ဆရာတင်မိုးဟာ စကားပြေဆောင်းပါးတွေ အများအပြား ရေးသားခဲ့ပေမယ့် ကဗျာတွေကိုတော့ မနားတမ်း ရေးဖွဲ့ခဲ့သူဖြစ်ပါတယ်။ မကွယ်လွန်ခင် နောက်ဆုံးညအထိ ကဗျာရေးဖွဲ့ခဲ့သူ ဖြစ်တဲ့အတွက် ဆရာ့ကဗျာတွေ ထောင်ချီအောင် ကျန်ရစ်ခဲ့ပါတယ်။ ကဗျာတွေကလည်း အမျိုးအစား စုံလင်လှပါတယ်။ ကလေးကဗျာ၊ အချစ်ကဗျာ၊ ဘဝသရုပ်ဖော်ကဗျာ၊ နိုင်ငံရေးကဗျာ စသဖြင့် အများအပြားရေးခဲ့ပြီး ရောက်တဲ့နေရာတိုင်းမှာ အမှတ်တရ ရေးသားခဲ့တာတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့ ဆရာ့လွယ်အိတ်ထဲမှာ သွားလေရာ ဗလာစာအုပ်တစ်အုပ် ဘောလ်ပင်တစ်ချောင်း အမြဲတမ်းပါလေ့ရှိပါတယ်။ ခရီးသွားရင်း ပျောက်သွားတဲ့ လက်ရေးစာမူ ကဗျာစာအုပ်တွေလည်း ရှိတယ်လို့ ပြောပြဖူးပါတယ်။
ပြည်တွင်းမှာ ပုံနှိပ်ဖော်ပြခွင့်မရှိလို့ မတွေ့ရတဲ့ ဆရာ့ကဗျာတွေကို ပြည်ပက စာစောင်အများအပြားမှာ အမြဲမပြတ် တွေ့ရပါတယ်။ ဒီလိုပဲ ပြည်ပမှာ ထုတ်ဝေခဲ့တဲ့ ဆရာ့ကဗျာစာအုပ် ၅ အုပ် ရှိပါတယ်။ အဲဒီထဲက တစ်အုပ်ဖြစ်တဲ့ ‘သစ်ရွက်ကြွေလေးပေါ်မှာ ရေးတဲ့မှတ်တမ်း’ စကားပြေကဗျာ စာအုပ်ကတော့ ပြည်တွင်းမှာ ထုတ်ဝေခွင့်မရခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ ပြည်ပ ပေါင်းကူးလို့ ပြောနိုင်တဲ့ ဆရာ့ကဗျာစာအုပ်ကတော့ ဆရာပြည်ပကို ရောက်ပြီး ပထမဆုံးထုတ်ဝေခဲ့တဲ့ ‘ဗုဒ္ဓွနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ’ စာအုပ်ဖြစ်ပါတယ်။
အဲဒီကဗျာစာအုပ်ကို သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ် သြဂုတ်လမှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်အခြေစိုက် ‘လမင်းတရာစာပေ’ က ထုတ်ဝေခဲ့တာဖြစ်ပြီး ကဗျာ ၁၂ ပုဒ် ပါဝင်ပါတယ်။ အဲဒီကဗျာတွေကို ရှစ်လေးလုံး လူထုအရေးတော်ပုံ လှိုင်းဂယက်ကြီး ရိုက်ခတ်တဲ့အချိန်ကနေ သက္ကရာဇ် ၂ဝဝဝ အတွင်း ရေးဖွဲ့ခဲ့တဲ့ ဒီမိုကရေစီတိုက်ပွဲဝင် ကဗျာစုတွေထဲက လက်ရွေးစင်ရွေးချယ် ထုတ်ဝေခြင်း ဖြစ်တဲ့ကြောင်း ဆရာက သူ့ရဲ့ အမှာမှာ ရေးထားပါတယ်။ တကယ်တော့ အဲဒီကာလအတွင်း ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေအပြင် ၁၉၇၆ ခုနှစ်မှာ ရေးဖွဲ့ခဲ့တဲ့ ‘ကန္တာရနှစ်များ’ဆိုတဲ့ ကဗျာကိုလည်း တွေ့ရပါတယ်။ ၁၉၉၈ ခုနှစ် ဆရာ ပြည်တွင်းမှာရှိစဉ် ‘ကန္တာရနှစ်များ’ ဆိုတဲ့အမည်နဲ့ ကဗျာလုံးချင်းတစ်အုပ် ထွက်ရှိခဲ့ပေမယ့် အဲဒီစာအုပ်ထဲမှာ စာအုပ်အမည်ဖြစ်တဲ့ ဒီကဗျာတော့ မပါခဲ့ပါဘူး။
‘ဗုဒ္ဓွနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ’ စာအုပ်မှာပါဝင်တဲ့ တခြားကဗျာတွေကတော့ ကွန်မြူနစ် ဆန့်ကျင်ရေး လူကြီးမင်းများ၊ ဗုဒ္ဓွနှင့်တွေ့ဆုံခြင်း၊ သမိုင်းစာမျက်နှာက ဒဏ်ရာများ၊ အိမ်လည်ကြူးတဲ့သား၊ တုနှိုင်းမရတဲ့ တို့သမိုင်းအလှ၊ တို့ဗမာရဲ့ ကံကြမ္မာ၊ စိတ်ကျရောဂါရနေတဲ့ အထီးကျန်ကဗျာဆရာ၊ ဟောလီးဝုဒ်က အပြန်၊ ဒီတခါ မင်းအလှည့်၊ သမိုင်းမှာ မင်းတရားခံဖြစ်မယ်၊ ခွပ်ဒေါင်းသို့ ပြန်ကြားချက် တို့ပဲဖြစ်ပါတယ်။ ဒီအထဲက တချို့ကဗျာတွေကို ပြည်တွင်းပြည်ပမှာ ပုံနှိပ်ဖော်ပြဖူးသလို ပြည်ပအသံလွှင့်ဌာနတွေနဲ့ ဟောပြောပွဲတွေမှာ ရွတ်ဆိုခဲ့ဖူးတဲ့အကြောင်း ဆရာ့အမှာစာမှာ ဖော်ပြထားပါတယ်။
ပြီးတော့
“ဒီကဗျာတွေအတွက်လည်း စစ်အစိုးရက ၁၉၉၁ မှ ၁၉၉၅ ခုထိ အင်းစိန်ထောင်မှာ အကျဉ်းချခဲ့ဖူးပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲအတွင်းမှာ မြန်မာပြည်သူတို့ဘက်က ကလောင်နဲ့ ပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက် မိမိကိုယ်ကို ဂုဏ်ယူမိပါကြောင်း ဖော်ပြလိုပါတယ်။”
လို့ ဆရာက သူ့ရဲ့ သဘောထားကို ဖော်ပြထားပါတယ်။ သက္ကရာဇ် ၂ဝဝဝ၊ ဇွန်လ ၃ဝ ရက်စွဲနဲ့ ရေးထားတဲ့ အမှာစကားရဲ့အဆုံး ဆရာ့ရဲ့ ဆုတောင်းစကားက “မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီး အောင်မြင်ပါစေ”တဲ့။
အဲဒီအမှာစာ ရေးတဲ့အချိန် ဆရာက တချိန်မှာ မြန်မာပြည်အပြောင်းအလဲဖြစ်ပြီး သူလည်း ဌာနေကို ပြန်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှာစာရဲ့အောက် နေ့စွဲနဲ့ နေရာ ရေးတဲ့အခါ သူနောက်ဆုံး ခေါင်းချသွားရမြို့ဖြစ်တဲ့ လော့စ်အိန်ဂျလိစ်မြို့ကို ထည့်သွင်းရေးထားပေမယ့် ‘ခေတ္တ-လော့အိန်ဂျယ်လိစ်’လို့ သုံးနှုန်းခဲ့ပါတယ်။
‘ဗုဒ္ဓွနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ’ စာအုပ်ထဲမှာပါဝင်တဲ့ ကဗျာတွေမှာ မြန်မာပြည် အခြေအနေဆိုးလို့ ပြည်သူတွေ ဒုက္ခရောက်ရတဲ့အကြောင်း၊ ကွန်မြူနစ်ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ဒီမိုကရေစီ ဘက်တော်သားတွေကို နှိပ်ကွပ်တဲ့ အာဏာရှင်တွေအကြောင်း၊ အမှန်တရားဘက် လူထုဘက်က မုချ အောင်ပွဲရမယ့်အကြောင်းတွေ ပါဝင်ပါတယ်။
သမိုင်းစာမျက်နှာက ဒဏ်ရာများ
(၁)
သမိုင်းစာမျက်နှာမှာ
ရှက်စရာ အထုပ်အပိုးတွေနဲ့
ဂုပ်ကျိုးအောင် ထမ်းခဲ့ရ
ဘယ်လမ်းက လျှောက်
ဘယ်တံခါးပေါက်ကို ဝင်ပြီး
ဘယ်ပလ္လင် ဘယ်လိုဆောက်ရပါ့
စိတ်ချောက်ချား နေခဲ့ပြီ။
(၂)
အမှန်တရား အမှန်တရားနဲ့
အသံသာကြားရ
ဘယ်နားကမှန်း ငါမသိ
တုံးပိတဲ့ဖား မြှုံးမိတဲ့ငါးပမာ
ရုန်းကြည့်တဲ့ အားလည်း
နုံးချိလို့ သွားရောထင့်။
တရားတွေ ပျောက်
အမှားတွေ ဖောက်သနဲ့
ကျားကျောက်လို့ ရှင်ကြီးကိုး
ရှင်ကြီးကျားထက်ဆိုးသည့်နှယ်
အမျိုးမျိုးကြုံ
အဆိုးမျိုး စုံခဲ့ပြီ။
မနုဿ ဘုံပေမို့
ဒုက္ခတွေ စုံရော့သလားကွယ်ရို့။
(၃)
တယောက်နဲ့အများ
တယောက်က ဓားနဲ့မို့
အများက အရာမဝင်တာ
အာဏာရှင်စနစ်ပဲ။
ဒီ အာဏာရှင်စနစ်ဆိုးကို
ငါ မရှိခိုးနိုင်။
လက်နက်တကားကား
ရက်စက်သလား မမေးနဲ့
တို့သွေးများ ချောင်းစီးလို့
မြောင်းကြီး မြောင်းငယ် ဖောက်ကြတယ်။
ကောက်ကျစ်ယုတ်မာတဲ့ နှလုံးယုတ်ကို
ထုံးသုတ်လို့ ဖြူမတဲ့လား။
လိမ်လုံးညာလုံးတွေကို ငါ အင်မတန်မုန်းတယ်
ငါ အရှုံး မပေးနိုင်။
စစ်အာဏာရှင်သေနတ်ကို ကြောက်လို့
ငါတို့ လက်မြှောက်ရရင်
ဖောက်ပြန်သူတွေ ရာသက်ရှည်ပြီး
တို့နိုင်ငံ အသက်သေလိမ့်မယ်။
ကမ္ဘာမြေပေါ်က ကွယ်ပျောက်ပြီး
တို့တတွေ ငရဲရောက်လိမ့်မယ်။
အရူးငပေါက်တွေကို
ဒူးမထောက်ကြနဲ့ဟေ့။
ခွပ်ဒေါင်းအလံကို ကိုင်စွဲပြီး
ရဲရဲကြီး ရှေ့တက်ရင်
သင်းတို့တတွေ သွေးပျက်မယ်။
ရှေ့တက်ကြဟေ့
တလက်မမျှ နောက်မဆုတ်ကြနဲ့
အဓမ္မသမား လူရမ်းကားတွေကို
လားလားမျှ လက်မမြှောက်နဲ့။
(၄)
လက်နက်နဲ့လူသား
လူသားက လက်နက်ကို အရှုံးပွဲနဲ့
ဘုံးဘုံးလဲရရင်
သမိုင်းစာမျက်နှာမှာ
အရိုင်း ဒဏ်ရာတွေ ပါရော့မယ်
အမှန်ဟာ အင်အား
အချိုဟာ ဘယ်တော့မှ မခါး
အမှန်ဟာ ဘယ်တော့မှ မမှား
တရားသည်သာ ဓား
ကိုယ့်အားကို ယုံကြည်
ဒီမိုကရေစီ တံခါးဖွင့်ရင်း
တရားနှင့် စောင့်မယ်။ ။
ဒီဇင်ဘာလ ၂၆ ရက် ၁၉၈၈
ဒီကဗျာကို ကြည့်ရင် ဆရာတင်မိုးရဲ့ စိတ်ဓာတ်၊ ယုံကြည်ချက်နဲ့ အားမာန်တွေကို တွေ့ရမှာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကြောင့် ပြည်ပမှာ ဆရာကွယ်လွန်ခဲ့ပေမယ့် ဆရာ့ရဲ့စာ၊ ဆရာ့ရဲ့ ကဗျာတွေက တိုင်းပြည်ရဲ့သမိုင်းနဲ့အတူ ဆက်လက်ရှင်သန်နေဦးမှာ ဖြစ်ပါတယ်။
မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့်ရရှိပါစေ။ ။
ထိန်လင်း
၂၃၊ ၁၊ ၂ဝဝ၉
၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၃ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။
No comments:
Post a Comment