သူတို့က ၂ ယောက်အတူ အိပ်ကြမယ့်ပုံပဲ။ ကျန်ရဲဘော် ၂ ယောက်က ဆက်ထွက်သွားတယ်။ ကျနော်ကလည်း မြေပေါ်မှာပဲ ပလပ်စတစ်စကိုခင်းပြီး ပါလာတဲ့လွယ်အိတ် ခေါင်းအုံးကာ အိပ်ချလိုက်ပါတယ်။ ခဏပါပဲ။ အောက်က ခိုးလိုးခုလု ကျောက်စရစ်ခဲလေးတွေကြောင့် ထထိုင်ကာ ပလပ်စတစ်စ ခွာ၊ မြေပြင်ပေါ်က ကျောက်စရစ်ခဲလေးတွေ လက်နဲ့ စမ်းစမ်းပြီး လှဲထုတ်ပစ်ရပါတယ်။
အေးကလည်း အေးလာပြီမို့ လွယ်အိတ်ထဲက အပိုဝတ်စုံတစုံနဲ့ တိုက်ပုံကို ထပ်ဝတ်ပြီးမှ ပျော်အောင်အိပ်ပါတယ်။ ပင်ပန်းလာတာကလည်း တကြောင်း။ စားလာတဲ့ ထမင်းကလည်း များ၊ ပူပန်လာတဲ့ စိတ်ကလည်း ပြေပျောက်သွားပြီမို့ ခဏတော့ အိပ်ပျော်သွားမိတယ်။ အအေးဒဏ်ကြောင့် ပြန်နိုးလာ။ ကွေးပြီး တခါထပ်အိပ် လုပ်နေရပါတယ်။
ခြေသံတချို့နဲ့ စကားအုပ်အုပ်ပြောသံတွေ ကြားလိုက်ပါတယ်။ ဒါပေမယ့် ခေါင်းက မူးဝေနေပြီဖြစ်လို့ ဆက်အိပ်ပစ်လိုက်ပြန်တယ်။ ဘယ်လောက်ကြာတယ် မသိ။ လူက နွေးသလိုလိုဖြစ်လာလို့ ဇိမ်တွေ့နေစဉ် ကျယ်လောင်တဲ့ အသံကြီးတသံ စူးစူးဝါးဝါး ပေါ်ထွက်လာပါတယ်။
“အောက် အီး အီး အွတ်” တဲ့။ ကျနော် ရုတ်တရက် ထထိုင်လိုက်မိတာကို ဘေးနားက ရဲဘော်တွေ ဝါးခနဲ ရယ်လိုက်ကြပါတယ်။ ကျနော့်ကိုယ်ပေါ်မှာ နောက်ထပ် ပလပ်စတစ်စတစနဲ့ ပုဆိုးတထည် လွှမ်းထားတာလည်း တွေ့လိုက်ရတယ်။
ရခိုင်ရဲဘော်တွေက မီးဖိုမှာ ဝိုင်းထိုင်နေကြတယ်။ မကြာလိုက်ပါ။ ဝါးကျည်တောက်နဲ့ချက်တဲ့ ထမင်း။ ခေါင်းရင်းကနေ သွားကာနီး ဟစ်ကြွေးအချက်ပေးသွားတဲ့ ကြက်သားဟင်းနဲ့ အဝတုတ်ပစ်လိုက်ကြတယ်။
ခရိုင်တပ်စခန်းဆီ ခေါ်သွားမယ် တဲ့။ ဒီနေ့ခရီးကတော့ အပူအပင် မရှိ၊ တက်ကြွစရာအတိ ဖြစ်နေပါတယ်။ ချောင်းလေး မြောင်းလေးတွေ ဖြတ်လိုက်။ တောင်ကုန်းကလေးတွေ တက်လိုက်။ လျှိုတွေကြား ဆင်းလိုက်နဲ့ နောက်ဆုံး စခန်းတခုဆီ ရောက်သွားပါတယ်။
ခရိုင်တပ် နိုင်ငံရေးမှူးက ရဲဘော်စောထွန်းဦး။ တပ်မှူးက ရဲဘော်ကျော်မောင်ပါ။ ရေနွေးဝိုင်းဖွဲ့ရင်း တနေ့ခင်းလုံး စကားပြောကြပါတယ်။ သူတို့က ဗမာနားလည်နိုင်လောက်အောင် အသံထွက်တတ်ပါတယ်။ ကျနော်ပြောတာကိုလည်း လုံးစေ့ ပတ်စေ့ နားလည်ပါတယ်။ ကျွန်းပြန်ရဲဘော်တွေ ရှိကြောင်း၊ တပ်၊ ဒေသအသီးသီးမှာ ပြန့်နှံ့ရောက်နေကြကြောင်း၊ တခြား ဗမာရဲဘော်တွေလည်း ရှိကြောင်း၊ ဖော်ပြချက်တွေကောင်းကြောင်း၊ အားထားရကြောင်းတွေ မိတ်ဆက်ပေးလို့ အားတက်မိပါတယ်။
နောက်တနေ့ သူတို့စခန်းမှာ မမေ့နိုင်စရာ အကွက်တကွက် ကြုံရပါတယ်။ မနက်စာစားကြတော့ ဟင်းက အရည်သောက် တောဟင်းတခွက်တည်းပါ။ တပ်မှူး၊ နိုင်ငံရေးမှူးနဲ့ ကျနော်က တဝိုင်းခွဲစားရပါတယ်။
ထမင်းပန်းကန်ဝက်လောက်ကုန်တော့ ရဲဘော်ကျော်မောင် သုတ်ခနဲ ထသွားပါတယ်။ ပြန်လာတော့ လက်ထဲမှာ ကြက်သွန်ဖြူဥတလုံး။ သူက ၂ မြှောင်းစီ ခွဲပေးပါတယ်။ ဘာပဲပြောပြော ကျန်ထမင်းကိုတော့ လျှောခနဲ ဝင်သွားတာ အမှန်ပါ။ ဆရာကြီးရွှေဥဒေါင်းလေနဲ့ ပြောရရင် “ကျွန်ုပ်၏တသက်တာတွင် မမေ့နိုင်သော စားပွဲသောက်ပွဲကြီးပါတည်း”။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment