“နိုင်ငံရေးပါတီဆိုတာက လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းကျင့်ဝတ်တွေရှိတယ်။ ဒစ်ပလိုမေစီ ကျင့်သုံးရတာတွေ ရှိတယ်။ မှန်တိုင်းပြောမဖြစ်ဘဲ ထိန်းချုပ်ရတာတွေရှိတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အချိန်မရွေး သူတို့ရှေ့က မားမားမတ်မတ်ရပ်ပြီး ပြောဆိုလုပ်ကိုင်ပေးမယ့် အဖွဲ့အစည်းမျိုး လိုအပ်တယ်။ ဒီမိုကရေစီခေတ်ရောက်ရင် နိုင်ငံသားအားလုံးရဲ့ အရေးကိစ္စအမျိုးမျိုးကို ဆောင်ရွက်ဖို့ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေလည်း အများကြီးရှိလာဖို့ လိုအပ်လိမ့်မယ်။ ၈၈ မျိုးဆက်လူငယ်တွေက နဂိုကတည်းက ပြည်သူချစ်တဲ့အဖွဲ့ဖြစ်တော့ ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထု အားကိုးအားထားပြုနိုင်မယ့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း …”
၁၃-၁-၂၀၁၂ နေ့ဟာ အင်မတန် ဝမ်းမြောက်ပျော်ရွှင်စရာကောင်းတဲ့နေ့ ဖြစ်တယ်။ နိုင်ငံတစ်ဝန်းလုံးက ပြည်သူအားလုံးလည်း အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် ပျော်ကြတယ်။ ဒီလိုပျော်စရာကောင်းတာမျိုး ကမ္ဘာပေါ်က ဘယ်နိုင်ငံ ဘယ်လူမျိုးမှ ခံစားဖူးလိမ့်မယ်မဟုတ်ဘူးလို့ တွေးကြည့်မိတယ်။
တစ်နိုင်ငံလုံးပျော်
အင်းစိန်ထောင်ကြီးရှေ့မှာ လူတွေထောင်နဲ့ချီ စုဝေးရောက်ရှိနေပြီး ထောင်ထဲကထွက်လာသူတွေကို လက်ခုပ်သံတွေ ညံနေတဲ့ကြားက ပြေးဖက်သူက ဖက်၊ ပန်းစည်းပေးသူက ပေး၊ ပြုံးမျက်ရည်တွေနဲ့ ငေးသူက ငေးဖြစ်နေကြတဲ့ မြင်ကွင်းမျိုးလည်း ဘယ်နိုင်ငံမှ ကြုံဖူးကြမယ်မထင်ပါဘူး။ မြန်မာလူမျိုးတွေအဖို့တော့ တစ်ကြိမ်တစ်ခါသာ မဟုတ်ဘူး ဒီလိုပျော်စရာနေ့မျိုးတွေ ခဏခဏကို ကြုံတွေ့ခဲ့ကြဖူးတယ်။ ရှည်လျားတဲ့ နှစ်ငါးဆယ်ကာလကို ထည့်မပြောတော့ပါဘူး။ ဒီသုံးနှစ်လောက်အတွင်းမှာကို အကြိမ်တွေ မနည်းလှဘူး။ မှတ်မှတ်ရရဆို ဦးဝင်းတင်လွတ်တုန်းက တစ်ကြိမ် ဒီလိုပျော်ခဲ့ကြရတယ်။ မနှစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်တုန်းကလည်း တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် အပျော်ကြီးပျော်ခဲ့ကြတယ်။
ရင်ထဲက အလုံးကြီးကျ
အခု ဇန်နဝါရီ ၁၃ ရက်ကျတော့ မနက်အိပ်ရာကထလိုက်တာနဲ့ ကျက်သရေမင်္ဂလာရှိလှတဲ့သတင်းကို အရင်ဆုံး စကြားလိုက်ရတယ်။ ခွန်ထွန်းဦးနဲ့ မင်းကိုနိုင် အပါအဝင် အနှစ် နှစ်အလလ မျှော်လင့်စောင့်စားနေရသူတွေအားလုံး ပြန်ထွက်လာပြီတဲ့။ နားနဲ့ကြားရတာကိုအားမရလို့ ကွန်ပျူတာကိုကြည့်လိုက်တော့ အားလုံးလွတ်တဲ့အကြောင်း ဝက်ဘ်ဆိုက်သုံး လေးခုမှာ ရေးထားတာတွေ့တော့မှ စိတ်ချသွားတယ်။ ၁၂ ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ထွက်ပြီးကတည်းက ဒီတစ်ခါပါမှာလား သေချာပြီလားနဲ့ ရင်တမမဖြစ်နေခဲ့တာ အခုမှရင်ထဲက အလုံးကြီးကျသွားတော့တယ်။ ညကဆို တစ်ညလုံး မပျော်တစ်ချက် ပျော်တစ်ချက် ဖြစ်နေခဲ့ရတယ်။
ဘယ်က လူကြီးလဲ
နံနက် ၁၀ နာရီလောက် သတင်းထောက်တွေရဲ့အမေးကို ဖြေနေတဲ့ မင်းကိုနိုင်ရဲ့အသံကိုကြားလိုက်ရတော့ စိတ်ချသွားပြီး လွတ်လွတ်လပ်လပ် ပျော်သွားတယ်။ သာယာဝတီ ထောင်ကလွတ်တဲ့ မနီလာသိန်းက သမီးလေးကိုပြန်တွေ့ရတော့ အရမ်း ပျော်တယ်။ ဒါပေမယ့် သမီးလေးကတော့ သူ့ကိုစိမ်းနေသေးတယ်လို့ ပြောတာကြားလိုက်ရတော့ ရင်ထဲမှာ မကောင်းဘူး။ ဆို့သွားတယ်။ ကိုယ်လည်း သူ့လို နှစ်ခါကြုံဖူးခဲ့တာကိုး။ ပထမအကြိမ်မှာသားကို သုံးလအရွယ်နဲ့ ထားခဲ့ရတယ်။ ဒုတိယအကြိမ်ကျတော့ သမီးက ၁၀ လသမီး။ နှစ်တွေ အကြာကြီးနေမှ ပြန်တွေ့ကြရတော့ အစမှာ ခပ်စိမ်းစိမ်းပါပဲ။ “အမေ ဘယ်ကလူကြီးလဲ” လို့ အမေးမခံရတာကိုပဲ ကျေးဇူးတင်နေရသေးတယ်လေ။
ရုပ်သံနဲ့ မျက်စိမခွာ
၁၃ ရက်နေ့တစ်နေ့လုံး ရုပ်သံ စက်ရှေ့မှာပဲ ထိုင်နေတယ်။ လာသမျှလူတွေကိုလည်း ဒီဗီဘီနဲ့ပဲ ဧည့်ခံလိုက်တယ်။ တဂွမ်ဂွမ်နဲ့ ဆက်သမျှ ဖုန်းတွေကိုလည်း ရုပ်သံကြည့်ရင်း ဖြေလိုက်တယ်။ အသက်ကြီးလာတော့ လူကပိုပြီး ပူတတ်တယ်။ ဘာပြောပြော အိမ်ရောက်ပြီဆိုမှ စိတ်ချနိုင်မှာမို့ ရုပ်သံနဲ့ မျက်စိမခွာဘဲ စောင့်ကြည့်နေမိတယ်။ ရုပ်သံ ဖန်သားပြင်ပေါ်က ပျော်ရွှင်မြူးတူးနေကြတဲ့ လူတွေကိုကြည့်ရင်းနဲ့ စာအစမှာရေးခဲ့တဲ့ ‘ဒီလိုပျော်စရာ ကောင်းတာမျိုးကမ္ဘာပေါ်က ဘယ်နိုင်ငံ ဘယ်လူမျိုးမှ ခံစားဖူးလိမ့်မယ်မဟုတ်ဘူး’ ဆိုတဲ့အတွေး ဝင်လာခဲ့တာဖြစ်တယ်။
အကျဉ်းစခန်းတွေထဲက
အဲဒီလို တွေးမိတာနဲ့တစ်ဆက်တည်း ဒုတိယကမ္ဘာစစ်ကြီးပြီးပြီးချင်း အကျဉ်းစခန်းတွေထဲက အသက်မသေဘဲ ကျန်ရစ်နေသူတွေထွက်လာတာကို မိဘဆွေမျိုးသားချင်းတွေနဲ့ ဇနီးသားမယားတွေက ရင်တထိတ်ထိတ်နဲ့ စောင့်ကြိုနေကြတဲ့မြင်ကွင်းတွေ မျက်စိထဲပြန်မြင်လာတယ်။ ကိုယ်ရှာနေသူကို တွေ့လိုက်ရတဲ့အခါ သူတို့မျက်နှာတွေပေါ်မှာ ဝမ်းသာခြင်းနဲ့ ဝမ်းနည်းခြင်း ခံစားမှုနှစ်မျိုး တစ်ပြိုင်တည်းဖြစ်ပေါ်လာတာကို အရအမိ ရိုက်ယူထားနိုင်တဲ့ ဓာတ်ပုံဆရာရဲ့လက်ရာ ဓာတ်ပုံစာအုပ်ကို သေတ္တာတွေထဲမှာ ပြန်ရှာဦးမှပဲလို့ ခေါင်းထဲမှာ မှတ်ထားလိုက်တယ်။
ခွပ်ဒေါင်းအောင်လံ တလူလူ
ရုပ်မြင်သံကြားရှေ့မှာ တစ်နေ့လုံးထိုင်နေတယ်လို့ဆိုရပေမယ့် အာရုံကတော့ အပြည့်မရောက်ပါဘူး။ ဧည့်သည်တွေ ဝင်လိုက်ထွက်လိုက်၊ ဖုန်းသံ တဂွမ်ဂွမ်မြည်လိုက်ဖြစ်နေတော့ အာရုံတွေလည်း ဟိုရောက် ဒီရောက်ပါပဲ။ အသေအချာ မျက်စိထဲမှာစွဲသွားတဲ့မြင်ကွင်းကတော့ သရက်ထောင်ကထွက်လာတဲ့ မင်းကိုနိုင်ကို သရက်မြို့သူမြို့သားများက ခွပ်ဒေါင်းအလံတလူလူလွှင့်ပြီး ကြိုဆိုတဲ့မြင်ကွင်းဖြစ်တယ်။ သရက်လိုမြို့ငယ်လေးမှာတောင် လူစုလူဝေးက ရာနဲ့ချီပြီး ရှိတယ်။ သရက်မြို့သူမြို့သားများရဲ့သတ္တိကို လေးစားမိသလို မင်းကိုနိုင်ကိုချစ်ကြတာကိုလည်း ကျေနပ်အားရဖြစ်မိတယ်။ အောင်လံဘက်ကိုကူးတော့ ပရိသတ်က ကမ်းလုံးညွတ်မတတ်ရှိပြီး ခွပ်ဒေါင်းအလံတွေလည်း လေမှာ တဖျပ်ဖျပ် လွင့်ပျံနေကြတော့တယ်။
သည်းသည်းလှုပ်အောင် ချစ်ကြ
မင်းကိုနိုင်ခမျာ အိမ်ပြန်ခရီးကို အသော့နှင်မသွားနိုင်ဘူး။ ပြည်သူတွေက ဟိုကထွက်တား၊ ဒီကထွက်တားနဲ့ တစ်တားတည်းတားနေကြလို့ ရောက်လေရာအရပ်မှာ နှုတ်ဆက်စကားတွေ ပြောရတယ်။ ပန်းကုံးစွပ်တာ ခံရတယ်။ အောင်သပြေတွေ ကမ်းတာယူရတယ်။ ပြည်သူတွေက ချစ်ကြတာကိုး။ အသက်ထင်ရှားရှိနေဆဲမှာ တစ်တိုင်းတစ်ပြည်လုံးက ‘သဲသဲလှုပ်’ အောင်ချစ်ကြတဲ့ နိုင်ငံရေးသမားဆိုလို့ တစ်သက်မှာနှစ်ယောက်ပဲ တွေ့ဖူးတယ်။ တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်။ နောက်တစ်ဦးက မင်းကိုနိုင်။
ငါတကောကောတတ်
ဒေါ်အောင်ဆန်းစုကြည်က အခုသမ္မတ ဦးသိန်းစိန်အစိုးရနဲ့ လက်တွဲပြီး လွှတ်တော်နိုင်ငံရေးလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တယ်။ ဒီမိုကရေစီလမ်းခရီးမှာ ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့ဆိုတာ မရှိမဖြစ် အင်္ဂါရပ်တွေဖြစ်တယ်။ ဒါပေမယ့် ပြီးပြည့်စုံပြီလို့တော့ မဆိုနိုင်ဘူး။ ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့နဲ့ တက်လာပြီးမှ အာဏာရှင်ဆန်ဆန် အုပ်ချုပ်သွားတဲ့ အစိုးရမျိုးတွေလည်း အများကြီးရှိခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ကမ္ဘာ့နိုင်ငံတိုင်းမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီက ‘ကိုယ်စားပြုဒီမိုကရေစီ’ စနစ် ဖြစ်တယ်။ ကိုယ်စားလှယ်တွေကို ပြည်သူလူထုက ရွေးကောက်ပြီး လွှတ်တော်ထဲ ပို့လိုက်ပေမယ့် ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲရောက်ပြီးတဲ့အခါ ပြည်သူ့ဆန္ဒကို ဦးထိပ်ပန်ဆင်ခြင်း မပြုတော့ဘဲ ငါ တကောကောတာမျိုးတွေ ဖြစ်လေ့ရှိတယ်။
ပြည်သူ့ဒီမိုကရေစီ
အကောင်းဆုံးကတော့ တိုင်းရေးပြည်ရာ ကိစ္စမှန်သမျှမှာ ပြည်သူပြည်သားတွေအားလုံး ပါဝင်ဆွေးနွေးဆုံးဖြတ်တဲ့ ‘တိုက်ရိုက်ဒီမိုကရေစီ’ ဒါမှမဟုတ် ‘ပြည်သူ့ဒီမိုကရေစီ’ ဖြစ်တယ်။ ဒါပေမယ့် ဒါက လက်တွေ့လုပ်ဖို့ မဖြစ်နိုင်သေးဘူး။ ဒီအချိန်မှာ ပြည်သူရဲ့အရေးကိစ္စမှန်သမျှကို ပြည်သူတွေအလိုကျ လုပ်ကိုင်ဆောင်ရွက်မယ့် အဖွဲ့အစည်းမျိုး မရှိမဖြစ် လိုအပ်ပါတယ်။ ထောင်ကလွတ်လာတဲ့ မင်းကိုနိုင်တို့ လူငယ်အားလုံးက သူတို့ဟာ ပါတီမထောင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူး။ ပြည်သူတွေရဲ့ အရေးကိစ္စမှန်သမျှကို ပြည်သူတွေရဲ့ ရှေ့ကရပ်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြတာကို ကြားရတော့ အများကြီး စိတ်ချမ်းသာသွားတယ်။
အဖွဲ့အစည်းတွေ အများကြီး
သူတို့လူငယ်တွေကို ပြည်သူတွေက ချစ်ကြတယ်။ ယုံကြည်အား ကိုးကြတယ်။ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို အရင်ကအတိုင်း ဝန်းရံပေးရင်း ပြည်သူတွေရဲ့အသံကို ကိုယ်စားပြုပေးမယ့် အင်အားတောင့်တင်းတဲ့ အဖွဲ့အစည်းကြီးအဖြစ် မြင်တွေ့လိုကြတယ်။ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေးပါတီတွေအပြင် တခြားအသင်းအပင်း အဖွဲ့အစည်းတွေလည်း မရေမတွက်နိုင်လောက်အောင် ရှိမြဲဖြစ်တယ်။ လိုအပ်လာရင် သူတို့လူငယ်တွေဟာ ၈၈ မျိုးဆက်လူငယ်များဆိုတဲ့ နာမည်နဲ့ပဲဖြစ်ဖြစ် အရပ်ဘက် လူထုအဖွဲ့အစည်းတစ်ရပ်အဖြစ်ရှိနေရင် သိပ်ကောင်းပါလိမ့်မယ်။
အားကိုးအားထားပြုနိုင်တဲ့
နိုင်ငံရေးပါတီဆိုတာက လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းကျင့်ဝတ်တွေရှိတယ်။ ဒစ်ပလိုမေစီ ကျင့်သုံးရတာတွေ ရှိတယ်။ မှန်တိုင်းပြောမဖြစ်ဘဲ ထိန်းချုပ်ရတာတွေရှိတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အချိန်မရွေး သူတို့ရှေ့က မားမားမတ်မတ်ရပ်ပြီး ပြောဆိုလုပ်ကိုင်ပေးမယ့် အဖွဲ့အစည်းမျိုး လိုအပ်တယ်။ ဒီမိုကရေစီခေတ်ရောက်ရင် နိုင်ငံသားအားလုံးရဲ့ အရေးကိစ္စအမျိုးမျိုးကို ဆောင်ရွက်ဖို့ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေလည်း အများကြီးရှိလာဖို့ လိုအပ်လိမ့်မယ်။ ၈၈ မျိုးဆက်လူငယ်တွေက နဂိုကတည်းက ပြည်သူချစ်တဲ့အဖွဲ့ဖြစ်တော့ ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထု အားကိုးအားထားပြုနိုင်မယ့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း သိစေလိုက်ရပါတယ်။
Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment