Sunday, January 22, 2012

ဒီမိုကရေစီကို အရိပ်တကြည့်ကြည့် (မောင်ဝံသ)

“ဒီမိုကရေစီစနစ်မှာ ပြည်သူတွေရဲ့ အရေးကြီးတဲ့တာဝန်တစ်ခုကတော့ မိမိတို့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ လုပ်ရပ်များကို မျက်ခြည်မပြတ် သတိနဲ့ စောင့်ကြည့်နေဖို့ပဲ ဖြစ်တယ်ဗျ။ အကြောင်းကတော့ အဲသလို မလုပ်ရင် အစိုးရတွေဟာ တဖြည်းဖြည်းချင်း အောက်ခြေလွတ်လာပြီး ရွေးကောက်ခံ အာဏာရှင်စနစ် အဲဒီကမှတစ်ဆင့် ပြောင်ပြောင်တင်းတင်း အာဏာရှင်စနစ်ဆီသို့ လျှောကျသွားနိုင်တာကြောင့်ပဲ ဖြစ်တယ်ဗျ …” 

ဒီမိုကရေစီဆိုတာ အင်္ဂလိပ်ဝေါဟာရတစ်ခုဖြစ်ပေမယ့် အခုအချိန်မှာ ရေဒီယိုတို့၊ ကက်ဆက်တို့၊ မော်တော်ဆိုင်ကယ်တို့၊ မော်တော်ပီကယ်တို့ကို မွေးစား စကားလုံးတစ်လုံးအဖြစ် မြန်မာ့ဝေါဟာရဘဏ်တိုက်ထဲသို့ တရွေ့ရွေ့ သက်ဆင်းရောက်ရှိလာနေပြီ ဖြစ်တယ်ဗျ။ ဒီမိုကရေစီလို့ဆိုလိုက်တာနဲ့ အင်္ဂလိပ်စာ မပြောနဲ့ မြန်မာစာတောင်မတတ်တဲ့ ကျေးလက်ဒေသက တောသူတောင်သားတွေကတောင် ‘အရေးကိစ္စမှန်သမျှမှာ ပြည်သူလူထု အများစုကြီးရဲ့ဆန္ဒက အခရာဖြစ်တဲ့စနစ်’ ဆိုတာကို သိနေကြပါပြီ။

နားရည်ဝနေပါပြီ 

အထူးသဖြင့် မကြာမီလပိုင်းတွေအတွင်း ဒီမိုကရေစီဆိုတဲ့စကားလုံးဟာ ကျွန်တော်တို့နိုင်ငံမှာ ကြားရလွန်း ဖတ်ရလွန်းလို့ လူတိုင်း လူတိုင်း ကိုယ့်အိမ်ထောင်စုဝင်တစ်ယောက်ရဲ့နာမည်ကို သိသလိုမျိုး သိနေကြတဲ့အမည် (household name) တစ်ခုဖြစ်နေပါပြီ။ ရုပ်သံလွှင့်မီဒီယာတွေ၊ ပုံနှိပ်မီဒီယာတွေကတစ်ဆင့် နားလည်တတ်ကျွမ်းသူတွေရဲ့ ဖွင့်ဆိုရှင်းလင်း ပညာပေးမှုတွေကြောင့်လည်း ပြည်သူတွေ၊ အထူးသဖြင့် ဂျာနယ်တွေ အရောက်အပေါက်ရှိတဲ့ မြို့နေပြည်သူတွေဟာ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အတော်ကလေး နားရည်ဝနေကြပြီဖြစ်တယ်လို့ ယူဆနိုင်တယ်ဗျ။

ပြည်သူက အရှင်သခင်

ဒီမိုကရေစီဟာ ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်မှာ ပြည်သူတွေဟာ သူတို့ လွတ်လပ်ငြိမ်းချမ်းလုံခြုံစွာ စီးပွားရှာဖွေလုပ်ကိုင်နေထိုင် နိုင်ရေးကို မျှော်မှန်းပြီး လူ့အဖွဲ့အစည်းတစ်ခုရဲ့ ပင်မလုပ်ငန်းဆောင်တာကြီး သုံးခုဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို သူတို့ကိုယ်စား လုပ်ဆောင်ပေးဖို့ အစိုးရဆိုတာကို ရွေးချယ်ကြတာဖြစ်တယ်ဗျ။ ဒါကြောင့် ဒီမိုကရေစီစနစ်မှာ ပြည်သူက အရှင်သခင် အစိုးရက အစေခံ၊ အဲသလို သုံးနှုန်းတာ ရင့်သီးတယ်ဆိုရင် ပြည်သူက အလုပ်ရှင် အစိုးရ အလုပ်သမားဖြစ်တယ်ဗျာ။ အစိုးရက မိဘ ပြည်သူက သားသမီးဆိုတဲ့ တင်စားချက်မျိုးဟာ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်အတွက်သာဖြစ်ပြီး ဒီမိုကရေစီစနစ်နဲ့ လားလားမှ မသက်ဆိုင် မဆီလျော်တဲ့ တင်စားချက် ဖြစ်တယ်ဗျာ။

အခွင့်အရေးနဲ့ တာဝန်

ဒါပေမယ့် ဒီမိုကရေစီစနစ်မှာ အင်မတန် အရေးကြီးတဲ့အချက်တစ်ခုက ကျွန်တော်တို့ လမ်းလျှောက်ရာမှာ ဘယ်ခြေနဲ့ညာခြေ ဟန်ချက် ညီညီလှမ်းမှ လိုရာခရီးကို တည်တည်ငြိမ်ငြိမ် ဟန်ကျပန်ကျရောက်နိုင်မှာ ဖြစ်သလို အခွင့်အရေးနဲ့တာဝန် တိုက်ရိုက်အချိုးနဲ့ တည်ရှိနေတယ်ဆိုတဲ့အချက်ကို ပြည်သူတွေ သဘောပေါက် နားလည်ကျင့်ကြံလုပ်ကိုင်ကြမှသာ ဒီမိုကရေစီစနစ် ပီပြင်စွာ အကောင်အထည်ပေါ်လာနိုင်မယ်ဆိုတာဖြစ်တယ်ဗျ။ ကျွန်တော်တို့နိုင်ငံမှာ ပါတီစုံ လစ်ဘရယ် ဒီမိုကရေစီစနစ် ရပ်ဆိုင်းသွားခဲ့ချိန်ကစလို့ ဒီကနေ့အထိ၊ (တစ်နည်း) ၁၉၆၂ ဇူလိုင် ၇ ရက် အရေးအခင်းကစလို့ ၂၀၀၇ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီတဲ့ အရေးအခင်းအထိ ကျွန်တော်တို့ ပြည်သူတွေ ဒီမိုကရေစီဆိုတဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို တောင်းဆိုလာခဲ့ကြတာရဲ့ အဓိပ္ပာယ် အစစ်အမှန်က ကျွန်တော်တို့ မြန်မာပြည်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်နိုင်စွမ်းရှိသူတွေဖြစ်တယ်ဆိုတာကို လူသိရှင်ကြား ကြေညာလာခဲ့ကြတာပဲ ဖြစ်တယ်ဗျာ။

တပ်မတော်ခေါင်းဆောင်တွေ

အခုတော့ အားလုံးသိကြတဲ့အတိုင်း နိုင်ငံတို့နှစ်ပေါင်း ၅၀ ကြာ လက်ဆင့်ကမ်း အုပ်ချုပ်လာခဲ့ကြတဲ့ တပ်မတော်ခေါင်းဆောင်တွေက ပြည်သူတွေရဲ့ အဲဒီကြေညာစကားကို ကြားလည်းကြား အသိအမှတ်လည်း ပြုခဲ့ပြီဖြစ်ပုံရတာကြောင့် ဒီမိုကရေစီစနစ်ကိုလည်း ဦးဆောင်မှုနေရာကနေ စတင် အကောင်အထည်ဖော်နေပြီ ဖြစ်တယ်ဗျာ။

မွေးရာပါ အခွင့်အရေး

လူတစ်ယောက် သူ့ဘဝသူ အုပ်ချုပ်စီမံခန့်ခွဲတဲ့ကိစ္စဟာ ဘယ်သူမှ လုယူလို့မရတဲ့ အဲဒီလူရဲ့မွေးရာပါ ကိုယ်ပိုင်အခွင့်အရေးဖြစ်တဲ့ တစ်ချိန်တည်းမှာ သူ မလွဲမသွေထမ်းဆောင်ရမယ့်တာဝန်လည်း ဖြစ်တယ်ဗျ။ တာဝန်ဆိုတာကို သိမှသာ သူဟာ အဲဒီအခွင့်အရေးကိုရမှာ ဖြစ်တယ်ဗျ။
အခုအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေ ရာစုတစ်ဝက်လောက် ဆုံးရှုံးခဲ့ကြရတဲ့ အခွင့်အရေးတချို့ ပြန်ရကြပြီဖြစ်ပေမယ့် မရသေးတဲ့ အခွင့်အရေးတွေ အများအပြားရှိနေသေးတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအခွင့်အရေးတွေရလာစေဖို့ ဆက်လက် တောင်းဆိုရေးဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ တာဝန်ဖြစ်တယ်ဗျ။ တစ်ချိန်တည်းမှာ ကျွန်တော်တို့ဟာ အဲဒီအခွင့်အရေးတွေနဲ့ ထိုက်တန်သူတွေဖြစ်ကြောင်း ပြသဖို့ကိစ္စဟာလည်း ကျွန်တော်တို့ရဲ့တာဝန်ပဲဖြစ်တယ်ဗျ။

ရေဆန်ကို ကူးခတ်နေရသလို

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေအရရော နိုင်ငံတကာရဲ့ အတွေ့အကြုံတွေအရပါ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလုပ်ငန်းဟာ ရေဆန်ကို ကူးခတ်နေရတဲ့လုပ်ငန်းဖြစ်တာကြောင့် ကူးခတ်တာ ရပ်လိုက်တာနဲ့ အောက်ဘက်ကို ပြန်မျောပါသွားပြီး အဆုံးတစ်နေ့မှာ အာဏာရှင်စနစ်ဆိုတဲ့ ရေအောက်ကို ပြန်မြုပ်သွားမှာ ဖြစ်တယ်ဗျ။

မျက်ခြေမပြတ်စောင့်ကြည့်ရမယ်

ဒီမိုကရေစီစနစ်မှာ ပြည်သူတွေရဲ့ အရေးကြီးတဲ့တာဝန်တစ်ခုကတော့ မိမိတို့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ လုပ်ရပ်များကို မျက်ခြည်မပြတ် သတိနဲ့ စောင့်ကြည့်နေဖို့ပဲ ဖြစ်တယ်ဗျ။ အကြောင်းကတော့ အဲသလို မလုပ်ရင် အစိုးရတွေဟာ တဖြည်းဖြည်းချင်း အောက်ခြေလွတ်လာပြီး ရွေးကောက်ခံ အာဏာရှင်စနစ် အဲဒီကမှတစ်ဆင့် ပြောင်ပြောင်တင်းတင်း အာဏာရှင်စနစ်ဆီသို့ လျှောကျသွားနိုင်တာကြောင့်ပဲ ဖြစ်တယ်ဗျ။

ဟန်ဂေရီမှာ စလာပြီ

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မကြာသေးခင်က ဖတ်ခဲ့ရတဲ့ နိုင်ငံတကာ သတင်းတချို့အကြောင်း ပြောပြချင်ပါတယ်။ တစ်ခုက ဟန်ဂေရီ နိုင်ငံကလာတဲ့ သတင်းဗျ။ အားလုံးသိကြတဲ့အတိုင်း နှစ်ဆယ်ရာစုအစောပိုင်းမှာ ဟန်ဂေရီဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ပတ်လမ်းကြောင်းအတွင်း ကွန်မြူနစ် တစ်ပါတီ နိုင်ငံရေးစနစ်ကို ကျင့်သုံးခဲ့တဲ့ နိုင်ငံဖြစ်တယ်ဗျ။ ဒါပေမယ့် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားခဲ့ပြီးနောက်မှာ ဟန်ဂေရီဟာလည်း အခြား အရှေ့ဥရောပနိုင်ငံ အများအပြား နည်းတူ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံ ဖြစ်လာခဲ့တယ်ဗျ။ ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေမှာလည်း ဒီမိုကရေစီစနစ်နဲ့အညီ နိုင်ငံသားတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဖော်ပြချက်တွေ ထည့်သွင်းခဲ့တယ်ဗျ။ ဒါပေမယ့် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖြစ်လာတဲ့ပါတီက အဲဒီအခြေခံဥပဒေထဲက ပြည်သူတွေနဲ့ အခြေခံရပိုင်ခွင့်တွေကို အကာအကွယ်ပေးထားတဲ့အချက်တွေကို ပယ်ရှားပစ်ဖို့ ကြိုးပမ်းလာတာကြောင့် အတိုက်အခံပါတီတွေက ဝိုင်းပြီး ကန့်ကွက်နေကြရတယ်ဗျာ။

ပီနိုချေးခေတ်ကို ပြင်ဖို့ ကြိုးစားလာတယ်

နောက်တစ်ခုက ချီလီကလာတဲ့ သတင်းဗျ။ ချီလီမှာ အာဏာရနေတဲ့ ဗဟိုလက်ျာယိမ်းအစိုးရက ၁၉၇၃ က ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တဲ့ လက်ျာဝါဒီ ဗိုလ်ချုပ်ကြီးအော်ဂတ်စတို ပီနိုချေး အစိုးရလက်ထက်ကာလကို ကျောင်းသင်ရိုး သမိုင်းစာအုပ်တွေမှာ အစဉ်အဆက် ‘အာဏာရှင်ခေတ်’ ကို သုံးနှုန်းလာခဲ့တာကို ‘သာမန်အုပ်ချုပ်ရေးခေတ်ကာလ’ တစ်ခုလို့ပဲ ပြင်ဆင်သုံးနှုန်းရေးသားဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းဖြစ်တယ်ဗျ။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ချီလီနိုင်ငံရေးလောကမှာ အတော်ဂယက်ရိုက်ပြီး အငြင်းပွားမှုတွေ ဖြစ်နေတယ်လို့ နိုင်ငံခြားသတင်းတွေမှာ ဖတ်ရတယ်ဗျ။

စိတ်ချလက်ချနေလို့မရ

နိုင်ငံတကာသတင်းလောကမှာ အဲဒီလိုမျိုးသတင်းတွေ မကြာမကြာ ပေါ်ထွက်လာလေ့ရှိတာကို ကျွန်တော် သတိပြုမိတယ်ဗျ။ ဒီသတင်းတွေကိုကြည့်ရင် အာဏာရှင်စနစ်က အသွင်ကူးပြောင်းယူလာရတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ဟာ ရန်သူပတ်လည်အဝိုင်းခံနေရတာမျိုး မဟုတ်ဘူးဆိုရင်တောင် အမြဲတမ်း အေးအေးလူလူ စိတ်ချလက်ချနေလို့ရတဲ့ အနေအထားမျိုး မဟုတ်ဘူးဆိုတာကို သတိပြုမိကြတယ် ထင်တယ်ဗျ။ ဒီမိုကရေစီစနစ်ကို အမှန်တကယ် မယုံကြည်ပေမယ့် အခြေအနေအရ မတတ်သာလို့ ဒီမိုကရေစီလိုက်ရတဲ့လူတွေ၊ အစကတော့ ဒီမိုကရေစီပါပဲ နောက်တော့မှ ကုလားထိုင်ပေါ်မှာ အနေကြာပြီး တဖြည်းဖြည်းချင်း အော်တိုကရေစီဖြစ်သွား တတ်တဲ့လူတွေရဲ့ အန္တရာယ်တွေက အမြဲရှိနေတာ ဖြစ်တယ်ဗျ။

စောင့်ကြည့်နေရမယ်

ဒါကြောင့် ကိုယ်ဆောက်ထားတဲ့ အဆောက်အဦကို ရေရှည်ခံအောင် အမြဲပြုပြင်မွမ်းမံနေရသလိုပဲ ကျွန်တော်တို့ ပြည်သူတွေဟာလည်း ကိုယ့်ကိုယ်ကိုယ်ရော ခေါင်းဆောင်အဖြစ် ကိုယ်က အသိအမှတ်ပြုထားရသူတွေကိုပါ ဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲရေးအတွက် အမြဲမပြတ် တစ်ရံမလပ် အရိပ်တကြည့်ကြည့် စောင့်ရှောက် စစ်ဆေး လေ့လာ သုံးသပ်နေကြဖို့ လိုအပ်ကြောင်းပါဗျာ။


maungwuntha@gmail.com

Messenger ဂျာနယ် ယခုအပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။
ဒီမိုကရေစီ အရိပ်အရောင်လေး မြင်ခါရှိသေး၊ စိတ်မအေးနိုင်စရာတွေ စဉ်းစားမိလို့ အရိပ်တကြည့်ကြည့်နဲ့ နေသင့်ပုံကို ရေးထားတာပါ။

No comments: