Monday, October 22, 2012

ထမင်းအိုးကွဲမှာ မကြောက်တဲ့ သတင်းထောက် (ကိုညို)

“သတင်းသမားဆိုတာ ထမင်းစားဖို့လုပ်ရပြီဆိုကတည်းက မဟုတ်တော့ဘူးလေ။ အမှန်တရားထက် ထမင်းအိုးပဲ ကြည့်နေရတော့မှာပေါ့။ ခေတ်ကိုက ထမင်းချက်နဲ့ ထမင်းရှင်တောင် မကွဲပြားတော့တဲ့ကာလကိုး …” 

ဒီနေ့မနက်စောစော ထကွန်ပြူတာဖွင့်လိုက်တာနဲ့ စိတ်မကောင်းစရာ၊ Message သတင်းစကားတွေ၊ သတင်းနဲ့ ဆောင်းပါးတချို့၊ မိတ်ဆွေတချို့ပို့လိုက်တာ ဖတ်လိုက်ရတယ်။ အမေရိကန်အခြေစိုက် သတင်းဌာနတခုက လုပ်ဖော်ကိုင်ဘက်ဟောင်းတွေ အလုပ်ဖြုတ်ခံရတဲ့သတင်းပါ။ သူတို့အထက်၊ ဌာနအကြီးအကဲနဲ့ အယ်ဒီတာတယောက်ရဲ့ လက်အောက်ငယ်သားတွေအပေါ် ဖိနှိပ်တာ၊ မတရားဘိုကျတာ၊ မျက်နှာလိုက်ဆက်ဆံတာ၊ သတင်းသမားကျင့်ဝတ်နဲ့ ဝန်ထမ်းကျင့်ဝတ် ဖောက်ပြားတာတွေကို အထက်အရာရှိတွေဆီ ဦးဆောင်လက်မှတ်ထိုးတိုင်မိလို့တဲ့။

ဟိုး … အစောကထဲက အဲဒီသတင်းဌာနက အယ်ဒီတာတွေရဲ့ မတရားမှုတွေနဲ့ ကိုယ်ကျင့်တရားရော၊ သတင်းသမားကျင့်ဝတ်ရော အပုတ်နံ့ထွက်နေတဲ့ အယ်ဒီတာတယောက်အကြောင်းကို အင်တာနက်သတင်းတွေကနေ ကြားခဲ့ရတယ်။ သက်ဆိုင်ရာအဖွဲ့တွေကလည်း စုံစမ်းစစ်ဆေးသတဲ့။ လူပြောကလည်း များ၊ အဖြစ်အပျက်မှာပါဝင်တဲ့ ဇာတ်ကောင်တွေ၊ မျက်မြင်တွေ၊ ကာအိနြေ္ဒရေ ထိပါးခံရသူ၊ ကာယကံရှင်တွေနဲ့ပါ စစ်ဆေးစုံစမ်းတာဆိုတော့ အရေးယူမှုဟာ ထိထိရောက်ရောက်ရှိလိမ့်မယ်လို့ ထင်ခဲ့တာပေါ့လေ။


အမေရိကန်နိုင်ငံဆိုတာကလည်း ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေကို ကမ္ဘာပေါ်မှာ အကျယ်ဆုံးအော်ပြီး ကျနော်တို့လို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်မှုအောက်က မလွတ်လပ်တဲ့နိုင်ငံတွေကို ထိထိရောက်ရောက် ကူညီတဲ့နိုင်ငံလည်းဖြစ်၊ အာဏာရှင်တွေ၊ မတရားမှုတွေကို ဦးဆောင်တိုက်နေတဲ့ နိုင်ငံလည်းဖြစ်သလို၊ လွတ်လပ်ပွင့်လင်းတဲ့သတင်းတွေကို သတင်းဌာနတွေ ထူထောင်ပြီး ဝါဒဖြန့်နေတာဆိုတော့ လေးစားသလို အားလည်း ကိုးခဲ့တယ်။

အခုတော့ ကြားနေရတဲ့သတင်းတွေက စိတ်မကောင်းစရာတွေ။ ကိုယ်မြင်တွေ့လိုတဲ့ စံချိန်၊ စံညွှန်းအတိုင်း မဖြစ်လာတာကို ဝမ်းနည်းရုံမိကလွဲလို့ ဘာမှမတတ်နိုင်။ ကိုယ်လည်း အမှန်တရားလို့ ကိုယ်မြင်တဲ့အရာကို ဖက်တွယ်မိလို့ ဖယ်တွန်းခံရတာတွေလည်း ရှိခဲ့တာပဲလေ။ တချို့အမှန်တရားဆိုတာတွေက အပြားသဘော (နှစ်ဘက်မြင်အမှန်) တွေလည်းရှိသလို၊ ကိုယ်က သွေးထွက်အောင် မှန်တာတွေပြောမိလို့ ရွာပြင်ထုတ်ခံရတဲ့ဇာတ်လမ်းတွေလည်း ရှိတာပဲလေ။ အခုကိစ္စတွေကတော့ မှန်တာကို ဆတ်ဆတ်ထိမခံလို့ ရွာပြင်ထုတ်ခံရတာလားလို့ အတွေးပွားမိတယ်။

ပြည်တွင်းကိုအားဖြည့်ဖို့ (ဘတ်ဂျက် လိုအပ်ချက်အရ) ပြည်ပဝန်ထမ်းအားကို လျှော့ချမယ်ဆိုရင်လည်း ပြည်ပ ဝန်ထမ်းအသစ် ပြန်ခန့်နေတာတွေကလည်းရှိနေပြန်တော့ ဒါလည်း မဟုတ်သေးဘူး၊ အခုဟာက ဝါရင့်သတင်းထောက် ဝန်ထမ်းတွေကို အလုပ်ဖြုတ်၊ ရာထူးတိုးမပေးဘဲ သက်တမ်းနုတဲ့ဝန်ထမ်းကို ခုန်ကျော်ပြီး အယ်ဒီတာရာထူးတိုး၊ ယာယီ အသစ်ခန့်ထားတဲ့ ဝန်ထမ်းတွေ အမြဲတမ်းရာထူးတိုးခန့်နေတာဆိုတော့ ... မဟုတ်မှလွဲရော ဖြုတ်၊ ထုတ်၊ သတ် အရေးယူမှုတွေများလားလို့ တွေးမိတယ်။

ထုတ်ပစ်သူတွေကိုလည်း အထက်အကြီးအကဲက အခုပဲခေါ်ပြော၊ အခုပဲရုံးကနှင်ချလိုက်တာ၊ ကိုယ့်ပစ္စည်းတွေတောင် အကုန်မသယ်နိုင်ဘဲ ကမန်းကတမ်း ဆင်းသွားရတာဆိုတော့ … ကြားရ နားဝမသက်သာဆိုသလို နှစ်ရှည်လများ ဌာနအကျိုး သယ်ပိုးခဲ့ရတဲ့ မိမိတို့သတင်းထောက်တွေရဲ့ (လူတယောက်ရဲ့) ဂုဏ်သိက္ခာကိုတောင် မငဲ့ကွက်တဲ့ လူယဉ်ကျေးတွေဆိုသူတွေရဲ့ ရပ်တည်မှုတွေကိုလည်း သြချမိပါရဲ့။

ထားပါတော့ ... ဒါက သတင်းဌာနတခု ကိုင်ဆွဲထားတဲ့ ရပ်တည်မှုနဲ့ ဆုံးဖြတ်တဲ့ ဥပဒေလည်းဖြစ်နိုင်တယ်။ ရန်သူလို သဘောထားပြီး အပြတ်ချေမှုန်းတာလည်း ဖြစ်နိုင်တယ်။ ဒီအကြောင်းတွေ နှိုက်နှိုက်ချွတ်ချွတ် သိရင်တောင် ကွက်ကွက်ကွင်းကွင်း မဝေဖန်ချင်တော့ဘူး။ မတရားတာ၊ တရားတာတွေလည်း မပြောလိုတော့ဘူး။ ဒီခေတ်က မတရားဘူးဆိုသူတွေလည်း ထိပ်ဆုံးရောက် အောင်ပွဲခံချင်ခံနေတာ။ တရားမျှတဖို့ တိုက်ပွဲဝင်နေသူတွေကလည်း မြောင်းထဲကျပြီး ကျဆုံးရင် ကျဆုံးနေတဲ့ခေတ်။ ဒဏ်ရာအနာတရတွေ ကြီးမားနေတဲ့ခေတ်။

ဒီဆောင်းပါးမှာ အဓိကပြောချင်တာက … သတင်းသမား သတ္တိ၊ သတင်းသမား ရပ်တည်ချက်ပါ။ ပြီးတော့ ထမင်းအိုးကွဲမှာကြောက်တဲ့ သတင်းထောက်နဲ့ ထမင်းအိုးကွဲမှာမကြောက်တဲ့ သတင်းထောက်တွေအကြောင်း ...။

အားလုံးသိတဲ့အတိုင်း … ကျနော်တို့ခေတ်သတင်းထောက်အများစုဟာ မတရားတာကို မတရားဘူးလို့ ပြောရဲသူတွေ သိပ်ရှားလာတယ်။ (ပြောရဲရင်လည်း ခံရပြီသာမှတ်) သတင်းအလုပ်ကို ထမင်းစားဖို့ အလုပ်တခုလို လုပ်လာကြတယ်။ သတင်းသမားဆိုတာ ထမင်းစားဖို့လုပ်ရပြီဆိုကတည်းက မဟုတ်တော့ဘူးလေ။ အမှန်တရားထက် ထမင်းအိုးပဲ ကြည့်နေရတော့မှာပေါ့။ ခေတ်ကိုက ထမင်းချက်နဲ့ ထမင်းရှင်တောင် မကွဲပြားတော့တဲ့ကာလကိုး။

“ဆင်းရဲမှုသည် တံခါးပေါက်ကဝင်လာတဲ့အခါ … အမှန်တရားဟာ ပြူတင်းပေါက်က တိတ်တဆိတ် ထွက်သွားသည်” ဆိုတဲ့ အင်္ဂလိပ်စကားပုံလေး ... လိုပေါ့။

သတင်းထောက် ကိုညို 

(ထမင်းစားဖို့ အလုပ်ပြေးရတော့မှာမို့ ကျနော့်ဆောင်းပါးကို ဒီနေရာမှာ ခဏရပ်ထားအုံးမယ်ဗျာ၊ ညပိုင်း အလုပ်ကပြန်ရောက်မှ ဆက်ရေးပါအုံးမယ်) 


 

No comments: