ကြက်လည်းတိုက် ဖဲလည်းရိုက်
အဖိုးက ကြက်ကောင်းကောင်း တိုက်တတ်တယ်။ အဖိုးမှာ တိုက်ကြက် ၃-၄ ကောင် ရှိတယ်။
ကြက်ဝိုင်းတွေမှာတော့ အဖိုးက ဘယ်တော့မှ ရန်မဖြစ်ဘူး။
ကြက်ဝိုင်းမှာ သွားပြီးရန်ဖြစ်နေရင် အလကား သိက္ခာကျတယ်။
အဖိုးက ဖဲလည်း ရိုက်တယ်။ အဖွားက မသိဘူး။ ခိုးရိုက်တာ။
ခိုးရိုက်တော့ မန္တလေးလုံချည် ဆိုတာ ဟိုတုန်းက လေးကျပ်ခွဲတောင် ပေးရတယ်။ ဖဲရှုံးတာကိုး။ ပုဆိုးကို ပေါင်တာတောင် မဟုတ်ဘူး။ တခါတည်း ရောင်းစားခဲ့တယ်။
ပေါင်ဟယ် ရွေးဟယ်။ အလကား စာရင်းရှုပ်တယ်။
ဟိုတုန်းက ပိုက်ဆံက တန်ဖိုးရှိတာကိုး။ ဖဲရှုံးတော့ ပုဆိုးချွတ်လိုက်တယ်။ ဘောင်းဘီတိုနဲ့ပဲ ချတာပဲ။
ဒါလည်း ရှုံးတာပဲ။ ရှုံးပြီ။ ကုန်ပြီဆိုရင်တော့ အိမ်ပြန်တာပဲ။
ဘောင်းဘီတိုလေးနဲ့ ပြန်လာရတာပေါ့။
အိမ်နားရောက်တော့ ဟိုချောင်းဒီချောင်းနဲ့ပေါ့။ အိမ်ကလူတွေ တွေ့မှာစိုးလို့။ ဝတ်လာတုန်းက သူတို့တွေ့တာကိုး။ သူတို့အလစ်မှာ တက်လာပြီး နောက်ထပ် ပုဆိုးတထည် ဝတ်လိုက်တယ်။ ပုဆိုးအသစ်ကိုတော့ အဖိုး သိမ်းထားတယ်လို့ သူတို့ထင်မှာပေါ့။
တကယ်က မရှိတော့ဘူး။ အဖိုးက အဲဒီလိုလုပ်တတ်တာ။
လှေပွဲ
အဖိုးတို့ မြစ်ဝကျွန်းပေါ်ဘက်မှာက ဝါဆို၊ ဝါခေါင် ကထိန်ခင်းတွေမှာ လှေပွဲရှိတယ်။
တယောက်ချင်း လှေလှော်ပြိုင်ကြတာ။ ကိုယ်က ဘေးကကြည့်ပေါ့။ နိုင်မယ်ထင်တဲ့လူကို လောင်းပေါ့။
ကိုယ်ကြိုက်တဲ့လူ ကိုယ်ရွေးပြီး လောင်းကြတာပဲ။ ဧရာဝတီမြစ်ထဲမှာ ကထိန်ပွဲ မရှိလည်း လှေပွဲကတော့ ရှိတာပဲ။ လှေပွဲရှိရင် အဖိုးသွားတာပဲ။ နိုင်တဲ့အခါလည်း နိုင်တယ်။ ရှုံးတဲ့အခါလည်း ရှုံးတယ်။ ပိုက်ဆံမရှိရင် သူငယ်ချင်းတွေဆီက တောင်းတယ်။
သူတို့လည်း အဖိုးကို ယုံတယ်။ တယောက်ကို တကျပ်၊ ငါးမူးစီ စုပေးကြတယ်။
အဖိုး သွားတာ လမ်းမှာ မအောင်မေနဲ့ တွေ့တယ်။ တရွာတည်းသားတွေပေါ့။ အဖိုးနဲ့ မတိမ်းမယိမ်းပဲ။ အဖိုးက သူ့ကိုလည်း ခပ်ကြိုက်ကြိုက်။
“ဟေ့ ကျော်သောင်း နင် ဘယ်သွားမလို့လဲ”
“ငါ လှေပွဲ သွားလောင်းမလို့”
“ငါ့အတွက်ပါ ထည့်လောင်းပေး”
“ငါမှာ ပိုက်ဆံများများ မပါဘူး။ နှစ်ကျပ်ပဲ ပါတယ်။ နင် ဘယ်လောက်လောင်းဖိုး လောင်းချင်လို့လဲ”
“ငါးမူးလောင်းဖိုး”
“အေး ဒါဆိုလည်း စိုက်လောင်းပေးမယ်”
“နိုင်နိုင် ရှုံးရှုံး နင် ငါ့ကို မလိမ်နဲ့နော်”
“ဟာ ငါ မလိမ်ပါဘူး”
အဲဒီအခါက အဖိုး နိုင်တယ်။ နိုင်တော့ အိမ်ပြန်လာတာပေါ့။ အဖိုး သူ့ကို မတွေ့သေးဘူး။ သူ့အိမ်ကိုလည်း မသွားဘူး။ သူ့ကို တွေ့ရင်တော့ ပေးမယ်ပေါ့။
အဖိုးတို့ရွာမှာ ကာလသမီး ကာလသားတွေက ညနေ ညနေဆို လမ်းလျှောက်ကြတာကိုး။ ညဘက်မှာ သူ့ကိုတွေ့တော့ ...
“မအောင်မေ ရော့ ငါနိုင်လာတယ်။ နင်က ငါးမူး ငါက တစ်ကျပ်ခွဲ”
အဖိုးကပေးတော့ သူ ဝမ်းတွေသာလို့။ နောက် လေးငါးခြောက်ရက်ကြာတော့ ဘယ်လိုလဲ မပြောတတ်ဘူး။ သူက အဖိုးကို ပြောတယ်။ လမ်းမှာ တွေ့တာ။ ညနေ လေးနာရီခွဲကျော် ငါးနာရီလောက်ရှိပြီ။
သူက အဖိုးကို “ကျော်သောင်း နင် ငါ့ကို အိမ်လိုက်ပို့ပါဟယ်”
ရွာမှာက မှောင်လာရင် သရဲခြောက်တယ်၊ ဘာညာ ပြောကြတာကိုး။ သူ ကြောက်တယ်နဲ့တူတယ်။ အဖိုးက လိုက်ပို့တာပေါ့။ လမ်းမှာ သူက ဘယ်လိုစိတ်ကူးရလဲ မပြောတတ်ဘူး။
“ကျော်သောင်း နင် မတင်တင်နဲ့ ငါ့ကို ဘယ်သူ့ကို ပိုချစ်လဲ” လို့ မေးတယ်။
အဖိုးက ...
"နင့်ကို ချစ်တာပေါ့"
“ဟာ ငါ နင့်ကို မယုံဘူး”
“မယုံရင်လည်းနေပေါ့။ နင်မေးလို့ ငါက ဖြေရတာ”
အဲဒီတုန်းက အဖိုးနဲ့အဖွားက သမီးရည်းစားဘဝပဲ ရှိသေးတယ်။
နောက်တယောက် ရှိသေးတယ်။ ပိန်ပိန်ပါးပါး အရပ်ရှည်ရှည် ကုလားမ လို့ ခေါ်တယ်။ သူက ချောလည်း ချောတာပဲ။ သူ့ကို အဖိုးက လမ်းမှာတွေ့ရင် ရည်းစားစကား ပြောတာပေါ့။
“ကုလားမ နင့်ကို ငါချစ်တယ်”
“ငါ မယုံဘူး”
“နင် ချစ်ရင် ငါ့အဖေအမေကို သွားပြော။ အဖေအမေ သဘောတူရင် ငါ ယူမယ်”
အဖိုးက ဒီလိုပဲ လိုက်ကြိုက်တာပဲ။ အဖိုးကို ကြိုက်တဲ့လူလည်း များတယ်။
ဂွကျတာက အရက်တို့ ဖဲတို့ လောင်းကစားလုပ်လို့ သူတို့ မကြိုက်ကြဘူး။ မတင်တင်ကတော့ အဲဒီတုန်းက ရိပ်တော့ ရိပ်မိတယ်။ ဒါပေမယ့် သူက အဖိုးကို ဘာမှမပြောဘူး။ သူက ရေခဲတုံးပဲ။
အရက်သောက်တော့ အဖိုးက သူများတွေလို မဟုတ်ဘူး။ စကားများတာ ရန်ဖြစ်တာ အဖိုး မကြိုက်ဘူး။ အရက်သောက်ပြီးရင် အဖိုး အိပ်တာပဲ။ အဖိုးက စိတ်မထိန်းနိုင်ဘူးလေ။
တော်ကြာ ထရိုက်မိရင် ကွဲပြဲကုန်မယ်။ အဖိုးသောက်တာ အေးအေးဆေးဆေးပဲ သောက်တယ်။ အရက်သောက်တဲ့အချိန်မှာ အဖိုးကို တော်ရုံတန်ရုံပြောလို့ အဖိုး မနာဘူး။ သူများပြောတာ အဖိုး သည်းခံတယ်။ အရက်သောက်ပြီး ရန်ဖြစ်တာ အဖိုး တခါမှ မရှိဘူး။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment