Saturday, October 20, 2012

ကျွန်တော့် အိမ်နီးနားချင်း ဗိုလ်ချုပ်ကျော်ဇော - ဖိုးသံ(လူထု)

ကျွန်တော်တို့ မိသားစုနဲ့ ဗိုလ်ချုပ်ကျော်ဇောတို့မိသားစုဟာ ဆွေရင်းမျိုးရင်းလိုပဲ ရင်းနှီးပါတယ်။ ဒါပေမယ့် သူတို့က ရန်ကုန်မှာနေ၊ ကျွန်တော်တို့က မန္တလေးမှာနေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် တွေ့ချင်ရင် မိုင် ၄ဝဝ ခရီးသွားမှ တွေ့ကြရပါတယ်။ ဒါပေမယ့် ကံကြောင့်ပဲ ပြောရမလား၊ ရေစက်ကြောင့်ပဲ ပြောရမလား၊ ဦးလေး (ကျွန်တော်က သူ့ကို အမြဲ ဦးလေးလို့ပဲ ခေါ်ပါတယ်) နဲ့ အိမ်ချင်း ပေ ၄ဝ လောက်အကွာမှာ နေခဲ့ရပါတယ်။

အဲဒါ ‘ဝ’ ဒေသ ပန်ဆန်း (အခုအခေါ် ပန်ခမ်း) မှာပါ။

ကွန်မြူနစ်ပါတီရဲ့ အဲဒီတုန်းက ဗဟိုစခန်းဟာ တရုတ်ပြည်နယ်စပ်၊ နမ့်ခါချောင်း ကွေ့ပတ်စီးဆင်းသွားတဲ့ ချောင်းအကွေ့ က တောင်စောင်း၊ တောင်ထိပ်မှာ တည်ရှိပါတယ်။ နယ်စပ်မျဉ်းက အဲဒီချောင်းရဲ့အလယ် တည့်တည့်မှာ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ ကျွန်တော်နေတဲ့ အခန်းနဲ့ ဦးလေးတို့ ဇနီးမောင်နှံနေတဲ့အခန်းဟာ ခြေလှမ်း ၂ဝ လောက်ပဲ ကွာပါတယ်။ ခေါ်ချင်ရင် အော်ခေါ်ဖို့တောင် မလိုတဲ့ အကွာအဝေးပါ။


အဲဒီလိုကာလတွေမှာ ကျွန်တော် သတိပြုမိတဲ့ ဦးလေး အကြောင်းတွေ ရေးပါ့မယ်။ ဦးလေးဟာ မနက် စောစော ထလာတာနဲ့ မျက်နှာသစ်ပြီး ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ပါတယ်။ ကျွန်တော်တို့ နေတဲ့နေရာရဲ့အောက်မှာက တသွင်သွင် စီးဆင်းနေတဲ့ နမ့်ခါချောင်းထဲကို လျှောဆင်းသွားတဲ့ တောင်ခါးပန်းလေးပါ။ နောက်ပြီး ချောင်းရဲ့ တစ်ဖက်မှာတော့ အလားတူ ဆင်ခြေလျှော တောင်ခါးပန်းနဲ့ တရုတ်ပြည်ထဲက ရှမ်းရွာလေးတစ်ရွာ ရှိပါတယ်။ ဟိုဘက် တောင်စောင်းနဲ့ ဒီဘက်တောင်စောင်းဟာ မီတာ ၃-၄ဝဝ လောက် ကွာမယ် ထင်ပါတယ်။ အတော်ကျယ်ပြီး ရှည်လျား တဲ့ လျှိုကြားချောင်းရိုး ရှုခင်းဟာ သာယာလှပတယ်လို့ ပြောရမှာပါ။ နောက်ပြီး လေထုဟာလည်း သန့်ရှင်းလှတယ် လို့ ပြောနိုင်ပါတယ်။ ဦးလေးက အဲဒီရှုခင်းကိုမျက်နှာမူပြီး မနက်တိုင်း လေ့ကျင့်ခန်းလုပ်ပါတယ်။

ဒေါ်ဒေါ် ဒေါ်သန်းစိန် (ဦးလေးရဲ့ဇနီး)ကတော့ မနက်တိုင်း ဘုရားရှိခိုးပါတယ်။ တစ်ရက် မပျက်ပါဘူး။ ဒေါ်ဒေါ်က ညမှာလည်း ဘုရားရှိခိုးပြီးမှ အိပ်ရာဝင်တာပါ။ ဦးလေးဟာ အဲဒီလို လေ့ကျင့်ခန်းလုပ်ပြီးရင် ယေဘုယျဖြင့်တော့ မနက်စာ ထမင်းစားတော့တာပါပဲ။ အဲဒီတုန်းက ကျွန်တော်တို့ အားလုံး တစ်နေ့မှာ ထမင်း ၂ နပ်ပဲ စားပါတယ်။ ဒါကြောင့် မနက် ၉ နာရီလောက်မှာ တစ်နပ်၊ ညနေ ၅ နာရီ လောက်မှာ တစ်နပ်၊ ဒါနဲ့ ပြီးတာပါပဲ။

ဦးလေးက အဲဒီတုန်းက ဗဟိုကော်မတီဝင်လည်းဖြစ်၊ စစ်ကော်မရှင်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဦးလေးတို့လို ခေါင်းဆောင်တွေရတဲ့ ရိက္ခာဟာ ဆန်နဲ့ ဆီမှာ ကျန်သာမန် ရဲဘော်တွေရတဲ့ နှုန်းနဲ့ အတူတူ တစ်နှုန်းထဲဖြစ်ပြီး ဟင်းဖိုးမှာ (ဗမာငွေ) ဆယ်ကျပ်လောက် ပိုပါတယ်။ ဘာမှမများပါဘူး။ ခေါင်းဆောင်တွေလည်း ဈေးပတ်တိုင်း (ငါးရက် တစ်ဈေးပါ) အသားငါး စားချင်မှ စားနိုင်တာပါ။ ဒီတော့ နောက်တန်းစခန်းမှာ အိမ်ထောင်တွေဟာ ဟင်းခင်းလေးစိုက်၊ ကြက်မွေး လုပ်ကြပါတယ်။ လူလွတ်တွေကလည်း ဘုံစိုက်ပျိုး မွေးမြူရေး လုပ်ကြပါတယ်။

ဦးလေးတို့ အိမ်မှာတော့အဓိကအားဖြင့် ဒေါ်ဒေါ်က လုပ်တာပါ။ ဒါပေမယ့် ဦးလေးလည်း အားရင်ကြုံရင် ပေါက်ပြားပေါက် ရေလောင်း၊ ကြက်စာကျွေး လုပ်ရပါတယ်။ ကြက်မွေးတယ်ဆိုလို့ အထင်မကြီးပါနဲ့။ များလှမှ လေးငါးခြောက်ကောင်ပါ။ အဲဒီမှာ ကြက်မွေးတယ်ဆိုတာက လှောင်မမွေးနိုင်ပါဘူး။ အစာ မတတ်နိုင်ပါဘူး။ လွှတ်မွေးရတာပါ။ ဒါပေမယ့် ညနေစောင်းရင် ကြက်တွေကို ကြက်ခြံထဲ ပြန်ဝင်စေရပါတယ်။ တောကြောင်က နေ့ခင်းမှာတောင် ဆွဲတတ်တဲ့ ပတ်ဝန်းကျင်မျိုးပါ။ ဒါကြောင့် ရန်သူတွေကို ဝိုင်းပတ် ချေမှုန်းခဲ့တဲ့ ကျွန်တော့် ဦးလေးတစ်ယောက်ကို တစ်ခါတလေမှာ သူ့ ကိုယ်ရံ၊ သူ့ဇနီးတို့နဲ့အတူ ကြက်တွေ ဝိုင်းပတ် မောင်းသွင်းနေတာ၊ ကြက်ကို ဖမ်းဖို့ ဝိုင်းခြောက်ပေးနေတာလည်း တွေ့ရတတ်ပါတယ်။

တော်လှန်ရေးဒေသရောက်တဲ့ ဦးလေးအဖို့ အနေအထိုင် အစားအသောက် အခက်အခဲ၊ ရုပ်ဝတ္ထု အကန့်အသတ်ရှိမှု၊ တောင်တက်ရတဲ့ အခက်အခဲ စတာတွေဟာ သူ့အတွက် မှုစရာမဟုတ်ပါဘူး။ ဒါပေမယ့် သူ လုံးဝ မကျော်လွှားနိုင်တဲ့ အခက်အခဲတစ်ခု ရှိပါတယ်။ အဲဒါက ဘာသာစကားပါပဲ။ အစည်းအဝေးတစ်ခုလုပ်ရင် ဘာသာ ၂ မျိုး ၃ မျိုးပြန်ရတဲ့ အရပ်ဒေသမှာ သူ့အဖို့နေ့စဉ်လိုပဲ ဒီပြဿနာနဲ့ ရင်ဆိုင်ရပါတယ်။ တစ်ခါတလေ သူ့ ကိုယ်ရံရဲဘော်လေးနဲ့သူနဲ့ စကားမပေါက်လို့ ခြေဟန်လက်ဟန်တွေနဲ့ ဗျာများနေတဲ့ ဦးလေးရဲ့ပုံကိုတွေ့ရင် မပြုံးဘဲ မနေနိုင်ပါဘူး။ သူများတွေကို အကူအညီ တောင်းရပါတယ်။ ဝ ရဲဘော်လေးတွေရဲ့ ဗမာစကား ရေချိန်ကလည်း အကန့်အသတ်ရှိတော့ အခက်အခဲက မသေးပါဘူး။

အဲဒီ ဝ ရဲဘော်လေးတွေက ၁၇ နှစ် ၁၈ နှစ်အရွယ်လေးတွေ များပါတယ်။ အဲဒီရဲဘော်လေးတွေကို ဦးလေးက သူ့ထုံးစံအတိုင်း ခါးညွှတ်ပြီး သူဖြစ်ချင်တာကို ခင်ဗျားတွေ ကျွန်တော်တွေနဲ့ ပြောနေတတ်ပါတယ်။ ဘာသာစကား ပြဿနာကြောင့် ဦးလေး မကြာခဏကြုံတွေ့ရတဲ့ နောက်အခက်အခဲတစ်ခုက ထမင်းစားပွဲ၊ ဧည့်ခံပွဲတွေမှာ ဖြစ်ပါတယ်။ သူများတွေက ဦးလေးကို လူကြီးမို့ တလေးတစား ဦးဦးဖျားဖျား အတူအရက်သောက်ခိုင်း (တို့စ်လုပ်)ရင် အရက်မသောက်၊ ဆေးလိပ်မသောက်တဲ့ ဦးလေးခမျာ ဒုက္ခတွေ့တော့တာပါပဲ။ ပြုံးပြုံး ပြုံးပြုံးနဲ့ အဲဒီလို ငြင်းနေတဲ့ ဦးလေးရဲ့ပုံကိုက သူ့ရိုးသားမှုကို ဖော်ပြတာမို့ သူ့စကားကို နားမလည်တဲ့ တခြားလူတွေကလည်း ပြုံးကြ နားလည်ကြပါတယ်။

ဦးလေးကို အများဆုံးတွေ့ရတတ်တာကတော့ သူ ခရီးမထွက်၊ အစည်းအဝေးမတက်ဘူးဆိုရင် မြေပုံတွေ ဖတ်နေတာ၊ စာကြည့်နေတာ၊ မှတ်စု ကူးနေတာပါပဲ။ ဦးလေးကို အလကားနေတာ၊ အလဟဿ အချိန်ဖြုန်းနေတာ တစ်ခါမှ မတွေ့ဖူးပါဘူး။ ဦးလေးမှာ ဝတ္တရားတစ်ခုလိုဖြစ်နေတဲ့ကိစ္စတစ်ခုကတော့ ဧည့်ခံစကား ပြောရတာပါ။ မြို့က တောခိုလာတဲ့ လူတွေ၊ ဝ ဒေသကို လာရောက်ကြတဲ့ တခြားဒေသတွေက တပ်ပေါင်းစုရဲဘော်တွေဟာ ဦးလေးကို သိပ်တွေ့ချင်၊ စကားပြောချင်ပါတယ်။ သူတို့ဟာ ဦးလေးဆီက မေးမကုန်တဲ့ ဗဟုသုတတွေကို နားထောင်ချင်ကြတာကိုး။ ဒါပေမယ့် ဦးလေးက ပြန်မေးတာကလည်း နည်းတာ မဟုတ်ဘူး။ ဘယ်အရပ်ကလာတဲ့ လူပဲဖြစ်ဖြစ် ဦးလေးအဖို့ အခြေအနေ နားလည်ယူနိုင်တဲ့ ရေသောက်မြစ်ချည်း ဖြစ်နေပါတယ်။

နောက်ဆုံးအနေနဲ့ ကနေ့အထိ ကျွန်တော်မြင်ယောင်နေတဲ့ ဦးလေးလှုပ်ရှားပုံလေးကို ပြောပြချင်ပါတယ်။ ဗဟိုရုံးစခန်းနဲ့ တစ်မိုင်လောက်ဝေးတဲ့ အရှေ့မြောက် စစ်ဒေသဌာနချုပ်ကို အစည်းအဝေးသွားတက်တဲ့ ဦးလေးရဲ့ပုံလေးပါ။ သူနဲ့ သူ့ကိုယ်ရံ ဝ ရဲဘော်လေး၊ တစ်ယောက်က ပစ္စတိုခါးချိတ်၊ စာစောင်စာတမ်းတွေ ဘေးလွယ်အိတ်ထဲမှာထည့်လို့၊ နောက်တစ်ယောက်က အေကေ ၄၇ သေနတ်ကို ပခုံးမှာ လွယ်လို့၊ ချောင်းရိုးတစ်လျှောက် တောင်စောင်း လမ်းကလေးအတိုင်း ကုတ်ကုတ် ကုတ်ကုတ်နဲ့ လျှောက်သွားကြတဲ့ မြင်ကွင်းပါ။ စကားမပေါက်ကြလေတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း စကားမပြောဘဲသွားကြတာ တောင်စောင်း အကွေ့လေးမှာ ကွယ်သွားတော့မှ မြင်ကွင်းထဲက ပျောက်သွားပါတယ်။ သူတို့ နှစ်ယောက် ညနေစောင်းလို့ ပြန်လာတော့လည်း ဒီပုံပါပဲ။

စပါးနှံများဟာ စပါးအသီး ကြွယ်ဝလေ ညွှတ်လေ ဆိုသလိုပဲ လူတွေဟာလည်း တန်ဖိုးရှိလေ ရိုးသား နှိမ့်ချလေလို့ ဆိုရမယ် ထင်ပါတယ်။

ဖိုးသံ (လူထု) 

 

No comments: