"သတင်းစာသမားဆိုတာက ချမ်းသာနိုင်တဲ့ အလုပ်မျိုးမဟုတ်ဘူး။ စာရေးဆရာလို တိုင်းသိ၊ ပြည်သိ နာမည်ကျော်ကြားတာမျိုးလည်း မရှိဘူး။ အခန့်မသင့်ရင် တရားစွဲခံရ၊ ထောင်ကျခံရ ဖြစ်တတ်သေးတယ်။ ဒါတောင် သတင်းအလုပ်တခါလုပ်မိရင် တခြားဘယ်အလုပ်မှ မလုပ်ချင်တော့ဘူး ..." မကြားရတာကြာပြီဖြစ်တဲ့ နိုင်ငံရေးပါတီတို့၊ ရွေးကောက်ပွဲတို့ ဆိုတဲ့ အသံတွေ ခုတလော ပြန်ကြားလာရတော့ ရှေးခေတ်ဟောင်းကို ပြန်ပြောင်း သတိရ လွတ်ဆွတ်မိတယ်။ အဖျားအနားလေးလောက်သာ သိမီလိုက်တဲ့ ရှေးခေတ် ပါလီမန်လွှတ်တော်တွေအကြောင်းကို ပြန်လည်တွေးမိတယ်။
စမောပေး သတင်းထောက်ရှေးခေတ်ပါလီမန်လွှတ်တော်က သီခြားအဆောက်အအုံရယ်လို့ မရှိပါဘူး။ အတွင်းဝန်ရုံး (အခုခေတ်အခေါ် ဝန်ကြီးများရုံး) ကြီးအတွင်းက အဆောက်အုံတခုကို လွှတ်တော်အဖြစ် သတ်မှတ်ထားပါတယ်။
လွှတ်တော်အစည်းအဝေး ကျင်းပချိန်တွေမှာ သတင်းထောက်တွေ ဝင်ရောက်ပြီး သတင်းယူခွင့်ပေးထားပါတယ်။ အဲဒီအချိန်က အင်္ဂလိပ်၊ မြန်မာ၊ တရုတ်၊ ကုလား သတင်းစာမျိုးစုံ စုစုပေါင်းမှ အစိတ် သုံးဆယ်လောက် ရှိကြတာဆိုတော့ သတင်းထောက်တွေ တိုးတိုးဝှေ့ဝှေ့ မရှိကြပါဘူး။
တရုတ်သတင်းစာနဲ့ ကုလားသတင်းစာတွေက သတင်းထောက် များများစားထားလေ့မရှိဘဲ မြန်မာသတင်းစာတိုက်တွေက သတင်းထောက်တွေကိုပဲ လစဉ် ‘Small Pay’ ခေါ်တဲ့ လစာလေး အနည်းငယ်ပေးပြီး သတင်းရယူကြတာဖြစ်တော့ ပါလီမန်သတင်းထောက် သိပ်မများပါဘူး။
တံခါးမရှိ၊ ဓားမရှိလူသိပ်မများတော့ တင်းတင်းကျပ်ကျပ် စစ်တာ ဆေးတာလည်း မရှိပါဘူး။ အားလုံးက မျက်နှာသိတွေဖြစ်နေတော့ အလွယ်တကူ ဝင်နိုင် ထွက်နိုင်တယ်။ ပါလီမန်အတွင်းဝန်တွေနဲ့ ဝန်ကြီးတွေအခန်းလည်း တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်သွားလာနေကြတာပါပဲ။
အဲဒီခေတ်က အသံဖမ်းစက်တို့ ဘာတို့မရှိသေးတော့ ပါလီမန်ထဲ ဆွေးနွေး ငြင်းခုံတာတွေ၊ အမတ်တွေက မေးသမျှ ဆိုင်ရာဆိုင်ရာ ဝန်ကြီးတွေက ရှင်းလင်းဖြေကြားတာတွေကို လက်နဲ့ပဲလိုက်ပြီး ရေးကြ မှတ်ကြရပါတယ်။ အင်္ဂလိပ်ခေတ်က ပါလီမန် သတင်းထောက်တို့၊ တရားရုံးသတင်းထောက်တို့ဆိုရင် လက်ရေးတိုတတ်ကြရတယ်ဆိုပေမယ့် လွတ်လပ်ရေးခေတ် သတင်းထောက်တွေထဲမှာတော့ လက်ရေးတိုတတ်သူ တော်တော်ရှားသွားပါပြီ။
ပြည့်ပြည့်စုံစုံဖော်ပြလက်ရေးတိုမတတ်ကြပေမယ့် မိန့်ခွန်းတွေ၊ ဆွေးနွေးငြင်းခုံတာတွေနဲ့ အမေးအဖြေတွေကို အားလုံးလောက်နီးပါးရအောင် လိုက်ရေးနိုင်၊ မှတ်နိုင်ကြပါတယ်။ နောက်တနေ့ထုတ် သတင်းစာတွေမှာ ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြကြတယ်။
တခါတလေ မေးတာ ဖြေတာတွေကို အတိအကျ ပြန်လည်ရေးသား ဖော်ပြကြတယ်။ စာဖတ်ပရိသတ်က အမေးအဖြေတွေကို စိတ်ဝင်တစား စောင်ဖတ်ကြတယ်။ မဲဆန္ဒရှင်များအတွက် ကိုယ် တင်မြှောက်လိုက်တဲ့ အမတ်က လွှတ်တော်ထဲမှာ ဘာတွေပြောပြီး ဘာတွေလုပ်တယ်ဆိုတာ သိရလို့ ကျေနပ်ကြတယ်။ စကားထဲက ဇာတိပြဆိုတဲ့အတိုင်း မေးတဲ့အမတ်နဲ့ ဖြေကြားတဲ့ဝန်ကြီးတွေရဲ့ အရည်အချင်း အတိမ်အနက်ကိုလည်း မှန်းဆလို့ရတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုတည်မြဲ သန့်ရှင်း ဆိုပြီး ကွဲကြတဲ့အခါ တည်မြဲက ဦးနု ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချဖို့ ကြိုးစားတယ်။ တနိုင်ငံလုံးက စိတ်ဝင်စားပြီး စောင့်ကြည့်ကြရတဲ့ အရေးကြီးကိစ္စကြီး ဖြစ်တာကြောင့် မြန်မာ့အသံက ထူးထူးခြားခြား လွှတ်တော်ထဲက တိုက်ရိုက်အသံလွှင့်ပေးတယ်။
အဲဒီခေတ်က တိုင်းဘောလုံးပွဲတွေနဲ့ နိုင်ငံခြား ဘောလုံးအသင်းတွေ လာကစားတဲ့အခါမျိုးမှာပဲ ရေဒီယိုက တိုက်ရိုက်အသံလွှင်ပေးတာ ရှိတယ်။ လွှတ်တော်ထဲက တိုက်ကြခိုက်ကြတဲ့ အသံတွေ၊ ထေ့ကြငေါ့ကြ၊ ရိကြ ကလိကြတဲ့အသံတွေကို တိုက်ရိုက်နားထောင်ရတာ စိတ်ဝင်စားဖို့ကောင်းသလို ရယ်စရာလည်း ကောင်းတယ်။ ခုခေတ်လို ရုပ်မြင်သံကြားသာရှိရင် ပိုပြီး ရယ်စရာကောင်းလိမ့်မယ်။ လူတွေကတော့ အစီအစဉ် အစအဆုံး ရေဒီယိုနားက မခွာနိုင်ကြဘူး။
အိုးစည်ဗုံမောင်းတွေနဲ့သန့်ရှင်း တည်မြဲ ကွဲပြီးတဲ့နောက် အိမ်စောင့်အစိုးရက ကျင်းပပေးတဲ့ ရွေးကောက်ပွဲကျတော့လည်း မဲရေတွက်ကြတဲ့ ရန်ကုန်မြို့တော်ခန်းမကြီးပေါ်က တညလုံး အနိုင်အရှုံးစာရင်းတွေကို တိုက်ရိုက် လွှင့်ပေးနေတော့ တနိုင်ငံလုံး မအိပ်ဘဲ စောင့်နားထောင်ရင်း လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ အားပေးကြတယ်။ မြို့တော်ခန်းမအရှေ့နဲ့ ဆူးလေပန်းခြံကြီးတခုလုံး အပြည့်။ သိန်းနဲ့ချီတဲ့လူအုပ်ကြီးကလည်း တညလုံး မပြန်ကြဘူး။ အိုးစည်ဗုံမောင်းသံတွေလည်း ဆူညံနေတယ်။ ပျော်စရာ အင်မတန်ကောင်းတယ်။
ဖတ်ဖတ်မောကြရသတင်းထောက်တွေဆိုတာလည်း ဖတ်ဖတ်မောနေကြရတယ်။ အနိုင်အရှုံးစာရင်းကို တယောက်တလှည့် တိုက်အရောက် ပြန်ပို့ကြရတယ်။ ခုခေတ်လို လက်ကိုင်ဖုန်းဆိုတာ မပြောနဲ့ လိုင်းဖုန်းတောင် ဖောဖောသီသီ မရှိသေးတဲ့ခေတ်ဆိုတော့ လူကိုယ်တိုင်ပဲ ပြေးကြလွှားကြရတယ်။ တချို့က ဆိုင်ကယ်နဲ့၊ တချို့က ဂျစ်ကားနဲ့။ တချို့ကျတော့လည်း စက်ဘီးနဲ့။ ပြေးရ၊ လွှားရ၊ မောကြရပေမယ့် ပျော်ကြတယ်။ စာဖတ်ပရိတ်သတ် ပြည်သူလူထုသိချင်တာတွေကို ချက်ချင်းသိအောင် လုပ်ပေးနိုင်ကြတာကိုး။
ပရဟိတစိတ်ရှိမှသတင်းစာသမားဆိုတာက ချမ်းသာနိုင်တဲ့ အလုပ်မျိုးမဟုတ်ဘူး။ စာရေးဆရာလို တိုင်းသိ၊ ပြည်သိ နာမည်ကျော်ကြားတာမျိုးလည်း မရှိဘူး။ အခန့်မသင့်ရင် တရားစွဲခံရ၊ ထောင်ကျခံရ ဖြစ်တတ်သေးတယ်။ ဒါတောင် သတင်းအလုပ်တခါလုပ်မိရင် တခြားဘယ်အလုပ်မှ မလုပ်ချင်တော့ဘူး။ သတင်းမှ သတင်းဖြစ်နေအောက်ကို ‘စွဲ’ တတ်တာ။
အများပြည်သူရဲ့ဆန္ဒကို ချက်ချင်းလက်ငင်းပြည့်အောင် ဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့် ဒါလောက် ‘စွဲ’ နေကြတာလို့ ထင်တယ်။ အများအကျိုးဆောင်ရွက်တဲ့ ပရဟိတစိတ်မျိုး မရှိရင် သတင်းသမားလုပ်နိုင်မှာ မဟုတ်ဘူး။
တာဝန်ကျေ မကျေ သိကြရမယ်မကြာမီ လွှတ်တော်တွေ စတင် အသက်ဝင်တော့မှာဖြစ်တော့ သတင်းသမားတွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြတော့မယ်။ မဲပေးခဲ့ကြတဲ့ ပြည်သူများအတွက်လည်း မိမိတို့ မဲပေးရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေ တာဝန်ကျေ မကျေဆိုတာ သတင်းမီဒီယာတွေကတဆင့် သိနိုင်ကြတော့မယ်။
မဲဆန္ဒရှင်ပြည်သူတွေက သူတို့ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ သတင်းမီဒီယာတွေက တဆင့် အမြဲတမ်းစောင့်ကြည့်နေကြပြီး လိုအပ်ရင် လိုအပ်သလို မေးခွန်းတွေထုတ်နေကြမှာ ဖြစ်လို့ပဲ။
ဦးထိပ်ပန်ဆင်ကြပါတီစုံ နိုင်ငံရေးလမ်းကြောင်းမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ ပိုပြီးကျယ်ပြန်လာသလို ပိုလည်း တာဝန် ကြီးမားလာတယ်။ ဒီတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် တင်းပြည့်ကျပ်ပြည့် သတင်းသမားပီသသူတွေ များများရှိဖို့ လိုအပ်တယ်။ လူငယ်တွေ ကျင့်ဝတ်ပိုင်းနဲ့ စိတ်ဓာတ်ပိုင်းကို အထူးအလေးထား ပြုစုပျိုးထောင်ကြဖို့ အရေးကြီးတယ်။
လူငယ်တွေကိုယ်တိုင်ကလည်း သတင်းအလုပ်ကို တိုင်းကျိုးပြည်ကျိုးဆောင် အလုပ်တခုအဖြစ် သဘောထားပြီး သတင်းသမားကျင့်ဝတ်ကို ဦးထိပ်ပန်ဆင်ကြပါလို့ နှိုးဆော်လိုက်ချင်ပါတယ်။
True News ဂျာနယ် (ဇန်နဝါရီ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်)