Wednesday, February 16, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၁၀

ထိုစခန်းတွင် ၃-၄ ရက်ပဲ နေခဲ့ရပါတယ်။ ကျနော့်ကိစ္စ သူတို့ မဆုံးဖြတ်နိုင်။ ပြည်နယ်ကော်မတီ ရဲဘော်ကြီးထွန်းလှအောင် စခန်းသို့ ပို့ပေးပါတယ်။ ကျနော် ဘယ်တော့မှ မေ့နိုင်တော့မယ်မဟုတ်တဲ့ ရဲဘော်ကြီးပါ။ တုတ်တုတ်ခိုင်ခိုင်၊ ရိုးရိုးအေးအေး၊ ကြင်ကြင်နာနာရှိလှတဲ့ ခေါင်းဆောင်တယောက်ပါ။ အသက် ၆ဝ လောက်ရှိပါမည် (ကွယ်လွန်သွားခဲ့ပါပြီ)။

အရိပ်အာဝါသကောင်းလှတဲ့ သစ်ပင်ကြီးတပင်ဟာ သူ့ရဲ့ရုံး၊ သူ့ရဲ့အိမ်ပါပဲ။ သူ့ဇနီးနဲ့ ဆယ်ကျော်သက်ရွယ် မောင်နှစ်မ ၂ ယောက်က သစ်ပင်ခြေရင်း မလှမ်းမကမ်းမှာ ဖျာတချပ်ခင်း အိပ်ရတယ်။ ကျနော်နဲ့သူက သစ်ပင်ပင်စည်ကို ခေါင်းပြုပြီး ဖျာတချပ်စီနဲ့ အိပ်ကြပါတယ်။ ရဲဘော် ၁၅-၂ဝ လောက်ကို ကျန်သစ်ပင်တွေအောက်မှာ သင့်သလို ဖြန့်ချထားပါတယ်။

ကျနော့်အခြေအနေကို အစီရင်ခံပြီးတဲ့နောက် ကျနော့်ဆန္ဒကို မေးပါတယ်။ ကျနော်က တကွဲတပြား ပြေးနေရတဲ့ မြို့ပေါ်က ရဲဘော်တွေ ပြန်ရှာရဦးမယ်။ တွေ့တာနဲ့ လွတ်ရာကို ပို့ပေးချင်တာပဲလို့ အဖြေပေးလိုက်ပါတယ်။ သူက …


“စည်းရုံးရေးအရ ဆိုင်တာက အရှေ့မြောက်စစ်ဒေသပဲ။ လမ်းကြောင်းပေးလိုက်ပါမယ်” လို့ အာမခံပါတယ်။

ဒီအချိန်မှာ အရှေ့မြောက်စစ်ဒေသက ရဲဘော် ၂ ဦး ရခိုင်ပါတီကို ရောက်နေပါတယ်။ မလှမ်းမကမ်းမှာ မြင်နေမိပေမယ့် အရှေ့မြောက် စစ်ဒေသကမှန်း မသိ။ ဒေသခံမဟုတ်မှန်းတော့ ပုံပန်းကြည့်မိတာနဲ့ သိလိုက်ပါတယ်။ ကျနော့်ကိုလိုက်ပို့တဲ့ ရဲဘော်လို မြို့ပေါ်က UG ဆက်သားလို့ပဲ အောက်မေ့ထားတာကလား။

ရဲဘော်ထွန်းလှအောင်က ကျွန်းပြန် ရဲဘော်အောင်ထီ ပြောင်ပြောင်မြောက်မြောက် ကျဆုံးသွားပုံ ပြောပြပါတယ်။ တွေ့ရလိမ့်မယ်ထင်ထားတဲ့ ရဲဘော်တယောက် မရှိတော့ပါ။ ကြယ်သီးလေးတလုံး မပေးလိုက်မိတဲ့ ရဲဘော်ပါ။

တပတ်လောက်နေအပြီး ကျနော့်ကို တပ်ဖွဲ့ငယ်တဖွဲ့က ခရိုင်ရုံးကို လိုက်ပို့ပေးပါတယ်။ လမ်းမှာတော့ ပါးစပ်စိုစို စားသွားရပါတယ်။ ငါးပေါတဲ့အရပ်မို့ ကိုယ်တိုင်ရှာတာရော ရွာတွေဝင်ပြီး ငရုပ်၊ ကြက်သွန်၊ ဆီနဲ့ တခြားဟင်းမယ် ဝင်ဝယ်တာရော ဆိုတော့ ဝင်လာကာစကလို မငတ်ရပါ။ ငှက်ပျောအူတွေကလည်း ပေါမှပေါ။

လျှိုတခုအတိုင်းလိုက်သွားပြီး ချောင်ကျကျ ခပ်မြင့်မြင့်တနေရာမှာ ခရိုင်ရုံးကို တွေ့ရပါတယ်။ အရံဗဟိုကော်မတီ ဦးရဲထွန်း ရုံးထိုင်ပါတယ်။ ဝက်တကောင် ပေါ်ထားချိန်နဲ့ တိုက်ဆိုင်နေတာမို့ ခရီးပန်းပန်းနဲ့ အားရပါးရ လွေးမိပါတယ်။

ရုံးက ရုံးနဲ့တူပါတယ်။ ပျားပန်းခတ် အလုပ်ရှုပ်နေတာ တွေ့ရတယ်။ လက်နှိပ်စက်သံ တဖျောက်ဖျောက်နဲ့ ရိုက်သူ က ရိုက်၊ စာကူးစက်နဲ့ ကူးသူကူး၊ တပ်အသီးသီး နေရာအသီးသီး ပို့သူပို့နဲ့ အားရစရာကောင်းပါတယ်။ ဝင်အလုပ် လုပ်ချင်စိတ်တောင် ပေါ်လာလိုက်သေးတယ်။

တကယ်က ပြည်နယ်ကြီးတခုလုံးကို ဒီနေရာကနေ ဝါဒဖြန့်၊ ဒီနေရာကနေ စည်းရုံးရေးလုပ်နေတာပါ။ ရဲဘော်တွေရဲ့ စနစ်ကျမှုနဲ့ တက်ကြွမှုတွေကို မြင်ရတော့ လေးစားဂုဏ်ယူစိတ်တွေ ပေါ်နေမိတယ်။
 ရဲဘော်အောင်ထီ အသက်ပေး ကာကွယ်သွားခဲ့တဲ့နယ်မြေကို ကျနော် သံယောဇဉ်တွယ်နေမိပါပြီ။

ကျနော့်ကို အတွင်းရေးမှူး ဦးကျော်မြနဲ့တွေ့ပေးဖို့ ဦးရဲထွန်းက စီစဉ်ပါတယ်။ ရဲဘော် ၃ ယောက်နဲ့ ထွက်လာပြီး တတောဝင် တတောတိုး တရွာဆက်နဲ့ နာနားနေနေ သွားရတဲ့ခရီးပါ။ ရွာတရွာမှာ သတင်းတခု ရပါတယ်။ ရန်သူ့ထိုးစစ် ဝင်နေတယ် တဲ့။ နောက်ကြောင်းလှည့်လို့လည်း မဖြစ်။ စိမ့်စမ်းအသွယ်သွယ် ခရီးကို ဆက်သွားနေရပါတယ်။

သွားရင်းသွားရင်းက တောတွင်းတနေရာမှာ ရဲဘော်တသိုက်နဲ့ ဘွားကနဲ သွားတွေ့မိကြပါတယ်။ ဒီအထဲမှာ ကျွန်းပြန် ရဲဘော် ကိုကံမြင့် ပါလာပါတယ်။ အားရဝမ်းသာ နှုတ်ဆက်မိကြရင်းက သူ့မျက်နှာ ညှိုးကျသွားပါတယ်။

နောက်မှ “ကျောက်ပိုး (ရဲဘော်အောင်ထီ)တော့ မရှိတော့ဘူး” လို့ ပြောထွက်လာပါတယ်။ ကျနော်က သိပြီးဖြစ်ကြောင်း၊ ခု ဘယ်ကလာသလဲ မေးလိုက်မိတယ်။ ရန်သူ့ထိုးစစ်ဝင်လာလို့ စိတ်ချရအောင် အတွင်းရေးမှူးစခန်းကို နေရာသွားရွှေ့ပေးတာ တဲ့။

ကျောက်ဖျာကြီးတချပ်အပေါ်ထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြတယ်။ နောက် သူတို့တပ်နဲ့ပဲ ပြန်လိုက်လာခဲ့ကြတယ်။ နောက်ဆုံးတော့ ရဲဘော်ထွန်းလှအောင်ရဲ့ရုံး သစ်ပင်ကြီးအောက် ပြန်ရောက်သွားပါတယ်။ သူက ကျနော့် အပြန်ခရီးအတွက် အလေးအနက် စီစဉ်ပါတယ်။

ညနေခင်းတွေမှာ ရဲဘော်တချို့ ဝိုင်းဖွဲ့ပြီး ခြင်းခတ်ကြပါတယ်။ ဒီအထဲက ထောင်ထောင်မောင်းမောင်းနဲ့ တယောက်ကို သတိထားမိတယ်။ ရန်သူ့ဆီက သိမ်းရတဲ့ ၄ဝ မမ ကိုင်ရသူ တဲ့။ ကျနော် စခန်းကမထွက်မီ သူ လက်နက်ချသွားပါတယ်။ ဒါကြောင့် ရန်သူက လူစိမ်း ၃ ယောက် ဦးထွန်းလှအောင်ဆီ ရောက်နေကြောင်း သိသွားပါတယ်။

ပြန်ထွက်ကြလိမ့်မယ်ဆိုတာလည်း ခန့်မှန်းနိုင်ပြီပေါ့။ (နောက်မှသိရတာက) လေဆိပ်၊ ရေဆိပ်တွေမှာ တင်းတင်းကျပ်ကျပ် စောင့်ပါတယ်။ ကျောက်ဖြူလေဆိပ်မှာ အရှေ့မြောက်ကလာတဲ့ ရဲဘော်သန်းမောင်နဲ့ အရှေ့မြောက်လိုက်မယ့် ရဲဘော်တယောက် အဖမ်းခံလိုက်ရတယ်။ အရှေ့မြောက်က လာသူတယောက်က ကပ်လွတ်သွားတယ်။ ဒါတွေက ဇာတ်ပေါင်းမှ သိရတာတွေပါ။

ဆက်လက်ဖော်ပြပါမည်။

No comments: