သူစိမ်းဆံလာမှုတွေထဲမှာ
ကိုယ်ရှုရှိုက်နေရတဲ့ ရှင်သန်မှုအသက်လေ
ကိုယ့်ကို သူစိမ်းဆံလာမှုဟာ ဆိုးတယ် …။
သူစိမ်းဆံလာမှုတွေထဲမှာ
တောကြီးမျက်မည်းထဲက တဲအိမ်ငယ်ကလေး
အခြေပျက် အနေပျက်
ကိုယ့်ကို ချစ်ရဲ့နဲ့
ထွေးပိုက်ထားဖို့ ခက်လာတဲ့ အရေးဟာ ဆိုးတယ် …။
သူစိမ်းဆံလာမှုတွေထဲမှာ
တအိုးထဲ စား
ကြမ်းတပြေးထဲ အိပ်
တအိပ်မက်တည်း အတူတူ မက်ခဲ့တဲ့ ဘဝများ
စည်းပျက်ဝါးပျက် ပြိုကွဲနေကြတာဟာ ဆိုးတယ် …။
သူစိမ်းဆံလာမှုတွေထဲမှာ
ကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ ပန်းများ
ပရိယာယ် ဆံကေသာထက်
ရနံ့ပျက် ပွဲတက်အခင်းအကျင်းတွေဟာ ဆိုးတယ် …။
သူစိမ်းဆံလာမှုတွေထဲမှာ
တကိုယ်စာတောင် မရှိတဲ့ အကျဉ်းတိုက်ထဲ
ရင်ကို ရင်ချင်း ချနင်းနေမှုတွေဟာ ဆိုးတယ် …။
သူစိမ်းဆံလာမှုတွေထဲမှာ
ထမင်းရည်တောင် နပ်မမှန်ရှာတဲ့သူတွေကို
နတ်သုတ်ဒါ စားနေသလားဆိုတဲ့
ခေတ်သစ် မေရီအင်တွိုင်းနက်တွေရဲ့ အတွေးဟာ ဆိုးတယ် …။
သူစိမ်းဆံလာမှုတွေထဲမှာ …
သူစိမ်းဆံလာမှုတွေထဲမှာ …
သူစိမ်းဆံလာမှုတွေထဲမှာ …
သူစိမ်းဆံလာမှုတွေထဲမှာ
ညှို့ကြိုးကုန်တဲ့ စကား
ဖန်တီးမှုမပါတဲ့ အနုပညာ
တကိုယ်စာ ထွက်ပြေးနေတဲ့ စွန့်စားခန်းများ
ဝေ့လည်ကြောင်ပတ် မြေပုံညွှန်းများ
ထွေရာလေးပါး ဗျာဒိတ်တော်များ
နောင်ပွင့်မယ့် ဘုရားတွေကို လေလံဆွဲဖို့ ကြံစည်စီမံထားသူများ
မေကြီးနဲ့ ခြေဖဝါးအကြားမှာ ဘဝင်ဖိနပ်နဲ့ ကမ္ဘာခြားနေကြသူများ
ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်နှလုံးသားရဲ့ ရင်ခုန်သံကို
စစ်မစစ် ပြန်ပြန်စစ်နေရတဲ့ နှစ်ကာလများ …။
ဘာရယ်လို့မဟုတ်ပါဘူး
မဖြစ်စလောက်ပါ
“သင်္ချိုင်း မရွေးပါဘူး” မေမေရယ်
အိပ်စရာဆိုလို့
ကျောတခင်းစာ နေရာကလေးကတောင် သူစိမ်းဆံလာနေတဲ့ ခေတ်ကြီးထဲ
တခါတခါ အိမ်ကို သတိရတတ်တာက လွဲလို့ …။ ။
(“သင်္ချိုင်းမရွေးဘူး” ဆိုတဲ့ ဆိုစကားလေး ဖတ်မိလိုက်တော့ လက်ရှိဘဝကို ပိုလို့ကျေနပ်မိသွားတယ် … ဒါကြောင့် ဒီကဗျာ ရေးဖြစ်တယ် …)
ကမာပုလဲ
၁၁၊ ၁၀၊ ၂၀၁၂
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment