Sunday, February 20, 2011

လူကြီးသူမများရဲ့ ဆုံးမစကား (လူထုစိန်ဝင်း)

အခုတလော စာရေးဖို့ စားပွဲမှာသွားထိုင်တိုင်း ဒေါ်ဒေါ့်(လူထုအမေမာ)ကို ပြေးပြီးသတိရနေမိတယ်။ ဒေါ်ဒေါ့်အသံကိုလည်း နားထဲမှာ ကြားယောင်နေတယ်။ ဒေါ်ဒေါ်က အသက်ကြီးလာလေလေ သံယောဇဉ်ကြီးလေဖြစ်ပြီး သူ့ဆီကို နေ့စဉ်လိုလို ဖုန်းဆက်စေချင်တယ်။

ဆရာတွေကိုသာလွမ်း

ဖုန်းပြောရင် မောမှာစိုးလို့ တခါတလေ အမေ့ကောင်းပြီး မဆက်ဘဲနေလိုက်ရင် သူက ကောက်ဆက်တော့တာ။ ဆက်တဲ့အခါတိုင်းလည်း "စာရေးတဲ့အခါ သတိထားရေး၊ ကိုယ်က စေတနာနဲ့ရေးပေမယ့် ဝေဒနာဖြစ်သွားတတ်တယ်။ ဘာအကြောင်းရေးရေး သူတပါး နားခံသာအောင် ပျော့ပျော့ပျောင်းပျောင်းနဲ့ ချိုချိုသာသာရေး" လို့ အမြဲဆုံးမလေ့ရှိတယ်။


အသက်ကြီးလာတော့ စိုးရိမ်စိတ်လည်း ပိုကြီးလာတယ်။ အခုတော့ အဲဒီလိုဆုံးမမယ့်သူ မရှိတော့ဘူး။ ကိုယ်တိုင်က သက်ကြီးတန်း ဖြစ်နေပြီ။ ဒါပေမယ့် ဆုံးမတာ ခံချင်သေးတယ်။ ဦးကြီး(ရွှေဥဒေါင်း)၊ ဦးလေး(လူထုဦးလှ)နဲ့ ဒေါ်ဒေါ်တို့ကို လွမ်းလိုက်သတိရလိုက်တာ။

ကျားမြီးဆွဲရမှာထက်ကြောက်

ဦးကြီးရွှေဥဒေါင်းက စာရေးတဲ့အခါ အဆွဲအငင်အသတ်တွေ တိုနန့်နန့်နဲ့ မပီမသဖြစ်နေရင် အမြဲတမ်း ဆူလေ့ငေါက်လေ့ ရှိတယ်။ သူ့စာလည်း လိုက်ရေးရသေး၊ နေ့တိုင်း အငေါက်အငမ်းလည်း ခံရသေးဆိုတော့ ငယ်စဉ်ကဆိုရင် သူ့အနားသွားရမှာ ကျားမြီးဆွဲရမှာထက်တောင် ကြောက်သေးတယ်။ အခုတော့လည်း အမြဲတမ်းလို သတိရနေမိတယ်။

ဦးလေးလှကတော့ ဦးကြီးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်။ အောက်သားဖြစ်ပေမယ့် အပြောအဆို၊ အနေအထိုင်၊ အစားအသောက်၊ အမူအကျင့်အားလုံး မန္တလေးသားတွေထက်တောင် ယဉ်ကျေးသိမ်မွေ့တယ်။ သားသမီးတွေနဲ့ တပည့်သားမြေးတွေကိုတောင် ဆူတယ်ငေါက်တယ် မရှိဘူး။ "မင်းသားတွေ၊ မင်းတူတွေကို ကြည့်ပြောဦး" ဆိုတဲ့စကားဟာ ဦးလေး အလွန်ဆုံး ပြောတဲ့စကားပဲ။

ရင့်သီးကြမ်းတမ်းတဲ့စကားမသုံး

စာရေးတဲ့အခါမှာလည်း ဦးလေးက သိမ်မွေ့ယဉ်ကျေးတာပဲ။ စကားလုံးရင့်ရင့်သီးသီးဘယ်တော့မှမသုံးဘူး။ မင်္ဂလာမရှိတဲ့ အသုံးအနှုန်းမျိုးလည်း ဘယ်တော့မှ သတင်းစာထဲမှာ မပါစေရဘူး။ 'မိုးခေါင်လို့ လယ်သမားတွေ ဒုက္ခရောက်နေကြတယ်' လို့ ကျွန်တော်တို့ အယ်ဒီတာတွေက ရေးလိုက်မိရင် ဦးလေးက ဒုက္ခဆိုတဲ့စကားအစား အခက်အခဲနဲ့ ရင်ဆိုင်နေကြတယ် လို့ ပြင်ပေးလိုက်တယ်။

မုဒိမ်းကျင့် ဆိုတဲ့ စကားလည်း ဦးလေးက သိပ်စက်ဆုပ်တယ်။ လူထုသတင်းစာမှာ ဘယ်တော့မှ မသုံးစေရဘူး။ အဲဒီလိုသတင်းမျိုးလည်း ဘယ်တော့မှမထည့်ဘူး။ ဆက်စပ်အကြောင်းရှိလို့ မတတ်သာဘဲ ထည့်ရတဲ့အခါမျိုး (ဥပမာ ပြူစောထီးဗိုလ်က ရွာသူတဦးကို ခင်ပွန်းမရှိခိုက် အနိုင်ကျင့်တဲ့သတင်းမျိုး) မှာတောင် ကြမ်းတမ်းတဲ့စကားလုံးကို မသုံးဘဲ မတော်မလျော်ပြုသည်၊ အနိုင်အထက်ပြုသည် ဆိုတဲ့ စကားမျိုးနဲ့ ရေးစေတယ်။

တည့်တည့်ကြီးမှန်အောင်

ဆရာကောင်းသမားကောင်းများရဲ့ အဆုံးအမအောက်မှာ ကြီးပြင်းခဲ့ရတာဖြစ်ပေမယ့် အခုထိမလိမ္မာသေးတဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဒေါသဖြစ်ရတဲ့အခါတွေလည်း မနည်းလှပါဘူး။ စာရေးတဲ့အခါ ဒေါ်ဒေါ်ဆုံးမသလို သူတပါး နားခံသာအောင် ချိုချိုသာသာရေးမယ့်အစား ပိဿာလေးနဲ့ နံဘေးပစ်သလို တည့်တည့်ကြီး မှန်အောင် ပစ်ထည့်လေ့ရှိတော့ အနာပေါ်တုတ်ကျခံရသူတွေ မခံမရပ်နိုင်ဖြစ်သွားတတ်ကြတယ်။

NGO ဆိုင်းဘုတ်ထောင် လုပ်စားနေကြသူတွေအကြောင်း ထုတ်ဖော်ရေးတော့ ပြည်တွင်းပြည်ပက အဲဒီလိုလုပ်စားနေကြသူတွေ တီကိုဆားနဲ့ တွန့်သလို ထွန့်ထွန့်လူးဖြစ်ကုန်ကြတယ်။

အတင်းအဖျင်း မီဒီယာလုပ်သူတွေ၊ ကြော်ငြာဆောင်းပါးရေး စီးပွားရှာသူတွေ၊ ဖွင့်ပွဲမှန်သမျှလည်တက်ပြီး လက်ဆောင်ယူသူတွေ၊ ကံစမ်းမဲနှိုက်ပေးတာနဲ့ အခမ်းအနားမိန့်ခွန်းခြွေပေးတာကိုပဲ တကယ့် စာနယ်ဇင်းအလုပ်ကြီး ထင်နေသူတွေအကြောင်းတွေရေးတော့ အဲဒီလိုလုပ်စားနေသူတွေက မလိုတမာနဲ့ အောက်ကလိအာ စကားတွေ၊ မကြားတကြား ပြန်ပြောကြတယ်။

နေ့မြင်ညပျောက်

"ကိုယ်ရေးနေလို့လည်း ဘာမှပြောင်းလဲတာ မဟုတ်ဘူး။ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပြီး အေးအေးသာနေပါတော့။ စာတွေရေးမယ့်အစား ဖတ်ချင်တာတွေသာ ဖတ်နေစမ်းပါ" ဇနီးသည်ရှိစဉ်က မကြာခဏ အဲဒီလိုပြောလေ့ရှိတယ်။ သူကလည်း ကိုယ့်ကျန်းမာရေးကြောင့် စိုးရိမ်တာကိုး။

ဒါပေမယ့် သေမလိုဖြစ်လို့ ဆေးရုံတက်ရတဲ့ကိုယ်က ကျန်ရစ်ပြီး အကြာကြီးနေရလိမ့်ဦးမယ်ထင်ထားတဲ့ သူက ကွယ်လွန်သွားရှာတယ်။ လူ့ဘဝဆိုတာ ဘာမှသေချာရေရာတာ မဟုတ်ဘူး။ အသက်အိုးအိမ် စည်းစိမ်ချမ်းသာတွေ၊ ရာထူးအာဏာတွေ၊ ဂုဏ်သတင်း ကျော်စောခြင်းတွေ၊ ချီးမွမ်းကဲ့ရဲ့ဆိုတာတွေ အားလုံး ရေပွက်ပမာ တသက်လျာတည်း' ဆိုသလို နေ့မြင်ညပျောက်တွေချည်း မဟုတ်ပါလား။

ဘာလုပ်ရမှာလဲ

အလိမ္မာဖက်ပြီး လောကီသားတိုင်း လိုချင်မက်မောတဲ့အရာတွေ စုဆောင်းနေလို့ ဒီအသက်အရွယ်ကျမှ ဘာလုပ်ရတော့မှာလဲ။ ပြင်သစ်က နာမည်ကျော် စားဖိုမှူးကြီးကိုယ်တိုင် လာချက်ကျွေးလည်း ပန်းကန်တဝက်ထက်ပိုပြီး မစားနိုင်တော့ပါဘူး။ ပုပ်ရဟန်းမင်းကြီးက မာသာထရီဇာကို လက်ဆောင်ပေးတဲ့ ရိုးလ်ရွိုက်စ်ကားကြီးမျိုး လက်ဆောင် လာပေးလည်း အိမ်ပေါ်က အိမ်အောက်တောင် မဆင်းနိုင်တော့တာ ဘာလုပ်ရမှာလဲ။

ဒီခေတ် မြို့သားလူလည်တွေလို ဆိုင်းဘုတ်ထောင်ပြီး ဒေါ်လာရှာတာများ ဘာခက်လို့လဲ။ ဒါပေမယ့် ဒီအသက်အရွယ်ရောက်မှ လူတကာကို မျက်နှာချိုသွေးပြီး ခြေထောက်လိုက်ဖက်နေရတာ ဘာလုပ်ဖို့လဲ။ သေရာပါသွားတာမှ မဟုတ်တာပဲ။ ကျန်ရစ်တဲ့ ကိုယ့်သားသမီးတွေလည်း ကိုယ့်ကြောင့်လက်ညှိုးထိုးခံရပြီး လူတောမတိုးတဲ့ဘဝ မရောက်စေချင်ပါဘူး။

ဒေါသမချုပ်နိုင်သေး

လူကြီးသူမများ အဆုံးအမကြောင့် လူကျင့်ဝတ်ကို ခါးဝတ်ပုဆိုးလိုမမြဲနိုင်ပေမယ့် အတော်အသင့်တော့ ဆင်ခြင်နိုင်တယ်။ ဒါပေမယ့် တခါတခါ ထောင်းကနဲ ထောင်းကနဲ ထွက်လာတတ်တဲ့ဒေါသကိုတော့ ခုထိ မချုပ်ထိန်းနိုင်သေးဘူး။

အထူးသဖြင့် ကြောင်ဖြူတာ မည်းတာက အရေးမကြီးဘူး ကြွက်မိဖို့သာလိုရင်းပဲ ဆိုတဲ့ ဘယ်သူသေသေ ငတေမာပြီးရော လူစားမျိုးတွေနဲ့ အိုဘားမားလို ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်မူ ဘာတခုမှမရှိဘဲ ပေါ်ပြူလာဖြစ်ရင်ပြီးရော ဆိုပြီး လူတိုင်းကို မျက်နှာချိုလိုက်သွေးနေတဲ့ လူစားမျိုးတွေရဲ့ လုပ်ရပ်တွေကို မြင်တိုင်းဒေါသက ခေါင်းပြူပြူလာလေ့ရှိတယ်။

အာဖဂန်နစ္စတန်က မူလတန်းကျောင်းကလေးပေါ်ဗုံးကြဲချလို့ ကလေးတွေ အတုံးအရုံးသေကြရတဲ့ သတင်းတွေ ဖတ်ရတဲ့အခါမျိုးမှာလည်း ဒေါသက ထောင်းကနဲ ထွက်လာတယ်။ ကမ္ဘာကြီးတခုလုံးကို ကယ်တင်နေတဲ့ ကယ်တင်ရှင်ကြီးများသဖွယ် အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး လိမ်ညာနေတာတွေ ကြားရတဲ့အခါမှာလည်း နားကလောပြီး ဒေါသက ဝုန်းကနဲ ထလာတတ်တယ်။

ကျွဲပါးစောင်းတီး

ဒါပေမယ့် ထွက်လာတဲ့ဒေါသကို ချွန်းအုပ်ပြီး လူယဉ်ကျေးစကား ပြောပါ ရေးပါတယ်။ ခက်တာက ကောင်းဘွိုင်တွေက လူကြီးလူကောင်းစကား နားမလည်တာပဲ။ ဘယ်လောက်ပြောပြော ဘယ်လောက်ရေးရေး 'ကျွဲပါးစောင်းတီး' ဆိုသလို ပြောရင်းသာ ပျံတော်မူရမယ့် ကိန်းဆိုက်နေတော့တယ်။

လိမ္မာချင်ပေမယ့်

ရေးလိုက်ရပေမယ့် စိတ်ချမ်းသာတာတော့ မဟုတ်ဘူး။ လူကြီးတွေရဲ့ ဆုံးမစကားက နားထဲမှာပဲ့တင်ထပ်နေတာကြောင့် စိတ်မလုံမလဲ ဖြစ်ရတယ်။ လူလိမ္မာမဖြစ်သေးတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အားမရဖြစ်မိတယ်။ အသက် ၇၀ တန်းရောက်ပြီ ဆိုတော့ လိမ်လိမ်မာမာနဲ့ အေးအေးချမ်းချမ်းနေချင်ပါပြီ။

သရုပ်ဖော်ပန်းချီကောက်ကြောင်း - မင်းကျော်ခိုင်

http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။

1 comment:

ဘုန်းကျော် said...

ဟုတ်တော့လည်း ဟုတ်သားပဲ။ အသက် (၇၀) လောက်ပဲရှိသေးတဲ့ ဦးစိန်ဝင်းက ဒီလိုအတွေးမျိုးရှိပေမဲ့...အသက် (၇၇) ရှိပြီးဖြစ်တဲ့ ဦးသန်းရွှေကကော....။

ဘာပဲဖြစ်ဖြစ် သူ့စာတွေဟာ ရင်ဘတ်ထဲက လာတဲ့စာတွေဖြစ်ပါတယ်။