Monday, January 23, 2012

အိပ်မက်တွေ တချွင်ချွင် မြည်လွန်းနေတယ် (ငြိမ်းဝေ)

ဒီရက်တွေအတွင်း
ငါ့ အိပ်ခတ်ထဲ
အိပ်မက်တွေ တချွင်ချွင် မြည်လွန်းနေတယ်။

ကုလားထိုင်တစ်လုံး ဘတ် ၅၀
စားပွဲတစ်လုံး ဘတ် တစ်ရာ
ထမင်းပေါင်းအိုးက ဘတ် တစ်ရာ့ငါးဆယ်
အဲသလိုနဲ့
ရွာပြန်စရိတ် ကွက်တိ ဘတ် လေးထောင်
ဒါပေမယ့်
ဒီရက်တွေအတွင်း
ငါ့အိပ်ခတ်ထဲ
အိပ်မက်တွေ တချွင်ချွင် မြည်လွန်းနေတယ်။


ဒီရက်တွေအတွင်း
တောင်တန်းတွေရှိရာ
အုပ်ဖွဲ့ပျံကြတဲ့ အိပ်တန်းပျံ ငှက်တအုပ်ကို မော့ကြည့်ရင်း
ငါ့ အိပ်ခတ်ထဲ အိပ်မက်တွေ တချွင်ချွင် မြည်လွန်းနေတယ်။

ငါဟာ
လက်ဗလာနဲ့ပဲ
အိမ်ဖြူတော်ကို ရောက်လာခဲ့ပြီး
လက်ဗလာနဲ့ပဲ
အိမ်ဖြူတော်က ပြန်လာနိုင်ခဲ့တယ်
အမေရိကန် သမ္မတ တစ်ဦး ပြောခဲ့ဖူးတဲ့ စကားပါ။

မဒေဝီရေ
ငါဟာ
လက်ဗလာနဲ့ ရွာက ထွက်ခွာ
လက်ဗလာနဲ့ပဲ
ရွာကို ပြန်နိုင်ခဲ့သည့်တိုင်
ငါ့ အိပ်ခတ်ထဲ
အိပ်မက်တွေ တချွင်ချွင် မြည်လွန်းနေတယ်။

ကွေချီ အင်ဒီယန်း တိုင်းရင်းသူ
‘ရီကို ဘာထရာ မင်ချူးရာ’ က
တချိန်ချိန်မှာ သူ့ရွာကလေးဟာ
တဖန် ပြန်လည် သာယာလာမှာပါ တဲ့
အဲဒီအခါ
ရွာက ကလေးတွေအတွက်
ပျားရည်အိုးတွေ ချိပ်ဆွဲပေးရလိမ့်ဦးမယ် တဲ့။

ငါလည်းပဲ
ရွာထိပ်က ညောင်ပင်အို သစ်ကိုင်းမှာ
ချိပ်ဆွဲဖို့
ငါ့ အိပ်ခတ်ထဲ အိပ်မက်တွေ တချွင်ချွင် မြည်နေတယ်။

ရွာက ထွက်ပြေးလာခဲ့စဉ်က
ငါ့ မိုးကောင်းကင်မှာ
အိပ်မက်တွေ
အခု ရွာပြန်တော့မယ်ဆိုတော့လည်း
ငါ့အိပ်မက်တွေ အိပ်ခတ်ထဲ တချွင်ချွင် မြည်လွန်းနေဆဲပဲ။

အိပ်မက်တွေ …
အိပ်မက်တွေသာ မရှိတော့ရင်
ဘဝဆိုတာ ဖြေသိမ့်စရာနေရာ ရှိမယ်ကို မထင်မိတော့ဘူး မဒေဝီ။

ငြိမ်းဝေ
၂၂၊ ၁၊ ၂၀၁၂


 

No comments: