“သတိတော့ ထားရမှာပေါ့ ကိုယ့်ထိလာရင် ပြန်ချရမှာပဲ။ စိုးရိမ်ပြီး အလုပ်မလုပ်ဘဲ နေလို့မဖြစ်ဘူး” … တဲ့။
တရက် ညနေမှာ ရဲဘော် ရဲအောင်နှင့် ကျွန်တော်တို့ ရွာထဲသွားကြသည်။ လမ်းမှာတွေ့သည့် ရွာသူရွာသားတွေက ရဲဘော် ရဲအောင်ကို ခရီးဦးကြို ခင်ခင်မင်မင် နှုတ်ဆက်ကြတာ တွေ့သည်။ “ဆရာ … လူထုတွေနဲ့ အတော်ရင်းနှီးတာပဲ” လို့ ကျွန်တော်က ပြောတော့ …
“ရင်းနှီးမှ ဖြစ်မှာပေါ့။ အခုလို သွားလာနိုင်တာ ပြည်သူလူထု အကာအကွယ်ကြောင့် ရန်သူသတင်းကြားတာနဲ့ ပြောကြတယ်။ ဒါကြောင့် ခေါင်းဆောင်ကြီးတွေ ပြောကြတာ။ ပြည်သူဟာ သံမဏိတံတိုင်းအစစ် ဆိုတယ် မဟုတ်လား” တဲ့။
ကျွန်တော်တို့ ကျေးရွာလူကြီးအိမ် ရောက်တာနှင့် ချက်ချင်းဆိုသလို ရွာလူကြီးတွေ့သည့်အခါ ကျွန်တော့်ကိုပြပြီး “ ဒါ ကျွန်တော့် ညီလေး … သူ အခက်အခဲရှိလို့ ရွာဝင်လာရင် အကူအညီ ပေးလိုက်ပါ” … တဲ့။
ကျွန်တော့်ကို မိတ်ဆက်ပေးသည်။ နောက် ငှက်ပျောပင်တွေနှင့် ယာတဲတခု ရောက်သွားသည်။ အဲဒီမှာလည်း ကျွန်တော့်ကို မိတ်ဆက်ပေးသည်။ တဲရှင်တွေက မုန်းက ပြန်ရောက်စလား မသိဘူး၊ ဝတ်စားပုံတွေကလည်း သားသားနားနားပဲ၊ ယာတဲလေးက ချောင်းနှင့် မလှမ်းမကမ်းမှာ ရှိသည်။ နေစရာကောင်းသည်။ အဲဒီမှာ ကျွန်တော်တို့ ရေနွေးကြမ်း သောက်ကြသည်။ နောက် ချောင်းဘေးက ရွာတရွာ ရောက်သေးသည်။ လုပ်စရာ ကိုင်စရာတွေ ဆွေးနွေးပြီးသည်နှင့် နောက်တရက်မှာ အောင်ချမ်းသာရွာနားအထိ ရဲဘော် ရဲအောင်ကိုယ်တိုင် ကျွန်တော့်ကို လိုက်ပို့သည်။
“ရွာအဝင် မေးတဲ့သူတွေ့ရင် ဘာလုပ်ချင်လို့ မေးတာလဲလို့သာ ပြန်မေး။ ဘာမှ မစိုးရိမ်နဲ့၊ ဒီတဝိုက် ကျွန်တော်တို့လူ များပါတယ်။ ဘုန်းကြီးရဟန်းတောင် ထောက်ခံမှုရှိတယ်” … ဆိုတာ ပြောပြသည်။ နောက် အထူးမှာကြားသည်မှာ …
“လုပ်စရာရှိတာ ရဲရဲလုပ်ပါ။ မရဲတရဲမို့ အလုပ်မဖြစ်တာမျိုး မဖြစ်စေနဲ့” … တဲ့။
ဆရာအောင်ဝေ သို့မဟုတ် ရဲဘော် ရဲအောင်နှင့် ဤအကြိမ်တွေ့ဆုံခြင်းသည် ကျွန်တော့်အတွက် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် လူချင်းတွေ့ဆုံခြင်းသာ ဖြစ်တော့သည်။ သူနှင့် ကျွန်တော်တို့ စီစဉ်ထားခဲ့ကြသည့်အတိုင်း မြို့ပေါ်မှ ရဲဘော်များခေါ်၍ ကျွန်တော် နှစ်ကြိမ် သုံးကြိမ်အထိ ကြိုးစားခဲ့သော်လည်း ကျွန်တော်တို့အဖွဲ့နှင့် ပြန်မဆုံဖြစ်တော့ပေ။
ကျွန်တော့် သူငယ်ချင်းတယောက်နှင့်သာ တကြိမ် တွေ့ရတော့သည်။ ထိုသူငယ်ချင်းက သူနှင့်တွေ့ပြီး အားတက်သရောဖြစ်၍ ကြောက်စိတ်ကင်းပြီး ရဲဘော် ရဲအောင်က တော်လှန်ရေးလုပ်ရန် သတ္တိတွေပေးလိုက်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ပြောပြသည်။ ရဲဘော် ရဲအောင်နှင့် စီစဉ်ထားသည့်အတိုင်း ကျွန်တော် ရဲဘော် ၄ ယောက်နှင့်အတူ ဒေသခံ ရွာသားများ အကူအညီနှင့် ပဲခူးရိုးမ အရှေ့ခြမ်း ကျွန်းခင်းကြီးဟုတွင်သည့် တောကြီးထဲမှာ ရက်တချို့ ခိုအောင်း၍ စောင့်ကြသေးသည်။ ရဲဘော် ရဲအောင် ပေါ်မလာ။
ရွာခံလူ၏ တောင်ယာတောမှာ တောင်ယာခုတ်ကူ၍ အချိန်ဆွဲ စောင့်ကြသည်၊ ပေါ်မလာ။ ကရင်ဒေသ လက်နက်ကိုင် ဒိုင်နယ်မှူး၊ တောခေါင်းတို့နှင့်အတူ တောစခန်းမှာ ရက်တချို့ကြာအောင် စခန်းနှစ်နေရာ ပြောင်းနေသည်အထိ အချိန်ယူ စောင့်ကြသေးသည်။ ရဲဘော် ရဲအောင် ပေါ်မလာတော့ပေ။
နောက်ဆုံး ကရင်ဒေသခံ ရွာသားများ အကူအညီနှင့် ကျွန်တော်တို့ မြို့ပေါ် ပြန်တက်၍ လာကြရတော့သည်။ အချိန်ကာလ အတော်ကြာသောအခါ ဆရာအောင်ဝေ ခေါ် ရဲဘော် ရဲအောင်တယောက် ၎င်း၏ ရဲဘော်ရဲဘက် ကိုကိုးကျွန်းပြန် ရဲဘော် ၃ ဦးနှင့်အတူ သူ၏ပုဂ္ဂိုလ်ရေး ရင်းနှီး၍ နားလည်မှုရှိလှပါသည်ဆိုသော လက်နက်ကိုင်တပ်ဖွဲ့တခုမှ လုပ်ကြံသတ်ဖြတ်လိုက်ကြောင်း အလွန်စိတ်ထိခိုက်ဖွယ် သတင်းဆိုး ကြားသိလိုက်ရတော့သည်။ ကျွန်တော့်အနေဖြင့် တဒင်္ဂအတွင်း ရဲဘော် ရဲအောင်အား တကြိမ်သာ လူချင်းတွေ့ဆုံဆွေးနွေး လုပ်ကိုင်ခွင့်ရသော်လည်း တသက်မမေ့နိုင်စရာ ရဲဘော်ကြီးပါတကား။ ။
ရဲဘော် ရဲအောင်နှင့်တကွ ကျဆုံးသူများအား အလေးနီပြုလျက် -
၈- ၈- ၂ဝ၁၁။
ဗတိုးရှိန်
အရေးတော်ပုံဂျာနယ် အတွဲ ၁၊ အမှတ် ၇ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment