Sunday, October 14, 2012

ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေး (ဟံသာဝတီ ဦးဝင်းတင်)

ဒီရက်ပိုင်းအတွင်း မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ်မှာ ဆန်းဆန်းထူးထူး စာတစ်ပုဒ် ဖတ်လိုက်ရတယ်။ တိုတိုပြောရရင် ဒီလိုဗျာ။ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့စာက ဂျာနယ်တွေထဲ၊ သတင်းစာတွေထဲမှာ ဖတ်ရလေ့ မရှိတဲ့စာဗျ။ ရေးတဲ့သူက ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ‘ကျောင်းသားလှုပ်ရှားမှု’ ဆိုတဲ့ ဧရာမကျမ်းကြီးကို ပြုစုခဲ့သူ။ သူ့နာမည်က ကိုအောင်ထွန်း။

ကိုအောင်ထွန်းကို စစ်အာဏာရှင်အစိုးရက တစ်ချိန်က ဖမ်းဆီးခဲ့တယ်။ ချုပ်နှောင်ခဲ့တယ်။ ပြီးတော့ ထုံးစံအတိုင်းပေါ့။ ညှဉ်းပန်းခဲ့တယ်။ နှိပ်စက်ခဲ့တယ်။ အားလုံးပြီးတော့ ဆိုပါစို့။ ထုံးစံအတိုင်း သံတိုင်နောက်က ထောင်ငရဲခန်းထဲ သွင်းလိုက်တယ်။ ထုံးစံအတိုင်း ထောင်ထဲမှာ နှစ်ပရိစ္ဆေဒတွေ အကြာကြီး ပိတ်လိုက်တယ်။ ထုံးစံအတိုင်း သူ့ကို လူ့ငရဲခန်းထဲ ပိတ်ထားခိုက် စစ်ထောက်လှမ်းရေး ယမမင်းတို့ လုပ်ကြံမှုတွေ စိတ်ကြိုက်လုပ်ကြတယ်။


ဒီလို မတရား ချုပ်နှောင်မှုတွေ၊ ညှဉ်းပန်းမှုတွေ၊ ငရဲခန်းသွင်းပိတ်မှုတွေ ထောင်တွင်းလုပ်ကြံမှုတွေ၊ လွတ်ချိန်သင့်လို့ လွတ်ခွင့်ကြုံလာရင်တောင် အကျဉ်းသားရဲ့လူ့သိက္ခာ၊ နိုင်ငံရေး သိက္ခာ၊ ယုံကြည်ချက် သိက္ခာကို ဖဲ့ခြွေချိုးဖျက်တဲ့ ခံဝန်ချက်အမျိုးမျိုးကို လက်မှတ်ထိုးခိုင်းတာတွေ၊ အဲဒါတွေ အားလုံးအတွက် စစ်အာဏာရှင် ပါးကွက်သားတွေ ငါတို့ (နိုင်ငံရေး အကျဉ်းသားတွေ)ကို ဝန်ချတောင်းပန်ရမယ်။ ငါတို့ အဖွဲ့အစည်းတွေကို ဝန်ချတောင်းပန်ရမယ်။ ငါတို့ဘက်က ရပ်တည်ခဲ့တဲ့ ပြည်သူလူထုတွေကို ဝန်ချတောင်းပန်ရမယ်တဲ့။

မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်မှာ လွှင့်လိုက်တဲ့ ကိုအောင်ထွန်းရဲ့အသံက ကြေညာချက်ပုံစံနဲ့ ထွက်လာတယ်။ သူ့အသံက စစ်အာဏာရှင်ဟောင်းကြီး ချုပ်နှစ်ချုပ်ကို နာမည်နှင့်တကွ လူကောင်ဆွဲထုတ် စွပ်စွဲတာ ဖြစ်တယ်။ သူ့အသံက ပြည်သူလူထုကြီးတစ်ရပ်လုံးကို သိကြားစေ သက်သေညွှန်းတဲ့ ပုံစံမျိုးနဲ့ ဖွင့်ချတာ ဖြစ်တယ်။

အဲသလို နိုင်ငံရေး အကျဉ်းသားဟောင်း အကျော်ဇေယျတဦးရဲ့ အသံကို ကျနော် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။

ထပ်ဆင့် သဘောတူတယ်။
ထပ်ဆင့် ထောက်ခံတယ်။
ထပ်ဆင့် ဆန္ဒပေးတယ်။

ဒီလိုပဲ လိုရင်းကိုတိုတိုရှင်းရှင်း ပြောစရာရှိတယ်။ ကျနော်ကိုယ်တိုင်ကလည်း ကိုအောင်ထွန်းလိုပဲ လူ့ငရဲကို ဖြတ်သန်းခဲ့သူ။ ဒီတော့ နောက်ထပ် ထပ်ဆင့်ပြောစရာတွေ ရှိတယ်။ နည်းနည်းပြောပါရစေ။

အားနာလို့ နည်းနည်းပြောပါရစေ ခွင့်တောင်းတာ။ ပြောစရာတွေကတော့ အများကြီး။

၁၉၈၉ ဇူလိုင် ၃ ရက်မှာ ကျနော် ထောင်ထဲ ရောက်တယ်။ အဲဒီနှစ် စက်တင်ဘာ ၃ဝ ရက်မှာ ထောင်ဒဏ် အပြစ်ပေးခံရတယ်။ ၃ လလောက်အကြားကာလမှာ ကျနော်ဟာ အချုပ်သား။ ပြစ်ဒဏ်ကျခံရတဲ့ ထောင်သား မဟုတ်သေးဘူး။ အပြစ်တစုံတရာရှိတယ်လို့ သတ်မှတ်ခြင်းခံရတဲ့သူ မဟုတ်သေးဘူး။

ဒါပေမယ့် ကျနော် ညှဉ်းပန်းမှုတွေ ခံရတယ်။ နှိပ်စက်မှုတွေ ခံရတယ်။ အများကြီး ခံရတယ်။ ကြိမ်ဖန်များစွာ ခံရတယ်။ ညမအိပ် နေ့မနား ရက်ပေါင်းများစွာ ခံရတယ်။ ညှဉ်းပန်းသမျှကို ဝမ်းဟင်းလင်းနဲ့ လည်စင်းခံရတယ်။ ဒါက အချုပ်သားဘဝ (အပြစ်မဲ့ဘဝ)နဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ။

ထောင်သားဘဝ (အပြစ်ကျဘဝ) ရောက်တော့ကော။ မေးနေစရာ မလိုပါဘူး။ ပိုလို့သာ ဆိုးလာတော့တာပေါ့။ စစ်ထောက်လှမ်းရေးက ထောင်ထဲမှာပဲ တပ်စွဲနေတာကိုး။ လာချင်ရင် အနီးလေး ဖြစ်နေတော့တာပေါ့။ အပြင်နိုင်ငံရေးက ချွတ်ချွတ်ပျက်ပျက် ဖြစ်နေတယ်။ ဒီတော့ ထောင်ထဲမှာ ကျနော်တို့ ဖွတ်ဖွတ်ညက်ညက်ကြေနေကြရတော့တာပေါ့။ စစ်ခွေးတိုက် သွင်းခံရလိုခံရ။ ရဲဘက်စခန်း သွင်းခံရလိုခံရ။ စစ်ထောက်လှမ်းရေးက ကျောချင်တိုင်းကျောတဲ့ စစ်ကြောရေးရုံး သွင်းခံရလိုခံရ။ ကျန်ကောင်းကျန်ရာ လူ့သိက္ခာ ဗလာကျင်းအောင် ဖဲ့ခြွေချွတ်ခွာ ခံရလိုခံရ။ ဖဲ့တာ ခြွေတာ ခံရတာတွေထဲမှာ အဆိုးဆုံးက ကျနော့်ပါးစပ်ထဲက မွေးရာပါသွားတွေ ချောင်ခြွေ ချိုးချွတ်ခံရတာပဲ။ စစ်ထောက်လှမ်းရေး လက်ချက်နဲ့ ကျနော့်သွားတွေ အကုန်ကြွေကုန်တယ်။

၁၉၉၁ ကနေ ၁၉၉၈ အထိ သွား ဝတ်လစ်စားလစ် ပါးစပ်နဲ့ ထောင်ထမင်းကြမ်း ဟပ်နေခဲ့ရတယ်။ ၇ နှစ်အကြာ ၁၉၉၈ ရောက်မှ သွားတုတပ်ခွင့်ပေးတယ်။

ပိုဆိုးတာ နောက်တခု ရှိသေးတယ်။

၁၉၉ဝ ဇန်နဝါရီမှာ ကျနော် အူကျရောဂါရတယ်။ အိပ်ရာထဲ ဗုန်းဗုန်းလဲတဲ့အဖြစ် ဆိုက်တယ်။ အာဏာပိုင်တွေက ဘာကုသမှုမှ မလုပ်ပေးဘူး။ ပြောမရ ဆိုမရဘဲ။ ၅ နှစ်တိတိ ကြာတယ်။ နောက်ဆုံး အူတွေခေါက် သေမလောက်ဖြစ်မှ ဆေးရုံပို့တယ်။ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ခန်းထဲကို တိုက်ရိုက်ပို့ရတယ်။ ခွဲစိတ်ရတယ်။ လူတော့ မသေဘူး။ မွေးရာပါ တရှဉ်းတော့ ‘နတ်သင်း’ ဖြစ်ရတယ်။

အဆိုးတကာ့ ထိပ်ခေါင် လူ့ငရဲ မီးလောင်ခံရတဲ့ အဖြစ်က ဒီလို။

၂ဝဝ၅ ဇူလိုင် ၆ ရက် မနက်မှာ ကျနော့်ကို လွှတ်ပေးမယ်လို့ လာပြောတယ်။ ထောင်မှူးက ခေါ်ထုတ်တယ်။ လွှတ်မယ့် အကျဉ်းသား ၁ဝဝ ကျော်နဲ့ ဆုံရတယ်။ လွှတ်ဝရမ်းရေးဖို့ ကျနော်တို့ တစ်တွေကို ကိုယ်မှတ်စစ်တယ်။ ထောင်ကျတုန်းက မှတ်တမ်းယူထားခဲ့တဲ့ ကိုယ်အင်္ဂါ အမှတ်အသားတွေနဲ့ ပြန်ညှိတယ်။ အားလုံးပြီးတော့ လွှတ်ဝရမ်း ပေးတယ်။ ညွှန်မှူးရုံး အစည်းအဝေးခန်းမထဲ သွင်းတယ်။ အကျဉ်းဦးစီးညွှန်ချုပ် ဗိုလ်မှူးကြီး ဇော်မင်းက ဩဝါဒပေးတယ်။

နောက်ဆုံးအတန်းမှာထိုင်နေတဲ့ ကျနော့်ကို ညွှန်ချုပ်က နာမည်ခေါ်တယ်။ ရှေ့ဆုံးတန်းကို ဖိတ်တယ်။ ရှေ့ဆုံးရဲ့ ရှေ့မှာ အပြင်က တရားသူကြီးတွေ၊ ဥပဒေ အရာရှိကြီးတွေ၊ ရဲအရာရှိကြီးတွေ၊ ထောင် အရာရှိကြီးတွေ ထိုင်နေတယ်။ ညွှန်ချုပ်က သူ့ဩဝါဒထဲမှာ ကျနော့်နာမည်ကို တကြော်ကြော် ခေါ်- အော်- ဖော်တယ်။

“ဆရာကြီး ဦးဝင်းတင်လည်း ဒီနေ့လွတ်ပြီ။ ကျနော်တို့က ဆရာကြီးစာတွေကို ဖတ်ပြီး ကြီးခဲ့တာ။ ဆရာကြီး ကျန်းမာ ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ”

 ညွှန်ချုပ် ဩဝါဒဆုံးတော့ အားလုံး ခန်းမထဲက ထွက်ကြတယ်။

ထောင်ဗူး (တံခါးမကြီးခန်းမ)ထဲကို ဝင်ကြတယ်။ အားလုံးတန်းစီ လွတ်လမ်း ချီကြတယ်။ လွတ်လူတွေထဲမှာ ဒီချုပ်က လူငယ်တာဝန်ခံ(၂) မြင့်ဋ္ဌေးပါတယ်။ လွတ်လူတွေ တော်တော်လေး ထွက်ကုန်တော့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က လာပြောတယ်။ ဆရာကြီးနဲ့ ဒီလူတွေ ဒီလူတွေ ခဏနေကြပါဦး။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး လာတွေ့ချင်တယ် ပြောလို့ပါ။ ဝန်ကြီးစောင့်ရင်း ထမင်းလေး စားပါဦးတဲ့။

ကျနော်တို့ လူသိုက်က ၁ဝ ယောက်။ ကျား ၈၊ မ ၂ ။ (ကျား ၈ ထဲမှာ ဒီချုပ်ခေါင်းဆောင် တစ်ယောက်ပါတယ်။ တောင်ငူမြို့က ဦးအောင်စိုးမြင့်။ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ အရွေးခံခဲ့ရသူ။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အရွေးခံရသူ။ အခု နေပြည်တော်မှာ လွှတ်တော် တက်နေတယ်)။ ထမင်းစားပြီးရုံ ရှိသေး။ ထောက်လှမ်းရေး ၂ ယောက် ကျနော့်ကို လာခေါ်တယ်။ အကျရုံးကို လိုက်သွားရတယ်။ အကျရုံးမှာ တအောင့်လောက် မကြာဘူး။ ခေါင်းစွပ်စွပ်ပြီး အပြင်ခေါ်ထုတ်ပြန်တယ်။ တစ်နေရာ ရောက်လို့ ခေါင်းစွပ်ချွတ်တော့။ လားလား ကျနော် မနက်ကထွက်လာခဲ့တဲ့ ထောင်ခန်း။ မနက်ထွက်လာတုန်းက ရှိရှိသမျှ ဘုဉ္ဇာဟိလုပ်ခဲ့လို့ အခန်းက ပြောင်တလင်းခါနေတယ်။ စားစရာ နတ္ထိ၊ ခြုံစရာ ဝတ်စရာ ဘာမျှမရှိ။ ရေသောက်စရာ ခွက်မှ မကျန်။ မိုးသာ စုန်းစုန်းချုပ်သွားတယ်။ ဘယ်သူဘယ်ဝါမှ ကျနော့်အခန်း ပေါ်မလာ။ ကျနော့်ကို ဘာစကားတခွန်းမှ လာမပြော။

ဒီလိုနဲ့ နောက်ထပ် ထောင်ထဲမှာ ၂ နှစ်ကျော် အပိတ်ခံခဲ့ရပြန်တယ်။ ၂ဝဝ၈ စက်တင်ဘာ ၂၃ မှ ကျနော် ထောင်က တကယ်လွတ်တယ်။

ထောင်သမိုင်းမှာ ကျနော့်လို ရာဇဝင်ရိုင်းခဲ့တဲ့သူ မရှိခဲ့ဘူး။ ကျနော် ကြားဖူးနားဝရှိသလောက် တယောက်မှ မရှိခဲ့ဘူး။ လူထုဦးလှလို ပုဂ္ဂိုလ် ထောင်ဒဏ် ပြန်ကျော့ခဲ့ရဖူးတယ်။ လွတ်ရက်ရောက်တော့ သူ့ကို ထောင်ဗူးဝရုံး ပို့တယ်။ လွှတ်ဝရမ်း ပေးတယ်။ နောက်ထပ် ပုဒ်မ ၁ဝ (ဃ) ကပ်တယ်။ ထောင်ထဲပြန်သွင်းတယ်။ ထောင်ပြန်ကျတယ်။

ကျနော် အင်းစိန်ထောင်မှာရှိနေတုန်း ကွန်မြူနစ်ဗဟိုက ကိုသက်ခိုင်လည်း ထောင်ကျနေတယ်။ တရက်မှာ သူ့လွတ်နေ့ စေ့တယ်။ စစ်ထောက်လှမ်းရေးတွေ သူ့အခန်းရှေ့ ရောက်လာကြတယ်။ လွှတ်ဝရမ်း ဖတ်ပြတယ်။ ပြီးတော့ ပုဒ်မ ၁ဝ (ဃ) ကပ်တယ်။ သူလည်း တကျော့ပြန် ထောင်ကျတယ်။

ဒီကိစ္စတွေ ကျနော် သိသားပဲ။ ကြားဖူးသားပဲ။ ဒါပေမယ့် ကျနော့်အဖြစ်နဲ့ မတူကြဘူး။ ကျနော်က လွတ်ပြီးသားလူ။ လွတ်တာမှ ကွင်းလုံးကျွတ် လွတ်ပြီးသားလူ။ ထောင်လုပ်ငန်း သဘောအရ အားလုံး၊ အကုန်လုံး၊ အူတွင်းချေးခါး မကျန် စစ်ပြီးဆေးပြီး မေးပြီး မြန်းပြီး ရာခိုင်နှုန်းပြည့် လွတ်ပြီးသားလူ။ နောက်ထပ် ဘာပုဒ်မမှ မကပ်။ နောက်ထပ် ဘာတရားမှ မစွဲ။ နောက်ထပ် ဘယ်ရုံးမှ မတင်။ ကျနော့်ကို နောက်ထပ် ၂ နှစ်ကျော် ထောင်ထဲသွင်းပိတ်ထားခဲ့တာဟာ ဘာသဘောလဲ။ ဘာအဓိပ္ပာယ်လဲ။ ဘယ်လို ဖြေရှင်းမလဲ။ ဘယ်လို ခုခံချေပမလဲ။

ဗြောင် မတရားချုပ်နှောင်တာ။ အရပ်စကားနဲ့ ပြောရရင် “ဘလိုင်း” မတရား ချုပ်နှောင်တာ။ ဥပဒေမဲ့ မတရား ချုပ်နှောင်တာ။ စစ်အာဏာရှင်တွေ မတရားလုပ်တာ။ စစ်အစိုးရက နိုင်ငံသားတစ်ဦးအပေါ် တရားမဲ့ပြုတာ။ ကိုင်း… ဥပဒေ ပညာရှင်တွေ ကျနော့်အမှုကို ဘယ်လိုအဆုံးအဖြတ်ပေးကြမလဲ။ စစ်အာဏာရှင်တွေကို ဘယ်လို ခုခံကာကွယ်ကြမလဲ။ ကျနော့်ကို ဘယ်လိုစောင့်ရှောက်ကြမလဲ။ တရားဥပဒေ စိုးမိုးရေးမရှိခဲ့လို့ ဒီလိုဖြစ်ခဲ့တာလို့ ပြောကြမှာလား။ စစ်အာဏာရှင်ခေတ်က တရားဥပဒေမဲ့ခဲ့လို့ ဒီလိုဖြစ်တာလို့ ပြောကြမှာလား။

ဒီလို စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင် အစိုးရတွေ၊ စစ်အာဏာရှင် ပါးကွက်သားတွေ၊ စစ်အာဏာရှင် လက်ပါးစေတွေ၊ စစ်အာဏာရှင် လက်ကိုင်တုတ်တွေ၊ စစ်အာဏာရှင် ကပ်ပါးတွေ၊ မတရားလုပ်ခဲ့ကြတာတွေ တရားမဲ့

ကျူးလွန်ခဲ့ကြတာတွေ၊ အားလုံးကို သင်ပုန်းချေပစ်လိုက်ရမှာလား။

သူတို့အားလုံးကို ဝန်ချ တောင်းပန်ခိုင်းကြမှာလား။

သူတို့အားလုံးကို ပြည်သူ့ခုံရုံးတင်၊ စစ်ဆေး အပြစ်ပေးကြမှာလား။

သူတို့အားလုံးကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေး အပြစ်ပေးကြမှာလား။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံးအတွက် သူတို့အားလုံးဆီက နစ်နာကြေး၊ လျော်ကြေး၊ တောင်းပန်ကြေး၊ ကန်တော့ကြေး တောင်းကြမှာလား။

စစ်အာဏာရှင်တွေကို နိုင်ငံရေး အမွေဆက်ခံတဲ့ စစ်တစ်ပိုင်း အစိုးရတခုလုံးကို သမဝါယမအစိုးရအဖွဲ့ လုပ်ခိုင်းကြမှာလား။

လုပ်ချင်တာ လုပ်။ လုပ်သင့်တာ လုပ်။ လုပ်ဖို့လိုတာ လုပ်ကြပါ။

ကောင်းတာချည်းပါပဲ။ ကျနော် ထောက်ခံပါတယ်။

အရေးတော်ပုံတပ်သားတယောက်အနေနဲ့ သဘောထားပြောပါလို့ မေးမလား။ နိုင်ငံရေးအကျဉ်းသားဟောင်းတိုင်းက ဒီလို ပြောကြလိမ့်မယ် ထင်တယ်။

စစ်အာဏာရှင်တွေ တမြုံလုံးကို
ကမ္ဘာ မကျေဘူးဟေ့။
ဗမာ မကျေဘူးဟေ့။
ငါ မကျေဘူးဟေ့။

ကျနော်တစ်ယောက်ထဲရဲ့ ထပ်ဆင့်သဘောထား ဘယ်လိုလဲလို့ ထပ်ဆင့်မေးမလား။ ဒီလိုဖြေမိမယ် ထင်တယ်။

စစ်အာဏာရှင်တွေဟာ သမိုင်းကြွေးဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ တရားဥပဒေ ကြွေးဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့်ရနေကြတယ်။ ကွယ်လွန်သူ စာရေးဆရာကြီး သတင်းစာ ဆရာကြီး အိုးဝေဦးညိုမြ စကားလုံးအတိုင်း “ငရဲခွေးကြီး လွတ်နေဆဲ” (Hell Hound at Large) လို့ ပြောရမှာပေါ့။

နောက်တမျိုး ပြောရမယ်ဆိုရင် ဒီလို ပြောပြချင်တယ်။

“ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေးတယ်”။

ဟံသာဝတီ ဦးဝင်းတင် 
အောက်တိုဘာ ၁၃၊ ၂၀၁၂

(Myanmar Independence Journal မှ ကူးယူဖော်ပြပါတယ်။) 


 

No comments: