Wednesday, October 24, 2012

လူနှင့် အပြောင်းအလဲ (နေဘုန်းလတ်)

"အားလုံးဆီက တစ်ခုခု တောင်းဆိုခွင့်ရမယ်ဆိုရင်တော့ ... အားလုံးရဲ့စိတ်ထဲမှာ ငါတို့ကိုယ်တိုင်လည်း အပြောင်းအလဲတစ်ခုခုကို ဖန်တီးဆောင်ယူကြသူတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အောင်စိတ်မျိုးမွေးပြီး ... တိုင်းပြည်အတွက် အပြောင်းအလဲသစ်တွေ၊ အပြောင်းအလဲကောင်းတွေကို ဖန်တီးဆောင်ယူပေးကြပါလို့ ..."

လူနှင့် အပြောင်းအလဲအကြောင်းကို ယှဉ်တွဲပြီးစဉ်းစားကြည့်တဲ့အခါ ... ဆက်စပ်မှုအချို့ကို ကျနော် တွေ့လိုက်ပါတယ် ...။ အချို့အပြောင်းအလဲတွေကို လူတွေက ဖန်တီးတယ် ... အချို့လူတွေရဲ့ဘဝကို အပြောင်းအလဲက ဖန်တီးတယ် ... စသည်ဖြင့် ... လူနဲ့အပြောင်းအလဲဟာ ... ပြုလုပ်သူ (Subject) နေရာနဲ့ ခံရသူ (Object)နေရာတွေကို သူတစ်ခါ ကိုယ်တစ်လှည့် ခွဲဝေယူနေကြတာကို သတိထားမိလိုက်တယ် ...။ အဲဒီ့လိုမျိုးမဟုတ်ဘဲ ... အပြောင်းအလဲနဲ့ လုံးဝ အဆက်ပြတ်နေတဲ့ လူတစ်မျိုးရှိနေတာကိုလည်း ထူးထူးဆန်းဆန်းပဲ တွေ့မိပြန်ပါတယ်။ အဲဒီ့တော့ လူ သုံးမျိုး သုံးစား ထွက်လာပါတယ် ...။

ပထမတစ်မျိုးက အပြောင်းအလဲတွေကို ဖန်တီးတဲ့သူပါ ...။ ဒုတိယတစ်မျိုးက အပြောင်းအလဲရဲ့ ပြုပြင်ဖန်တီးမှုကို အလိုက်သင့်ခံယူလိုက်တဲ့သူမျိုးပါ ...။ တတိယတစ်မျိုးကတော့ ... ပြောင်းလဲလို့ ပြောင်းလဲနေမှန်းတောင်မသိဘဲ ... အပြောင်းအလဲက သက်သက် ကိုယ်က သက်သက်ဖြစ်ပြီး ဟောင်းနွမ်းကျန်ရစ်နေကြသူမျိုးပါ ...။ ကျနော့်စာကိုရှေ့ဆက်မဖတ်မီမှာ ကိုယ်ဟာ ဘယ်လိုလူမျိုးစာရင်းထဲမှာ ပါနေလဲဆိုတာကို ကျနော်တို့ ကိုယ့်ကိုယ်ကို ပြန်မေးပြီး အားမနာတမ်း အဖြေတွေပေးကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ် ...။


ပထမလူမျိုးကို ... အင်္ဂလိပ်လို Change Agent အပြောင်းအလဲကို ဖန်တီးသယ်ဆောင်သူလို့ ခေါ်လေ့ရှိပါတယ် ...။ ပရိုသီးမီးယပ်လို လူသားတွေဆီ မီးကိုသယ်ဆောင်ပျိုးထောင်ပေးသူမျိုးပေါ့ ...။ ကျနော့်တို့တိုင်းပြည်ရဲ့ အပြောင်းအလဲတစ်ခု စတင်နေပြီဖြစ်တဲ့ အခုလိုကာလမှာ ... အပြောင်းအလဲကို ဖန်တီးဆောင်ယူသူတွေ များများရှိဖို့ လိုအပ်ပါတယ် ...။ ဒါမှ ... အပြောင်းအလဲဟာ အရှိန်အဟုန်ကောင်းပြီး ကျနော်တို့အားလုံးလိုချင်တဲ့ပန်းတိုင်ကို ခပ်မြန်မြန်ရောက်နိုင်မှာပါ ...။

အပြောင်းအလဲကို ဖန်တီးနိုင်သူတွေဖြစ်ဖို့ ... ဘာတွေလိုအပ်သလဲဆိုတဲ့ကိစ္စကို ကျနော် ဆက်ပြီးစဉ်းစားကြည့်တဲ့အခါ ... အခြေခံအကျဆုံးနဲ့ အဓိကအကျဆုံးအဖြေကတော့ ... ပြောင်းလဲမှုစနေပြီဆိုတာ၊ ပြောင်းလဲနေပြီဆိုတာကို လက်ခံလိုက်ဖို့က ပထမအဆင့်အနေနဲ့ အရေးအကြီးဆုံးပဲလို့ မြင်လာပါတယ်...။ ပြောင်းလဲနေပြီဆိုတာကို လက်မခံနိုင်ဘူးဆိုရင် ... အရာရာဟာ အရင်ကအတိုင်းပဲလို့ထင်နေပြီး ဘယ်လိုမှ ရှေ့ဆက်လှမ်းလို့ရတော့မှာ မဟုတ်ပါဘူး ...။

အခုလက်ရှိအခြေအနေမှာဆိုရင် ... အဲဒီ့အခြေခံအဆင့်ကိုတောင် မကျော်နိုင်ကြဘဲ အဲဒီ့မှာတင် တစ်နေကြတဲ့သူတွေ အများကြီးရှိတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့ တွေ့လာရပါတယ် ...။ အပြောင်းအလဲတစ်ခုတကယ်ဖြစ်နေတာကို ... ဘာပြောင်းသေးလို့လဲ အရာရာအရင်ကအတိုင်းပါပဲလို့ စစဉ်းစားလိုက်ပြီ ဆိုကတည်းက ... ဘာမှ ဆက်လုပ်စရာမရှိတော့ဘူး ဖြစ်သွားပါတော့တယ်။ အရာရာ အရင်ကအတိုင်းပဲလို့ စဉ်းစားလိုက်တော့ ... အရင်လိုပဲ တစ်ခုခုဖြစ်ရင် အစိုးရကိုအပြစ်တင်လိုက်၊ အတိုက်အခံကိုအပြစ်တင်လိုက်၊ တစ်ယောက်တည်း ရေရွတ်ညည်းတွားလိုက်နဲ့ အရင်ကပုံစံအတိုင်းပဲ ဆက်နေနေကြတဲ့အခါ ... အပြောင်းအလဲအတွက် အားတစ်ခု ဘယ်လိုမှဖြစ်မလာနိုင်တော့ပါဘူး။

ဘာပြောင်းသေးလို့လဲလို့ ပြောချင်သူတွေအတွက် ပြောင်းနေပါပြီဆိုတာကို သက်သေပြစရာ တစ်ခုထက်မက ရှိပါတယ် ... အရင်က ဖွဲ့စည်းပုံမရှိဘဲ အုပ်ချုပ်နေတာပါ၊ အခု ဖွဲ့စည်းပုံရှိလာပါပြီ၊ အရင်က အုပ်ချုပ်ရေးကို လက်တစ်ဆုပ်စာလူတစ်စုက စီမံတာပါ ... အခု အုပ်ချုပ်ရေးအဖွဲ့တွေ များစွာပေါ်ပေါက်နေပါပြီ၊ အရင်က တစ်ဦးတစ်ယောက်ရဲ့ နှုတ်ထွက်စကားက တရားဥပဒေဖြစ်လာတာပါ ... အခု ဥပဒေပြုဖို့ လွှတ်တော်တွေ ရှိနေပါပြီ ...။ အရင်က ငွေများ တရားနိုင်၊ စာအိတ်ဖောက်ဖတ် အဆင့်မှာရှိတဲ့ တရားရေးကဏ္ဍဟာ အခုဆို ပြုပြင်ပြောင်းလဲမှုတွေ အများကြီးကို မဖြစ်မနေ လုပ်ဆောင်နေကြရပါပြီ။

မီဒီယာကဏ္ဍကိုကြည့်မယ့်ဆိုရင်လည်း အပြောင်းအလဲတွေ အများကြီးရှိနေတယ်ဆိုတာကို သေချာပြူးပြဲကြည့်စရာမလိုဘဲနဲ့ကိုတောင် မြင်သာနေပါပြီ ...။ ပြည်သူတွေဆိုရင်လည်း ... အရင်ကလို ငြိမ်ဝပ်ပိပြားနေစရာမလိုတော့ပဲ ... ပြောသင့်ပြောထိုက်တာတွေကို အထိုက်အလျှောက် ပြောဆိုခွင့်ရနေပါပြီ ...။ ပြောင်းလဲမှုရဲ့ နည်းခြင်းများခြင်း၊ နှေးခြင်းမြန်ခြင်းဆိုတာကို ခဏဖယ်ထားပြီး ... ပြောင်းလဲမှုတွေ ရှိမလာဘူးလားဆိုတဲ့ကိစ္စကိုပဲ ရိုးရိုးစဉ်းစားပြီး ရှင်းရှင်းဖြေကြည့်လိုက်ပါ ... ။

မရှိဘူးဆိုတဲ့အဖြေပဲ ပေးချင်သေးတယ်ဆိုရင်တော့ ... အဲဒီ့သူဟာ ပြောင်းလဲလို့ ပြောင်းလဲနေမှန်းတောင်မသိတဲ့ တတိယလူမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ရှေ့အဆင့်တွေကို ဆက်တက်ဖို့ ခက်သွားပါပြီ ...။ အဲဒီ့လိုမဟုတ်ဘဲ ... လက်ရှိအခြေအနေကို ပြောင်းလဲနေပြီလို့ လက်ခံတယ်ဆိုရင်တော့ ကျနော်တို့တွေ နောက်တစ်ဆင့်တက်ဖို့ ဆက်စဉ်းစားကြပါမယ် ...။

ပြောင်းလဲနေပြီဆိုတာကို လက်ခံတယ်ဆိုတဲ့အဆင့်ကို ဖြတ်ပြီးပြီဆိုရင် ... ကျနော်တို့ ကိုယ့်ကိုယ်ကိုထပ်ပြီးမေးရမယ့် မေးခွန်းက ... အပြောင်းအလဲကို ကိုယ်လိုချင်တဲ့အတိုင်းဖြစ်အောင် လုပ်မှာလား ... ဖြစ်လာတဲ့အပြောင်းအလဲက ကိုယ့်ဘဝကို လွှမ်းမိုးပြဌာန်းသွားတာကို ခံမှာလားဆိုတဲ့ မေးခွန်းပါ ...။ ပြောင်းလဲနေပြီဆိုတာကို နားလည်လက်ခံပြီး အပြောင်းအလဲနဲ့အတူ လိုက်ပါပြောင်းလဲတယ်ဆိုတဲ့နေရာမှာ ... အခက်အခဲတွေ၊ ဟာကွက်တွေ အများကြီးရှိပါတယ်။

ကိုယ်ကိုယ်တိုင် လိုလိုချင်ချင်နဲ့ ဖန်တီးပြောင်းလဲပေးခဲ့တာမဟုတ်တဲ့အတွက် ... အပြောင်းအလဲနဲ့ ကိုယ်နဲ့ သူစိမ်းတရံ ဆန်နေတတ်ပါတယ် ...။ နောက်ပြီး အပြောင်းအလဲကို ကိုယ်ကိုယ်တိုင်က လိုလိုလားလားနဲ့ လက်ခံရယူထားတာ မဟုတ်တဲ့အတွက် ... လိုက်ပါပြောင်းလဲရတဲ့အခါမှာ တွန့်ဆုပ်တွေဝေနေတာ၊ လေးကန်တုံ့ဆိုင်းနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သြော် ... ခေတ်ကြီးက တကယ်ကိုပြောင်းလဲနေပြီပဲလို့ လက်ခံပေးလိုက်တဲ့သူတွေအတွက် ... ပြောင်းလဲမှုနဲ့အတူ လိုက်ပါပြောင်းလဲဖို့ဆိုတဲ့ နောက်တစ်ဆင့်ကိုတက်တဲ့နေရာမှာ ... အဲဒီ့လိုအခက်အခဲမျိုးတွေ ကြုံရနိုင်သလို အချိန်လည်း ယူရတတ်ပါတယ် ...။

လူတစ်ယောက်အနေနဲ့ အဲဒီ့ ပြောင်းလဲဖို့ကြိုးစားနေတုန်း ကြားကာလမှာလည်း အရင်အလေ့အကျင့်ဟောင်းတွေနဲ့ ပြောင်းလဲလာတဲ့အခြေအနေက တောင်းဆိုတဲ့ အသစ်တွေကြားထဲက လွန်ဆွဲမှုတွေကို မဖြစ်မနေခံရပါတယ်။ အဟောင်းကို မစွန့်လွှတ်နိုင်သေးသရွေ့တော့ ... အသစ်နဲ့ ဘယ်လိုမှတွေ့နိုင်မှာ မဟုတ်ပါဘူး ...။

ဒီနေရာမှာ ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ အမြဲမပြတ်သော သတိတရားရှိနေဖို့ လိုအပ်ပါတယ်။ အရှိန်အဟုန်နဲ့ပြောင်းလဲနေတဲ့ အပြောင်းအလဲကာလမှာ ကိုယ့်ရဲ့ တွန့်ဆုတ်တွဝေမှု၊ လေးကန် တုံ့ဆိုင်းမှုတွေကို သတိရှိရှိနဲ့ ခပ်မြန်မြန်မဖြေရှင်းနိုင်ဘူးဆိုရင် အပြောင်းအလဲရဲ့ တိုက်စားမှုကို ခံသွားရနိုင်ပါတယ်။ ဘာပဲပြောပြော အပြောင်းအလဲတစ်ခုဖြစ်နေပြီဆိုတာကိုလက်ခံပြီး အပြောင်းအလဲကတောင်းဆိုတဲ့ အတွေးအခေါ်အသစ်၊ စိတ်ဓာတ်အသစ်၊ ပြောဆိုပြုမူပုံအသစ်တွေကို လေ့လာပြီး ဖြည့်ဆည်းဖို့ ကြိုးစားနေတယ်ဆိုတဲ့ ... လူမျိုးဟာ တတိယလူလောက်တော့ ဟောင်းနွမ်းပြီးကျန်ခဲ့မှာ မဟုတ်ပါဘူး ...။

အပြောင်းအလဲကို ဖန်တီးဆောင်ယူကြတဲ့သူတွေအကြောင်းကို ပြောပါမယ်။ အပြောင်းအလဲကို ဖန်တီးဆောင်ယူတဲ့သူမျိုးတွေဟာ ... အစကတည်းကရှိနေတဲ့ အခြေအနေတစ်ခုကို သေသေချာချာ နားလည်ပါတယ် ... ပြီးတော့ အဲဒီ့အခြေအနေကိုမကြိုက်လို့ ဘယ်လိုပြောင်းလဲပစ်ရမလဲဆိုတာကို စဉ်းစားပါတယ် ... အဲဒီ့အခါမှာ ဘယ်လိုအပြောင်းအလဲမျိုးတော့ ဖြစ်ဖို့လိုအပ်နေပြီဆိုတာကို ရှာဖွေတွေ့ရှိပါတယ်။ အဲဒီ့နောက်မှာတော့ အဲဒီ့အပြောင်းအလဲကို ဘယ်လိုနည်းနဲ့ ဖန်တီးဆောင်ယူလို့ရနိုင်မလဲဆိုတဲ့ နည်းလမ်းကို ထပ်စဉ်းစားပြီး ... ရအောင် ကြိုးစားပါတော့တယ်။

ဆိုတော့ကာ ... အဲဒီ့လိုလူမျိုးဟာ အခြေအနေအဟောင်းရဲ့ ဆိုးကွက်တွေကို သိနားလည်သလို ... အပြောင်းအလဲကြောင့်ဖြစ်လာမယ့် အခြေအနေအသစ်ရဲ့ ကောင်းကွက်တွေ၊ အဲဒီ့အခြေအနေအသစ်အတွက် လိုအပ်မယ့် စိတ်ပိုင်းဆိုင်ရာ အနေအထားတွေ အားလုံးနဲ့လည်း အသားကျပြီးသားဖြစ်နေတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်က မကြိုက်နှစ်သက်တဲ့ အဟောင်းတစ်ခုကို ကိုယ်ကိုယ်တိုင်က နှစ်သက်လိုလားတဲ့ အသစ်တစ်ခုဆီပြောင်းလဲယူဖို့ ကြိုးစားတာဖြစ်တဲ့အတွက် ... အပြောင်းအလဲဟာ ကိုယ်နဲ့တစ်သားတည်း ဖြစ်နေပါတော့တယ် ...။ အပြောင်းအလဲကို မသိတဲ့သူ၊ ပြောင်းလဲဖို့ မနည်းကြိုးစားနေရသူနဲ့ အပြောင်းအလဲကို ဖန်တီးသူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကွာခြားမှုက တော်တော်ကြီးပါတယ် ...။

ဒါပေမယ့် တစ်ခုရှိတာက ... အပြောင်းအလဲတစ်ခုကို ဖန်တီးဖို့ကြိုးစားကြတဲ့သူတွေ အချင်းချင်းမှာပဲ ... အမျိုးအစားတွေ ထပ်ပြီးကွဲနိုင်ပါသေးတယ်။ လက်ရှိအခြေအနေတစ်ခုကို ပြောင်းလဲပစ်ရတော့မယ်ဆိုတာကို သိတာချင်းအတူတူ ... ဘယ်လိုအပြောင်းအလဲမျိုးကို ဆောင်ယူမလဲဆိုတဲ့အချက်မှာ ကွဲသွားတတ်ပါတယ် ...။ အာဏာရှင်စနစ်ကနေ ... ဒီမိုကရေစီကိုပြောင်းမှာလား၊ ဆိုရှယ်လစ်ကိုပြောင်းမှာလား၊ ကွန်မြူနစ်စနစ်လား ... စသည်ဖြင့်ပေါ့ ...။

ဘယ်လိုအပြောင်းအလဲမျိုးကို ဆောင်ယူမလဲဆိုတဲ့အချက်မှာပါ ထပ်ပြီး သဘောတူသွားကြပြီဆိုရင်တောင် ... ဘယ်လိုနည်းနဲ့ အပြောင်းအလဲကိုဆောင်ယူမလဲဆိုတဲ့ နည်းလမ်းရွေးချယ်မှုမှာ ထပ်ပြီး ကွဲကြပါတယ် ...။ ဘယ်လိုပဲကွဲကွဲ ... ဘယ်လောက်ပဲကြိုးစားကြ ကြိုးစားကြ ... နောက်ဆုံးမှာ ... လူ့အဖွဲ့အစည်းနဲ့ တကယ်သင့်တော်တဲ့၊ လူ့အဖွဲ့အစည်းက တကယ်လိုလားတဲ့ အပြောင်းအလဲတစ်ခုကို လူ့အဖွဲ့အစည်းကို အထိအခိုက် အနည်းဆုံးနည်းနဲ့ ဆောင်ယူပျိုးထောင်ပေးတဲ့သူတွေက ... လူ့အဖွဲ့အစည်းရဲ့နှလုံးသားထဲမှာ အခိုင်အမာ နေရာရပါတယ် ...။

အခုလောက်ဆို လူနဲ့အပြောင်းအလဲကြားက အဆက်အစပ်တွေအကြောင်းကို ... နည်းနည်းပါးပါး ဒါမှမဟုတ် အရိပ်အယောင်လောက်တော့ ... မှန်းဆမိလောက်ပြီ ထင်ပါတယ် ...။ ထပ်ပြီးတော့လည်း စဉ်းစားကြစေချင်ပါတယ် ... နောက်ပြီး ကိုယ်က ဘယ်လိုလူမျိုးထဲမှာ ပါနေလဲဆိုတာကိုလည်း ရဲရဲကြီးဆုံးဖြတ်ကြစေချင်ပါတယ်။ အားလုံးဆီက တစ်ခုခု တောင်းဆိုခွင့်ရမယ်ဆိုရင်တော့ ... အားလုံးရဲ့စိတ်ထဲမှာ ငါတို့ကိုယ်တိုင်လည်း အပြောင်းအလဲတစ်ခုခုကို ဖန်တီးဆောင်ယူကြသူတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အောင်စိတ်မျိုးမွေးပြီး ... တိုင်းပြည်အတွက် အပြောင်းအလဲသစ်တွေ၊ အပြောင်းအလဲကောင်းတွေကို ဖန်တီးဆောင်ယူပေးကြပါလို့ ... တောင်းဆိုချင်ပါတယ် ...။

ချစ်ခြင်းမေတ္တာကို မြတ်နိုးပါ၊ ဉာဏ်ပညာကို တန်ဖိုးထားပါ။

အနုပညာကို ခံစားတတ်ပါစေ။

နေဘုန်းလတ် 
၂၂- ၀၉- ၂၀၁၂

(ဒီလှိုင်း ဂျာနယ် မှ …) 


 

No comments: