီးပြီးချင်း ဦး ၃ ကြိမ်ချ ထလိုက်တယ်။ အားလုံးရဲ့စိတ်ထဲ မကြည်မလင်နဲ့ပေါ့။ ကျောင်းပေါ်ကအဆင်း လက် ၂ ဖက်လုံး လက်ကောက်ဝတ်ကနေ လက်မောင်းရင်းထိ ရှမ်းစာဆေးမှင်တွေထိုးထားတဲ့ ဆရာတော်က ...

“နေကြအုံး ခဏ၊ မင်းတို့ နေ့လည် ၁ နာရီလောက် ကျောင်းကိုပြန်လာခဲ့ကြ” လို့လှမ်းပြောတယ်။

ကျနော်ကလွဲလို့ တခြားသူငယ်ချင်းတွေ လုံးဝ လှည့်မကြည့်ဘူး။

“ဘာဖြစ်လို့လဲ ဆရာတော်”

“လာသာလာခဲ့ပါ၊ နေ့လည် ၁ နာရီနော်” လို့ ထပ်သတိပေးတယ်။

ကမ္ဘောဇရှမ်းကျောင်းကြီးဝင်းအပြင်ရောက်တော့ တယောက်မျက်နှာတယောက်ကြည့်ပြီး မချိသွားဖြဲလေးတွေနဲ့ ရီလိုက်ကြတယ်။ အားလုံးစိတ်ဓာတ် အတော်ကျသွားကြတယ်။ ဘယ်လိုလုပ်မလဲ တိုင်ပင်တယ်။ ကျနော်က အစောပိုင်း ညှိထားသလိုပဲ ဆေးရုံကြီးက ဆရာဝန်တွေကို သွားစည်းရုံးမယ်လို့ ပြောတယ်။ ကိုယ့်ထဲက ၃ ယောက်လောက်က လုံးဝ ညစ်သွားပြီ။ မလိုက်တော့ဘူး။

ဒါနဲ့ ကျန်တဲ့ ၄ ယောက်နဲ့ တမိုင်လောက်ဝေးတဲ့ ဆေးရုံကြီးကုန်းကို ခြေကျင်ချီတက်သွားတယ်။ မြို့နယ်ဆရာဝန်ကြီးရဲ့ အိမ်ကို တိုက်ရိုက်သွားတယ်။ ဆရာဝန်ကြီးက ပျူပျူငှာငှာပဲ၊ ထောင်ထောင်မောင်းမောင်း အသားဖြူဖြူ၊ ပါးဖောင်းဖောင်းနဲ့ ကြည့်ရင်းကြည့်ရင်း မြင်ဖူးသလိုလိုပဲ။ (နောက်မှပြန်သိရတာ၊ မြို့နယ်ဆရာဝန်ကြီး ဦးနေလင်းဟာ၊ မဆလ တရားရေး ဝန်ကြီးချုပ် ဦးတင်အောင်ဟိန်းရဲ့ညီအရင်း ဖြစ်နေတယ်။

ဦးတင်အောင်ဟိန်းဟာ ဖြောင့်မတ်မှန်ကန်ပြီး ဈန်ကြီးတွေထဲမှာ အခွင့်အရေးမယူ၊ လာဘ်မစား၊ သမာသမတ်ရှိတယ်လို့ သတင်းထွက်တယ်။ ဝန်ကြီးတွေထဲမှာ ရှားရှားပါးပါး နာမည်ကောင်းထွက်တဲ့ဝန်ကြီးပဲ) မြို့နယ်ဆရာဝန်ကြီး ဦးနေလင်းကို ကျနော်တို့ ဆန္ဒပြမှာဖြစ်လို့ ဆေးရုံဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဖို့ရှင်းပြတယ်။ ဆရာဝန်ကြီးက ...

“သားတို့သဘောထားကို အန်ကယ် ဘာမှပြောစရာမရှိပါဘူး၊ သားတို့ဆန္ဒနဲ့ လုပ်စရာရှိတာလုပ်ပါ၊ လားရှိုးက ဆရာကြီး ကမ္ဘောဇ ခင်လှိုင်ကလည်း ဆေးရုံဝန်ထမ်းတွေဆန္ဒပြရင် မပိတ်ပင်ဖို့ မှာကြားထားပါတယ်”

ကျနော်တို့ သိပ်ပျော်သွားတယ်။ စောစောက အားငယ်စိတ်တွေ၊ လုံးဝပျောက်သွားတယ်။ ဆရာကြီး ဦးနေလင်းကို ကျေးဇူးတင်စကားတွေ အထပ်ထပ်ပြောပြီး ဆေးရုံကနေ အူမြူးထွက်လာကြတယ်။ အော် ... ပြောဖို့မေ့တော့မလို့၊ ရှမ်းကျောင်းကြီးဆရာတော်က နေ့လည် ၁ နာရီလာခိုင်းထားတာ ကျနော်တို့ သိပ်စိတ်မပါတော့ဘူး။ ဘုန်းကြီးကို သိပ်မယုံတော့ဘူး။ ဒါနဲ့ ၁ နာရီကျော်လောက်တယောက်ကို ဘုန်းကြီးကျောင်းဘက် သွားကြည့်ခိုင်းတယ်။ သိပ်မကြာခင်ပဲ သွားစုံစမ်းတဲ့ သူငယ်ချင်း ရောက်လာတယ်။

“ကျောင်းဝင်းထဲမှာ ပါတီကောင်စီကားပြာကြီး ရပ်ထားတယ်၊ လူကြီးတွေလည်း တွေ့တယ်”

သေချာတာပေါ့၊ ဘုန်းကြီး ... ဂျလယ်ကျတာ၊ ကောင်စီလူကြီးတွေနဲ့ ကျနော်တို့ကို မျက်နှာချင်းဆိုင်ပေးပြီး ထပ်ဆုံးမခိုင်းတာ။ ဘယ်ရမလဲ၊ သွားတွေ့မယ့်စိတ်ကူးက ဆရာကြီး ဦးနေလင်းနဲ့တွေ့ပြီးကတည်းက မရှိတော့ဘူး။ ကျနော်တို့မှာ နက်ဖန် ဆန္ဒပြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ချပြီးသားဖြစ်သွားပြီ။

(၄) 

အဲဒီညနေ ဆေးရုံကလာပြီး ကျနော်တို့အုပ်စုတွေ အလုပ်ရှုပ်ပြီပေါ့။ ချက်ချင်းပဲ လက်ကမ်းစာစောင်တွေ ရေးတယ်၊ ဈေးထဲက ပိတ်စအနီဝယ်ပြီး ကပ်ကြေးနဲ့ညှပ်၊ ခေါင်းစီးတွေ ဝေဖို့လုပ်တယ်။ ဘက်ထရီးအိုးနဲ့ လော်စပီကာ ငှားထားတယ်၊ ကြွေးကြော်သံတွေ ရေးတယ်၊ တတ်သလောက် မှတ်သလောက်တွေ အကုန်လုပ်တယ်။ တချို့က မြို့ထဲ ပိုစတာကပ်ပြီး နက်ဖန်ဆန္ဒပြမယ်ဆိုပြီး တပ်လှန့်တယ်၊ တချို့က လက်ကမ်းစာတွေဝေတယ်၊ ကျနော်တို့ မြောက်ကုန်းရပ်ကွက် နှင်းဆီခြံမှာ၊ တညလုံး စာရေး၊ မဆလ တူတံဇင်အလံ ဇောက်ထိုးထူ၊ ပိုစတာရေးနဲ့ တက်ကြွနေတယ်။

မနက် ၇ နာရီထိုးတော့ ဘက်ထရီအိုးနဲ့ ချိတ်ထားတဲ့ လော်စပီကာအသေးတခုကို ကလေးလက်တွန်းလှည်းတခုပေါ် တင်ပြီး ရပ်ကွက်လမ်းမပေါ်တက် လူစုလိုက်တယ်။ ခေါင်းစီးကိုယ်စီနဲ့ ကျနော်တို့ ၉ ယောက် ၁၀ ယောက်လောက်တော့ ရှိမယ်။ ကျနော်က မိုက်ကိုကိုင်လိုက်တယ်။

“မိဘပြည်သူများခင်ဗျား.. ၂၆ နှစ်ကြာ ပြည်သူတွေဂုတ်ပေါ်ခွစီးခဲ့ တပါတီအာဏာရှင်စနစ်ကြီးကို ဆန့်ကျင်ဆန္ဒပြဖို့ ကျနော်တို့ ကျောင်းသားတွေ ချီတက်လာပါပြီ”

“တပါတီအာဏာရှင်စနစ်ဖက်သိမ်းရေး … ဒို့အရေး၊ ဒို့အရေး”
“ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး … ဒို့အရေး၊ ဒို့အရေး”
“ဒီမိုကရေစီရရှိရေး … ဒို့အရေး၊ ဒို့အရေး”

ရပ်ကွက်ထဲက မိန်းမကြီးတွေ စောစောစီးစီး အော်သံကြားလို့ ထင်တယ်၊ တံခါးတွေ ဖွင့်ကြည့်ကြတယ်။ အကြော်ဆိုင်က လူတွေ လှည့်ကည့်ကြတယ်၊ အားလုံးက ပြုံးစိပြုံးစိတွေနဲ့။ သူတို့မြင်နေကျ ရပ်ကွက်ထဲကကောင်လေးတွေကိုး၊ ညည အုတ်ခုံပေါ်ဂစ်တာတီးပြီး အော်အော်နေတဲ့ ကောင်လေးတွေဆိုတော့၊ သူတို့အဓိပ္ပာယ်နဲ့ သူတို့ ပြုံးစိစိဖြစ်နေတာပေါ့လေ။ ကျနော်တို့ကတော့ ခပ်တည်တည်ပဲ၊ မျက်နှာထားတွေတင်းတင်းနဲ့ လည်ချောင်းကြောတွေထောင်နေအောင် အသံကုန် အော်တယ်။

“အရေးတော်ပုံ ... အောင်ရမည်”

ကြွေးကြော်သံတွေ အော်လိုက်၊ “မိဘပြည်သူများခင်ဗျား”… အစချီပြီး တပါတီအာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ ကျနော်တို့ ကျောင်းသားတွေ ချီတက်လာပါပြီ ... ဆိုပြီး နှိုးဆော်လိုက်နဲ့ ဘူတာနားကဈေးထိ တလမ်းဆုံရောက်တော့ ဈေးသွားဈေးလာ၊ လူငယ်၊ လူကြီးတွေ ကျနော်တို့နောက်မှာ တန်းစီပြီးပါလာတယ်။ အစတော့ လူတရာကျော် ... နောက်လေးငါးရာ၊ တဖြည်းဖြည်း ထောင်နဲ့ချီလာတယ်။ မြို့လည်ခေါင်ရောက်တော့ မိုက်ကြီးကိုင်ပြီး လှည့်ကြည့်လိုက်တယ်၊ လူအုပ်ကြီးက မျက်စေ့တဆုံးပဲ။ ဆေးရုံက နပ်စ်မတွေ၊ ဝန်ထမ်းတွေက ယူနီဖောင်းဆင်တူနဲ့၊ ကိုရင်လေးတွေလည်း ပါလာတယ်။ တရုတ်တွေရော၊ ကုလားတွေရော၊ လူမျိုးစုံပဲ။

“ဒီမှာ ခဏရပ်ရင် ကောင်းမယ်”။

တယောက်က အကြံပေးတယ်။ ကျနော်တို့ သူငယ်ချင်းတွေ၊ အလံတွေကိုင်ပြီး ရပ်လိုက်တယ်။

“အလံတော်အလေးပြုမယ် ... အားလုံးငြိမ်”

“ပြည်ထောင်စုဆိုရှယ်လစ် သမတနိုင်ငံတော်အလံအား အလေး … ပြု”

ကျနော်အသံပြဲနဲ့ တိုင်လိုက်တယ်။ တချို့က အလေးပြုတယ်၊ တချို့ အူကြောင်ကြောင်နဲ့ ကျနော့်ကို ပြူးကြည့်နေတယ်။ အဲဒီအချိန် ခပ်တောင့်တောင့်နဲ့ လူတယောက် လှမ်းအော်တယ်။

“ရဲဘော်၊ မှားနေပြီ၊ တပါတီဆိုရှယ်လစ်စနစ်ကို မကြိုက်လို့ တိုက်နေတာဖြစ်တယ်၊ ပြန်ပြင်ပြီးတိုင်ပေးပါ”

လူတွေအားလုံး ဟေး … ခနဲ လက်ခုတ်တီး ထောက်ခံတယ်။ ကိုယ့်ကိုယ်ကို ဘာတိုင်မိမှန်းတောင် မသိပါဘူး၊ အလံတော်အလေးပြုတိုင်း ဆိုရှယ်လစ်ဆိုတာကြီး ပါးစပ်ထဲစွဲပြီး အကျင့်ပါနေတာလေ။

“ဟုတ်တယ်၊ ကျနော် မှားသွားတယ်”

“အားလုံး သတိ”

“ပြည်ထောင်စုနိုင်ငံတော်အလံအား အလေးပြု”

ဘယ်သူတွေယူလာမှန်း မသိဘူး၊ ဦးနုခေတ် ကြယ်ငါးပွင့်အလံကြီးကို အားလုံး ဝိုင်းအလေးပြုကြတယ်။

ကျနော်တို့တတွေ တပ်ဦးကနေလူအုပ်ကြီးကို ဦးဆောင်ခေါ်လာခဲ့တာ၊ မြို့ထဲလမ်းဆုံတနေရာရောက်လိုက်၊ လမ်းဘေးနားရပ်ထားတဲ့ ကားခေါင်မိုးပေါ်တက် မိန့်ခွန်းပြောလိုက်၊ ဆက်ချီတက်လိုက်၊ နောက်ထပ် လမ်းဆုံတနေရာရောက်ရင် အုတ်နီခဲပုံကို စင်မြင့်လိုမှတ်ပြီး လူအုပ်ထဲက ထင်ရှားတဲ့မြို့မိမြို့ဖတွေကိုခေါ် စကားပြောခိုင်းလိုက် လုပ်တော့တာပဲ။

ကျောင်းအုပ်ဆရာကြီးဟောင်းတွေ၊ ပြောစရာတခုရှိတာက အစောပိုင်းက ကျနော်တို့ပဲဦးဆောင်လာပေမယ့် လူအုပ်များလာတော့ ကိုယ့်ထက်ဝါရင့်တဲ့ ကျောင်းသားဟောင်းကြီးတွေက ကျနော်တို့နဲ့တွဲပြီး ဆက်ဦးဆောင်လာခဲ့တယ်။ လိုအပ်တဲ့အကြံတွေ ကပ်ပြီးပေးနေတယ်။ အားပိုရှိလာတယ်။ မြို့တပတ်ပတ်မိသွားတော့ ဒီလူအုပ်ကြီးကို ဘယ်ခေါ်သွားရမှာလဲဆိုတဲ့ မေးခွန်းက ပေါ်လာပြီ။ ကျနော်တို့ အဲဒါကို လုံးဝ ကြိုမစဉ်းစားထားဖူး။ ဆန္ဒပြမယ်ပဲလုပ်တာ၊ ဘယ်လိုရုတ်သိမ်းမယ်၊ ဘယ်မှာ သပိတ်စခန်းဖွင့်မယ်ဆိုတာ လုံးဝ အစီအစဉ်ရှိမထားဘူး။ ကျောင်းသားဟောင်း နောင်တော်ကြီးတွေက ကပ်ပြီး မေးတယ်။

“ဘယ်သွားမလဲ၊ ဒီလူအုပ်ကြီးကို ဘယ်ခေါ်သွားမလဲ၊ ဘာစီစဉ်ထားလဲ”

ကျနော်က ခပ်တည်တည်ပဲ ပြောလိုက်တယ်။

“ရှမ်းကျောင်းကြီးကို ချီတက်မယ်”

ဟုတ်တယ်လေ၊

“ရန်ကုန် ဒီမိုကရေစီရရင် ကျောက်မဲလည်းရမှာပါကွာ”

“ဆန္ဒပြမနေပါနဲ့ ငါ့ကျောင်းမှာ မြက်ပေါက်စမ်းပါ၊ ထမင်းကျွေးပါ့မယ်” လို့ ပါးစပ်ကပြောထွက်ရဲတဲ့ ဘုန်းကြီးကို စိတ်ထဲက မကြည်မလင်ဖြစ်နေတာတော့ အမှန်။

ကျနော်တို့တတွေ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးကို ကမ္ဘောဇရှမ်းကျောင်းကြီးဆီ ဦးတည်ခေါ်သွားခဲ့တယ်။ မြို့လူထုကြီး သူ့ကျောင်းဝင်းထဲ ကြွေးကြော်သံတွေနဲ့ ဝင်လာတာကို ဘုန်းကြီးလည်း ကြိုတင်မျှော်လင့်ထားပုံ မရဘူး။ ပြီးတော့ မြို့မိမြို့ဖတွေ ဆုံးဖြတ်ချက်နဲ့ အဲဒီကျောင်းမှာပဲ မြို့နယ်အထွေထွေသပိတ်စခန်းကြီး ဖွင့်ဖြစ်သွားတော့တယ်။

ကောင်းလေစွ။

ကိုညို 


 

No comments: